Marital Problem

  အိမ်ထောင်ရေးနဲ့ စိတ်ခံစားမှု ပြဿနာ 


လူတစ်ယောက်အတွက် 'စိတ်ဝိညာဉ်' ဟာ အရေးပါဆုံးအရာ ဖြစ်ပါတယ်။ လူ့ကိုယ်ခန္ဓာ တစ်ခုလုံးကို ဒီစိတ်ကပဲ မောင်းနှင်ပဲ့ကိုင်နေတာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ပုံမှန်အားဖြင့် ကြည့်လိုက်မယ်ဆိုရင် လူဆိုတာ စိတ်ထဲပျော်နေရင် မျက်နှာအပြင်ပန်းသဏ္ဌာန်က ပြုံးရွှင်နေမယ်။ လုပ်ဆောင်မှုတိုင်းက လန်းဆန်းတက်ကြွနေမှာပါ။ အဲ့လိုမဟုတ်ဘဲ ဘဝမှာ ကံဆိုးမှု တစ်ခုခု ဒါမှမဟုတ် စိတ်မချမ်းမြေ့စရာ၊ ဒေါသထွက်စရာတွေနဲ့ ကြုံလာပြီဆိုရင် မျက်နှာထား သုန်မှုန်တာမျိုး၊ မျက်နှာညှိုးငယ်တာမျိုးနဲ့ သူ့ရဲ့လှုပ်ရှားမှုက လေးလံနှေးကွေးနေတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ ဒီလို ပျော်စရာ၊ ဝမ်းနည်းစရာ၊ အဆင်ပြေမှု၊ အဆင်မပြေမှု စတဲ့အရာတွေနဲ့ စိန်ခေါ်ပြီး အသက်ရှင်နေထိုင်ရတာဖြစ်လို့ အိမ်ထောင်သည်တွေအနေနဲ့ ကိုယ့်အိမ်ထောင်ဖက်ရဲ့ စိတ်ခံစားမှုကို အလေးထားတတ်ဖို့ အရေးကြီးလှပါတယ်။ 


တစ်နေ့ ကျွန်တော့်သူငယ်ချင်းက "ငါ့မိန်းမရဲ့ စိတ်ကို ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူးကွာ"လို့ ညည်းညူလာပါတယ်။ ကျွန်တော့် သူငယ်ချင်းတို့ ဇနီးမောင်နှံမှာ သားသမီးငါးယောက်ရှိပြီး သူငယ်ချင်းကလည်း စီးပွားရေးအဆင်ပြေ၊ ကိုယ်ပိုင်အိမ်နဲ့ ကားနဲ့ ဆိုတော့ အားကျစရာ၊ ပျော်စရာ မိသားစုကမ္ဘာလို့ပဲ ထင်မြင်မိပါတယ်။ 


" ငါ့မိန်းမက ငါ့ကို တခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ချင်နေတယ်လို့ သူ့စိတ်ထဲ ထင်နေတာ။ ငါက အလုပ်ပိတ်ရက်ဆိုရင် အမျိုးတွေ အကူအညီလိုလာရင် လိုက်ကူညီပေးရတာမျိုး ရှိတတ်တယ်။ သူများ အကူအညီတောင်းလာရင် ငါအားနေရဲ့သားနဲ့ ငြင်းလွှတ်ရမှာ အားနာတယ်ကွာ။ ဆိုတော့ မိန်းမအမြင်မှာ ငါက မိသားစုကို ဂရုမစိုက်တဲ့ လူမှုရေးသမားလုံးလုံး ဖြစ်ရတယ်။ ကြာလာတော့ သူ့ကိုစိတ်ကုန်လို့ မချစ်တော့လို့ ဖောက်ပြန်ချင်လို့ အခုလိုနေနေတယ်ဆိုတဲ့အထိ စွပ်စွဲပြောလာရော။ သူ သမုတ်တဲ့သူတွေကလည်း သူ့အိမ်ထောင်နဲ့သူ တချို့ဆို ကိုယ်ဝန်သည်။ တော်တော် ဆိုးတယ်ဗျာ။ ကျွန်တော့လို ကလေးငါးယောက်အဖေ၊ မိသားစုတာဝန်ကို မနိုင်မနင်း ထမ်းနေရတဲ့သူက တခြားမိန်းမတွေကို စိတ်နဲ့တောင် မပြစ်မှားဖူးပါဘူးဗျာ။ ဘယ်မိန်းမမှလည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မျိုးရိုးကလည်း အဲ့လို ဖောက်ပြန်တတ်တဲ့မျိုးရိုး မဟုတ်ရပါဘူး။ အစကတော့ 'ငါ မဟုတ်ရင် ပြီးတာပါပဲလေ' ဆိုပြီး ပြန်လည်းမပြောဘဲ ငြိမ်ခံနေတာ အဲ့ဒါကို ဟုတ်နေလို့ ငြိမ်ခံနေတာတဲ့ ထပ်တလဲလဲနဲ့ မယုံသင်္ကာစကားတွေပဲ ကြားနေရတော့ သည်းမခံနိုင်တော့လို့ ပြန်ပြောမိရင် 'အနာပေါ် တုတ်ကျပြီ' ဆိုပြီး ရန်လုပ်ခံရပြန်တယ်။ အိမ်မှာနေရင်း တစ်ချိန်လုံး သူ့စိတ်ထဲမှာ ကျွန်တော်က တခြားမိန်းမနဲ့ ဖောက်ပြန်တယ်လို့ သူ့ဟာသူ စိတ်ကူးနဲ့ ဖန်တီးပြီး သူကိုယ်တိုင်ပဲ ပြန်ယုံကြည်နေတာ။ ပတ်ဝန်းကျင်တစ်ခုလုံးက ကျွန်တော် သူစွပ်စွဲသလို ယောက်ျားမျိုးမဟုတ်ဘူးဆိုတာ ယုံကြည်ကြတယ်။ သူတစ်ယောက်တည်းပဲ ကျွန်တော့ကို မယုံတာ။ သူ ယဉ်ယဉ်လေး ရူးနေတာလား၊ စိတ္တဇရောဂါများရနေပြီလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒါတောင် သူက 'စိတ်ပညာ'နဲ့ ဘွဲ့ရထားတာ။ သူကိုယ်တိုင်ကသာ သူ့စိတ်ကို မထိန်းချုပ်နိုင်တာ။ အရာရာကို သူ့စိတ်ခံစားမှုအတိုင်းပဲ လုပ်တယ်။ ပြောဆိုတယ်။ လုပ်သင့် မလုပ်သင့်၊ ပြောသင့် မပြောသင့် ဆိုတာမျိုး သူမစဉ်းစားဘူး။ ကျွန်တော်တို့ အိမ်ထောင်ရေးမှာ အဓိက ပြဿနာဖြစ်နေတာ အဲ့ဒါပဲ။ တစ်ခါတစ်ခါအရမ်းဆိုးလာလို့ ဆေးရုံခေါ်သွားရမလားလို့တောင် စိတ်ကူးဖူးတယ်။ 'ငါ့ကို ရူးနေပါတယ်လို့ပြောပြီး နင်စိတ်တိုင်းကျ ဖောက်ပြန်ချင်လို့ မဟုတ်လား' ဆိုတဲ့ ရန်တွေ့စကားတွေကြားရမှာ ကြိုသိနေတော့ ဘာမှမလုပ်ရဲပြန်ဘူး။ စိတ်ညစ်ညစ်နဲ့ ညတိုင်းအရက်ပဲ ဖိသောက်မိတယ်။ အပြင်မှာတော့ ထွက်မသောက်ပါဘူး။ အရက်တွေမူးအောင်သောက် သူဘာပြောပြော ကြားတစ်ချက်၊ မကြားတစ်ချက်နဲ့ မူးမူးရူးရူးပဲ အိပ်ပျော်သွားတာပါပဲဗျာ။" 


ကျွန်တော့် သူငယ်ချင်းရဲ့ ရင်ဖွင့်စကားတွေကို နားထောင်ပြီး သူ့မိန်းမ အခုလိုဖြစ်နေတာဟာ စိတ္တဇဆေးရုံပို့ရလောက်အောင် ရောဂါသည် ဖြစ်နေတာမျိုး မဟုတ်ဘဲ ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့ 'စိတ်ခံစားမှု ကစဉ့်ကလျားဖြစ်သောရောဂါ' လို့ နာမည်တပ်ရမှာပါ။ ဒီရောဂါက သားသမီးများလို့ အိမ်မှုကိစ္စတွေပိ၊ သားသမီးတွေကို စိတ်တိုင်းမကျလို့ စိတ်ဖိစီးမှုတွေဖြစ်လာ။ ဒီကြားထဲကမှ အားပေး၊ ဖေးမမယ့် ခင်ပွန်းသည်ဆီကနေ ကြင်နာမှုမရ၊ အကြင်နာစကားမရ၊ အိမ်ကိုမခင်တွယ်ဘဲ သူစိမ်းအပေါ်ပဲ ကောင်းတဲ့ သူလို့ မြင်နေရပြန်တော့ သူမခမျာ stress out ပြီး ယောက်ျားကို ဖောက်ပြန် နေတယ်ဆိုတဲ့ တွေးမိတွေးရာ အတွေးကမ္ဘာထဲမှာ စိတ်ခံစားမှုတွေလွင့်မျော နေရတာပါ။ သူမအတွက် လိုအပ်နေတာက ဆေးဝါးတွေမဟုတ်ဘဲ ကြင်ကြင်နာနာနဲ့ ဆက်ဆံဖေးမပေးမယ့် ပတ်ဝန်းကျင်တစ်ခုလိုနေတာပါ။ အဲ့ဒါကို ခင်ပွန်းသည် ကျွန်တော့် သူငယ်ချင်းနဲ့ သားသမီးတွေက ပေးမှပဲ အဆင်ပြေပါလိမ့်မယ်။ ဒါကြောင့် အိမ်ထောင်တစ်ခု သာယာဖို့ဆိုတာ ကိုယ့်အိမ်ထောင်ဖက်ရဲ့ စိတ်ခံစားမှုကို သေချာဖတ်တတ်ဖို့ လိုအပ်လှပါတယ်။ အဲ့လိုဆိုရင် အနာနဲ့ဆေးတည့်အောင် ပေးတတ်သွားပါလိမ့်မယ်။ 


အိမ်ထောင်ရှင်တိုင်း စိတ်ခံစားမှု ရှုပ်ထွေးတဲ့ ပြဿနာတွေကနေ လွတ်ကင်းပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေဗျာ။

Comments

  1. Fa တွေကတော့အေးဆေးပါ😁😁

    ReplyDelete
  2. ဆန္ဒဝတော _ ဆန္ဒ၏ အစွမ်းကြီးမှုကြောင့်၊

    ကိံ နာမ ကမ္မံ _ အဘယ်သို့သော အမှုလုပ်ငန်းကိစ္စမည်သည်၊

    န သိဇ္ဈတိ _ မပြီး၍ မရှိနိုင်

    ReplyDelete

Post a Comment