ဘောလုံး

 

ဘောလုံးအားကစားကို တစ်ခေတ်ဆန်းပြောင်းလဲစေခဲ့သော ကစားသမား ၂၅ ယောက် ( အခန်းဆက် ဆောင်းပါး အပိုင်း ၃)



( စာဖတ်ရမတန့်နေစေရန် ယခင်အပတ်မှ နိဒါန်းကိုပြန်လည်ဖော်ပြထားသည်။ )


          အားကစားတစ်ခုကို တစ်ခေတ်ဆန်းစေတယ် ဆိုတာဘယ်လိုဖြစ်မလဲ ။ ဘယ်လိုအရာတွေကြောင့် တစ်ခေတ်ဆန်းတဲ့ ကစားသမားတွေလို့ ခေါ်ဆိုနိုင်တာလဲ လို့မေးလာတဲ့အခါ တိကျသေချာတဲ့ အဖြေရယ်လို့တော့ မရှိနိုင်ပါဘူး။ 


              ဘောလုံးသမိုင်းမှာ ကြီးကျယ်မြင့်မြတ်တဲ့ ကစားသမားတွေကိုလည်း တစ်ခေတ်ဆန်းစေတဲ့၊ နည်းစနစ်ဟောင်းနဲ့ ခေတ်ဟောင်း ဘောလုံးသီအိုရီ ကို တော်လှန်ပစ်ခဲ့တဲ့ ကစားသမားတွေလို့ သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံကျတော့ ကြီးကျယ်မြင့်မြတ်တဲ့ သမိုင်းကြောင်းရှိသူတိုင်းက တစ်ခေတ်ဆန်းခဲ့သူတွေ မဟုတ်ခဲ့တာကိုလက်ခံကြရပါမယ်။


              တစ်ချို့သော တစ်ခေတ်ဆန်းဘောလုံးသမားတွေဟာ နာမည်ကျော်ကြား လူသိများသူတွေ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ သူတို့ရဲ့ တစ်ခေတ်ဆန်းကစားပုံ နဲ့ သီအိုရီတွေကို သူတို့ကိုယ်တိုင်အပါအဝင် လူတော်တော်များများက ဆယ်စုနှစ်တွေကြာအောင် သတိမပြုမိပဲ ရှိတတ်ကြပါတယ်။


                ဘောလုံးလောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့ ကစားသမားတွေအကြောင်း လေ့လာကြည့်တဲ့အခါ အသင့်တော်ဆုံး ၂၅ ယောက်ကိုတွေ့ရပါတယ်။ ဆောင်းပါးမှာပါဝင်တဲ့ ပီလီဟာ လူတိုင်းနဲ့မစိမ်းလှပေမယ့် စာရင်းထဲက တစ်ချို့ကစားသမားတွေဟာ လူသိသိပ်မများလှပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ယခုဆောင်းပါးမှာ ဖော်ပြသွားမယ့် ကစားသမား ၂၅ ယောက်ဟာ ယနေ့ခေတ်ဘောလုံးလောကရဲ့ ကစားပုံ ၊ နည်းစနစ် နဲ့ ဘောလုံးသီအိုရီ တွေကို လမ်းဖောက်ပေးခဲ့တဲ့ ဦးဆောင်သူတွေပဲဖြစ်ပါတယ်။



10.ဘော်ဘီချာလ်တန် (Bobby Charlton)


        ရှေ့တစ်ပိုင်းမှာ အူစီဘီယိုအကြောင်းပြောခဲ့တယ်ဆိုတော့ Sir ဘော်ဘီ့အကြောင်းလည်းထည့်ပြောမှရတော့မယ်ဗျ။ အင်္ဂလန်နဲ့ မန်ယူကစားသမား ဘော်ဘီချာလ်တန်က အူစီဘီယိုနဲ့ ခေတ်ပြိုင်လို့ပြောရမယ်။ သူတို့နှစ်ယောက်ဟာ ၁၉၆၆ကမ္ဘာ့ဖလားရဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ပြီး ချာလ်တန်ရဲ့သွင်းဂိုးနဲ့ အင်္ဂလန်တို့ ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။


         ဒီကမ္ဘာ့ဖလားကိုတော့ အင်္ဂလန်တို့အရယူနိုင်ခဲ့ပြီး ဒါဟာအင်္ဂလန်အတွက် ပထမဆုံးနဲ့ နောက်ဆုံးကမ္ဘာ့ဖလားလည်း ဖြစ်ပါတယ်။ အဲ့ဒီနွေရာသီမှာတော့ ဘောလုံးအားကစားရဲ့ အမြင့်ဆုံးဆုတံဆပ်ဟာ အဲ့ဒီအားကစားရဲ့ မူရင်းအိမ်ကို အရောက်ပြန်သွားခဲ့ပြီး ချာလ်တန်က ဒီအိမ်ပြန်ခရီးမှာ အဓိကနေရာကနေ ဦးဆောင်ပေးခဲ့ပါတယ်။



11.ဂတ်မူလာ (Gerd Müller)

   

                     မူလာဟာ ကြံခိုင်မှုအပိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက် မဟုတ်ခဲ့ပေမယ့် သူ့အချိန်တုန်းကတော့ သူကလည်း အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကစားသမားဘဝတစ်လျှောက် ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်အတွက် ကစားပေးခဲ့ရာမှာ သူ့ထက်ကြံခိုင်မှုအားကောင်းတဲ့ နောက်တန်းတွေကို အကြိမ်ကြမ်ကျော်ဖြတ်ပြီး သွင်းယူပြခဲ့ပါတယ်။ 

   

                    ကလပ်ကစားသမားဘဝတစ်လျှောက် ၄၅၃ပွဲမှာ ၃၉၈ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး နိုင်ငံအသင်းအတွက်လည်း ၆၂ပွဲမှာ ၆၈ဂိုးရရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာ တစ်ပွဲတစ်ဂိုးနှုန်းထက် ပိုတဲ့ပမာဏပဲ ဖြစ်ပါတယ်။ မူလာအနားယူသွားချိန်မှာတော့ သူဟာကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၁၄ ဂိုးနဲ့စံချိန်တင်နိုင်ခဲ့ပါတယ်။ဒီစံချိန်ကို ဘယ်သူချိုးသွားလဲ သိချင်နေမယ် ထင်ပါတယ်။ နံပါတ် ၁၂ ကိုဆက်ကြည့်လိုက်ပါ။



12.ရော်နယ်ဒို (Ronaldo Nazario)

  

                      စီရော်နယ်ဒိုမဟုတ်ဘူးနော်။ ဒီတစ်ယောက်က ဒိုကြီးလို့လူများတဲ့ ဘရာဇီးသား ရော်နယ်ဒိုနာဇာရီယို ပဲဖြစ်ပါတယ်။ ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်ပိုင်းတွေမှာ ဘရာဇီးအသင်းက ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးထားခဲ့ပြီး ရော်နယ်ဒိုကလည်း အစွမ်းကုန် တောက်ပခဲ့ပါတယ်။


                        ၁၉၉၄ ကမ္ဘာ့ဖလားမှာ အသက်ငယ်လွန်းတာကြောင့် အရန်ခုံမှာပဲ ကျော်ဖြတ်ခဲ့ရပြီး ၂၁နှစ်အရွယ် ၁၉၉၈ဖလားမှာတော့ အဓိကကစားသမားအဖြစ် ဝင်ရောက်ခြေစွမ်းပြခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ၄ဂိုးသွင်း ၃ဂိုးဖန်တီးပေးခဲ့ပြီး အိမ်ရှင်ပြင်သစ်နဲ့ ဖိုင်နယ်မှာ တွေ့ကြုံခဲ့ပါတယ်။ ဖိုင်နယ်မှာတော့ ကြံခိုင်မှုမပြည့်ဝတဲ့အတွက် ရော်နယိဒိုမပါဝင်နိုင်ခဲ့ပဲ ဇီဒန်းရဲ့ အိမ်ရှင်ပြင်သစ်ကို ၃-၀နဲ့ရှူံးနိမ့်ခဲ့ရပါတယ်။ 


                          ၂၀၀၂ကမ္ဘာ့ဖလားမှာတော့ ဒိုကြီးတို့မကျေပွဲနွှဲခဲ့ပြီး ၈ဂိုးထိသွင်းယူကာ ဘရာဇီးအတွက် ငါးကြိမ်မြောက်ကမ္ဘာ့ဖလားကြီးကို အရယူပေးနိုင်ခဲ့ပါတယ်။ဂျာမနီကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာလည်း အနိုင်ဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးခဲ့ပြီး ကမ္ဘာ့ဖလားစုစုပေါင်းသွင်းဂိုး ၁၅ဂိုးနဲ့  ဂတ်မူလာရဲ့စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။


                          ရော်နယ်ဒိုဟာ ကစားသမားသက်တမ်းတစ်လျှောက် ဘောလွန်းဒေါ ၂ကြိမ်နဲ့ ဖီဖာတစ်နှစ်တာအကောင်းဆုံးဆု ၃ကြိမ်ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။



13.ကန်တိုနာ (Eric Cantona)


                       မန်ယူဂန္ဓဝင် ကန်တိုနာဟာ သူ့ရဲ့ဘောလုံးခြေစွမ်းအပြင် အခြားသော အကြောင်းအမျိုးမျိုးကြောင့် နာမည်ကြီးခဲ့သူလည်းဖြစ်ပါတယ်။ တစ်ချိန်က သူ့ကိုလှောင်ပြောင်နေတဲ့ ပွဲကြည့်စင်ကပရိသတ်ကို အားရပါးရ ခုန်ကန်ခဲ့ဖူးတာကြောင့် ကွန်ဖူးကစ်လို့ နာမည်ကျော်ခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်တွေလည်း ထိခဲ့ပါတယ်။


                     ဒါအပြင် သူရဲ့နာမည်ကျော် ဆိုရိုးတွေကလည်း ဆန်းသစ်တဲ့အမြင်တွေ အများကြီးပါဝင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ၁၉၉၀ခုနှစ်နှောင်းပိုင်း အောင်မြင်မှုတွေဟာ ကန်တိုနာအပေါ်မှာ အများကြီးမူတည်ခဲ့သလို သူရဲ့တမူထူးတဲ့ အတွေးအခေါ်တွေကြောင့်လည်း ဒီစာရင်းထဲထည့်လိုက်ရပါတယ်။



Comments

Post a Comment