Good posture

 ဒီကာလမှာ ကျွန်​တော်တို့​တော်​တော်များများ အိမ်တွင်း​အောင်းပြီး ဖုန်းနဲ့မျက်နှာ မခွာစတမ်းဖြစ်လာကြတယ်။ အဲ့လိုနဲ့ပဲ အဆင်မ​ပြေတဲ့ ကိုယ်​နေဟန်ထား​​တွေနဲ့ ​နေဖြစ်လာကြပါတယ်။ ​ဒါကြောင့် ရေရှည်မှာ ​နောက်​ကျောနာတာ​၊ ​အဆစ်​​ယောင်တာ​၊ အ​ကြောအခြင်တောင့်တင်းတာ​ စတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။


အဆင်ပြေတဲ့ posture တစ်ခုမှာ အဓိကကျတာက ကျောရိုးဖြစ်ပါတယ်။ ပုံမှန်အတိုင်းနေရင် ကျောရိုးမှာ ကွေးနေတဲ့နေရာ သုံးခုရှိပါတယ်။ အဲဒါတွေကတော့ ဇက်၊ ကျောအလယ်ပိုင်းနဲ့ ကျောအောက်ပိုင်းပါ။ posture ကောင်းဖို့ဆိုရင် ဒီသုံးနေရာကို ကွေးနေအောင် ထားဖို့လိုပါတယ်။ ဒါပေမယ့် အလွန်အကျွံမကွေးစေဖို့တော့ သတိပြုရပါမယ်။


ကောင်းမွန်တဲ့ posture နဲ့နေခြင်းအားဖြင့် အရိုးအဆစ်တွေ နေရာတကျရှိစေပါတယ်။ ကျောရိုးအရွတ်အပေါ်ကျရောက်နေတဲ့ တင်းအားတွေကို လျော့ကျစေပါတယ်။ ဒါ့အပြင် ကြွက်သား အသုံးပြုရတာ နည်းသွားတဲ့အတွက် အားသိပ်မကုန်လို့ သိပ်မပင်ပန်းတော့ပါဘူး။ ဒီနေ့မှာတော့ ထိုင်နေချိန်၊ ထနေချိန်နဲ့ လှဲနေချိန်တွေမှာ နေလို့ရမယ့် အနေအထား ကောင်းကောင်းလေးသုံးခုကို ဖော်ပြပေးသွားပါမယ်။


ရပ်နေတဲ့အချိန်မှာဆိုရင် မတ်မတ်ရပ်ပါ။ ပုခုံးကို မတ်ပြီး ခေါင်းနဲ့ တန်းတူထားရပါမယ်။ ခန္ဓာကိုယ် weight အများစုကို ခြေဖနောင့်ပေါ်မှာ အားပြုထားပါ။ ခြေထောက်နှစ်ချောင်းကြား အကွာအဝေးက ပုခုံးအကျယ်အတိုင်း ရှိနေရပါမယ်။ လက်နှစ်ဖက် လွတ်လပ်စွာ လွှဲလို့ရအောင်ထားပါ။ ရှေ့ကနေ ကြည့်လိုက်ရင် ကျောရိုးက တစ်ဖြောင့်တည်းရှိနေပြီး ပုခုံးနဲ့ တင်ပါးဆုံအဆစ်က တစ်တန်းတည်းဖြစ်နေရပါမယ်။


ထိုင်နေချိန်မှာဆိုရင်တော့ တင်ပါးနဲ့ ထိုင်ခုံနောက်မှီ ထိနေရပါမယ်။ မတ်မတ်ထိုင်ပါ။ အပေါ်မှာပြောခဲ့တဲ့ ကျောရိုးသုံးနေရာလုံး ကွေးနေရပါမယ်။ ဒူးကို ကွေးထားပြီး တင်ပါးနဲ့ တစ်တန်းတည်း (သို့) တင်ပါးထက် ပိုမြင့်တဲ့ အနေမှာ ထားပါ။ ထိုင်ခုံက မြင့်နေရင် ခြေတင်ခုံ အသုံးပြုလို့ရပါတယ်။ ခြေမချိတ်ပါနဲ့။ ပြီးတော့ ခြေဖဝါးကို ကြမ်းပေါ်မှာ အပြားလိုက် ချမထားပါနဲ့။ စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်နေချိန်ဆိုရင် ရှေ့ကိုတိုးထိုင်လို့ရပြီး ကြည့်ရအဆင်ပြေအောင် ထိုင်ခုံနဲ့ စားပွဲအမြင့်ကို ချိန်ညှိထားပေးပါ။ လက်မောင်းနဲ့ တံတောင်ဆစ်ကို စားပွဲပေါ်မှာ သက်သောင့်သက်သာတင်ထားပြီး ပုခုံးကိုလည်း သက်သောင့်သက်သာထားပါ။


အိပ်နေချိန်အတွက်ဆိုရင် ပက်လက်ဖြစ်စေ၊ စောင်းပြီးဖြစ်စေ အိပ်လို့ရပါတယ်။ ခေါင်းဦးကို ပုခုံးအောက် မရောက်စေဘဲ ခေါင်းအောက်မှာ ထားသင့်ပါတယ်။ ခေါင်းဦးအမြင့်ကလည်း ပုံမှန်လောက်ပဲ ရှိသင့်ပါတယ်။ ကျောရိုးသုံးနေရာကို ကွေးနေစေဖို့အတွက် ပက်လက်အိပ်နေချိန်မှာဆိုရင် ဒူးအောက်မှာ ခေါင်းဦးတစ်လုံး ထားပေးပါ။ စောင်းအိပ်နေချိန်မှာဆိုရင်တော့ ဒူးကို အနည်းငယ် ကွေးပေးပါ။ ဒူးကို ဝမ်းဗိုက်ထိအောင် ကွေးထားတဲ့ အနေအထားမျိုးနဲ့ မအိပ်ပါနဲ့။ မှောက်ပြီးတော့လည်း မအိပ်ပါနဲ့။ နောက်ကျောနာစေနိုင်တဲ့အပြင် ဇက်အတွက်လည်း မသက်မသာဖြစ်စေနိုင်လို့ပါ။


ဒီအနေအထားတွေက နောက်ကျောနာတတ်တဲ့လူတွေအတွက်သာမက နောက်ကျောမနာအောင် ကြိုတင်ကာကွယ်ဖို့အတွက်လည်း အသုံးဝင်စေမှာပါ။ ဒါတွေကို လိုက်လုပ်ကြည့်လို့ မသက်မသာဖြစ်တယ်၊ ပိုနာလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ အကြံပေးလိုပါတယ်။


Comments

Post a Comment