သင်္ကြန်

သင်္ကြန်ဆိုတဲ့ အခေါ်အဝေါ်ကတော့ သင်္ကန္တ ဆိုတဲ့ သက္ကတဘာသာစကားကနေ ဆင်းသက်လာပြီး သင်္ကြန္တ ၊ သင်္ကြန်ဆိုပြီး ပြောင်းလဲခေါ်ဝေါ်လာတာပဲဖြစ်ပါတယ်။


သင်္ကြန်ဖြစ်ပေါ်လာသည့် ဇာတ်လမ်းနှစ်မျိုးရှိတယ်လို့ ကြားဖူးပါတယ်။

ပထမတစ်ခုကတော့ သကြားမင်းနှင့် ဗြမ္မာမင်းကြီး အငြင်းပွားကြရာ သကြားမင်းက အနိုင်ရပြီး ဗြမ္မာမင်းဦးခေါင်းကို ရခဲ့တယ်ပေါ့။ဒါပေမယ့် ဗြမ္မာမင်းကြီးက တန်ခိုးကြီးတော့ ပင်လယ်ထဲလည်း ပစ်ချလို့ မရ၊ မြေပြင်လည်း ထားလို့ မရ၊ 

လေထဲလည်း ပစ်လို့ မရဘူးတဲ့။ဒီတော့ နတ်သမီး၇ပါးကို တစ်ယောက် တစ်လှည့်ကိုင်ခိုင်းရတယ်။နတ်သမီးတစ်ပါးလက်ကနေ နောက် နတ်သမီးတစ်ပါးလက်ကို ပြောင်းတဲ့ အချိန်ဟာ တစ်နှစ်ကြာပါတယ်တဲ့။အဲဒီအချိန်ကို သင်္ကန္တလို့ ခေါ်တယ်လို့ အဆိုရှိပါတယ်။

အဲဒီအချိန်မှာ သကြားမင်းက လူပြည့်ဆင်းပြီး ကုသိုလ်တရားထွန်းကားဖို့၊သာသနာထွန်းကားဖို့ ဆောင်ရွက်လေ့ရှိတယ်။အကြိုနေ့မှာ ဆင်းပြီး အတက်နေ့မှာ တာဝတိံသာကို ပြန်တက်ပါသတဲ့။ ဒီဇာတ်လမ်းမှာတော့ ရေပက်ကြတဲ့ ယဥ်ကျေးမှု မပါပါဘူး။


ကဲ နောက်ဇာတ်လမ်းတစ်ခုကတော့ ကမ္ဘာကြီးက နေကို လှည့်ပတ်ခြင်းကို မိဿရာသီက စရေကြည့်ရင် မိန်ရာသီရောက်တဲ့အခါ သူရိယသိဒ္ဓန္တကျမ်းအရ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ရောက်ပါတယ်။အဲဒီအချိန်က မြန်မာတို့ရဲ့ လပြက္ခဒိန်နဲ့ ကြည့်ရင် တန်ခူးလမှာ သင်္ကြန်ကျတယ်ပေါ့။

ဗုဒ္ဓကျမ်းဂန်တွေ အရလည်း ဒီကာလရောက်ရင် ဘုရားရှင်ရဲ့ မယ်တော့်အမျိုးတွေရှိတဲ့ ဒေဝဒဟမှာ ရေကစားလေ့ရှိတယ်လို့ဆိုပါတယ်။ဒါ့အပြင် ဘုရားရှင် မပေါ်ခင်ကတည်းက ပူပြင်းတဲ့ မိန်ရာသီကနေ မိဿရာသီ ပြောင်းတဲ့အခါ အပူဒဏ်ကို သက်သာစေဖို့နဲ့၊ နှစ်သစ်ကူးပြောင်းခြင်းရဲ့ အထိန်းအမှတ်အဖြစ်နဲ့ ရေကစားလေ့ရှိကြတယ်လို့ ဆိုပါတယ်။


သင်္ကြန်ကာလကို အတာလို့ ခေါ်ပါတယ်။အတာဆိုတာကတော့ 'နောက်ဆုံးကာလ'လို့ အဓိပ္ပာယ်ရပါတယ်။ဒီတော့ နှစ်သစ်ကူးခါနီး ကာလပေါ့။

အဲဒီမှာမှ အတာသင့်တာဆို့ အတာစားတာတို့ စတဲ့ အခေါ်အဝါတွေ ရှိပါသေးတယ်။ 

အတာသင့်တယ် ဆိုတာကတော့ အတာတက်တဲ့ ရက်မှာ မွေးတဲ့သူတွေခေါ်တာပါ။ အတာတက်တာက သင်္ကြန်အတက်ရက်ပဲ ဖြစ်ပါတယ်။ အတာစားတယ် ဆိုတာကတော့ အတာတက်တဲ့ ရက်မှာ လှူဖွယ်ပစ္စည်းနဲ့ ပူဇော်တာပါပဲ။ အဲဒီလို အတာစားတဲ့ အတွက် လာမယ့် တစ်နှစ်လုံး အလိုဆန္ဒပြည့်စုံပြီး အရာရာအဆင်ပြေတယ် လို့လဲ ကြားဖူးပါတယ်။

 

ဟိုးရှေးတုန်းကတော့ သင်္ကြန်အခါတွေမှာတော့ ငွေဖလားနဲ့ ရေကစားလို့၊ သပြေခက်နဲ့ ယဥ်ယဥ်ကျေးကျေး ရေပက်ခဲ့ကြပါတယ်။ရှင်ဘုရင်တွေရဲ့ နန်တော်တွေထဲမှာ ရေကစားမဏ္ဍပ်တွေ ဆောက်ပြီး နန်းတွင်းသူ နန်တွင်းသားတွေနဲ့ သင်္ကြန်ကို ပျော်ပျော်ကြီးဆင်နွဲခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာတော့ ရှင်ဘုရင်ကို တိုင်းပြည်မှာ ဖြစ်ပျက်သမျှ ဟာသနဲ့နှောပြီး အမတ်တွေက အရှိအတိုင်း တင်ပြလို့ရပါသတဲ့။ထိုယဥ်ကျေးမှုက 'သင်္ကြန်သံချပ်' အဖြစ်နဲ့ အခုထိ စီးဆင်းနေတုန်းပါပဲ။


ထို့အပြင် သင်္ကြန်ကျပြီး ဆိုရင် မြန်မာတို့မှာ 'ရေကန်တော့တယ်' ဆိုတဲ့ ဓလေ့တစ်ခုလည်း ရှိပါတယ်။ ဒါကတော့ အရပ်ထဲက၊ လမ်းထဲက၊ ကိုယ့်အမျိုးထဲက စတဲ့ အသက်အရွယ်ကြီးတဲ့ လူကြီးသူမတွေကို ရေတအိုးနဲ့ သွားကန်တော့ကြတာပေါ့။သိပ်ကို ကြည်နူးစရာကောင်းတဲ့ ဓလေ့တခုပဲ ဖြစ်ပါတယ်။ နောက် ကြည်နူးစရာ ဓလေ့ကတော့ သင်္ကြန်အချိန်မှာ ရပ်ကွက်တွေ လမ်းတွေ ထဲမှာ မဏ္ဍပ်တွေ ဆောက်ပြီး လာသမျှ လူအကုန်ကို စတုဒီသာ ကျွေးကြတဲ့ ဓလေ့ပါပဲ။ 


မုန့်လုံးရေပေါ်ဟာ သင်္ကြန်ရဲ့ အထင်ရှားဆုံး အစားအစာပဲဖြစ်ပါတယ်။ မွန်ပြည်နယ်နဲ့ မြန်မာပြည်အောက်ပိုင်း ဒေသတွေမှာတော့ သင်္ကြန်ထမင်းကို သင်္ကြန်အခါမှာ ချက်စားတတ်ကြပါတယ်။ပြီးတော့ စတုဒီသာလည်း ကျွေးကြပါတယ်။ သင်္ကြန်ထမင်းဆိုတာ နူနူညံ့ညံ့ချက်ထားတဲ့ ထမင်းကို ရေစိမ်ပြီး ငါးခြောက်ထောင်းကြော် ငရုတ်သီးအတောင့်ကြော်တို့နဲ့ တွဲဖက်စားကြရတာပါ။

သင်္ကြန်အခါမှာ ရာသီပန်းဖြစ်တဲ့ ပိတောက်ပန်းတွေကို ဘုရားတင်ကြတယ်။ပြီးတော့ ယောကျာ်းလေးတွေက အဦးဆုံးပွင့်တဲ့ ပိတောက်ဦးကို ခူးပြီး ချစ်ရတဲ့ မြတ်နိုးရတဲ့ မိန်းကလေးကို လက်ဆောင်ပေးတာဟာလည်း  ချစ်စရာအစဉ်အလာလေးပဲ ဖြစ်ပါတယ်။




Comments

  1. ဆရာတ​ယောက်ရဲ့
    အိမ်တွင်းပုန်း အမှတ်တရရေးဖွဲ့မိတာလေး

    “၂၀၂၂ သင်္ကြန်”

    ကြိုချင်သလို ကြို
    သင်္ကြန်သီချင်းတွေ ဆိုနေဦးမလား
    ပြည်သူတွေငိုနေတာကို သိလား

    ကျချင်သလို ကျ
    ပြန်မရတော့မယ့် အသက်နှင်းခန္ဓာတွေ
    အမှန်ချပြလို့ အကျဉ်းခံကြရသူတွေ

    ကြတ်ချင်သလို ကြတ်
    အငတ်ဘေးကပ် ငွေကြေးကကြပ်လို့
    အသက်စတေးဖို့ လောင်းကြေးတွေကိုထပ်

    တက်ချင်သလို တက်
    စိတ်ဓါတ်နဲ့ လှော်ခတ်
    အမြင့်ကိုပျံတက်မယ့်
    အတောင်ပံတွေအားယူကာ ခတ်

    နှစ်ဆန်းချင်သလို ဆန်း
    အံ့မခန်း ပြန်မနန်းတဲ့ တို့ပြည်သူရဲ့
    စမ်းချင်သလိုစမ်းနိုင်တဲ့ မှတ်တမ်း

    မြန်မာတွေအချစ်စူးပါလေတဲ့
    ဒီတန်ခူးအတာနှစ်
    မဟောင်းကာ ကျန်ရစ်
    ကပြောင်းကပြန်ဖြစ်နေတဲ့ သဏ္ဍန်
    နှစ်ထောင့်နှစ်ဆယ့်နှစ် သင်္ကြန်

    ကိုတွေး (ဆေး/မန်း)
    ၁၄-၄-၂၀၂၂

    ReplyDelete
  2. အတာ ရောက်တဲ့အထိ
    ငါတို့ခိုင်မာကြတယ်

    နှစ်သစ်ပြောင်းလည်း အားသစ်တွေထပ်လောင်းကြဦးမယ်

    လာပါ ...သူငယ်ချင်းတို့ရေ
    တို့ အတူ တက်ညီလက်ညီ နဲ့
    ဆက်လှော်ခတ်လိုက်ကြပါစို့


    ✊✊✊🍀🍀🍀

    ReplyDelete
  3. ကျေးဇူးတင်ပါတယ် မင်မင်ရေ

    ReplyDelete

Post a Comment