Cabin Fever

 Cabin Fever




*Cabin Fever ဆိုတာဘာလဲ။

-အိမ်အပြင်မထွက်နိုင်ဘဲ အချိန်အကြာကြီး အိမ်တွင်းအောင်းနေရပါများတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်အစုအဝေးကိုဆိုလိုပါတယ်။

-Cabin fever ကို introverted personality ရှိသူများထက် highly social ဖြစ်တဲ့ Extrovert တွေက ပိုပြီးသိသာပြင်းထန်စွာခံစားရတတ်ပါတယ်။

-Global pandemic အပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် ကျောင်းသားထုအပါအဝင် အလုပ်သမားလူတန်းစားအားလုံးနီးပါးဟာ နှစ်နဲ့ချီကာ အိမ်တွင်းအောင်းနေရမှုတွေ ဖြစ်ပေါ်နေပါတယ်။

-ဒီလိုနေရပါများတဲ့အခါ မိမိရဲ့စိတ်ဟာ အရင်အချိန်တွေနဲ့မတူပဲ အဆိုးမြင်မှုများ များပြားလာတာကို သတိထားမိလာကြပါလိမ့်မယ်။

-ဒါတင်မကပါဘူး.. ဂနာမငြိမ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အထီးကျန်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အလွန်ပျင်းရိငြီးငွေ့နေခြင်း၊ စိတ်မရှည်ခြင်း၊စိတ်တက်ကြွမှုနှင့် အာရုံစုစည်းနိုင်မှုမရှိခြင်း၊အားမရှိချိနဲ့သလိုခံစားရခြင်း၊ အစားအသောက်အလွန်အကြူးစားမိခြင်း၊ အိပ်မပျော်ခြင်း/အအိပ်လွန်ခြင်း၊ တစ်နေ့တာ‌တွင် ခဏခဏအိပ်မိခြင်း၊ အရက်အပါအဝင်မူးရစ်စေသောအရာများသောက်သုံးမိခြင်း စသည်တို့ပါ ခံစားပြုမူမိလာကြပါတယ်။




-လူ့သဘာဝအရ အပေါင်းအသင်းအဝန်းအဝိုင်းနှင့် နေရမှ ပျော်မွေ့တတ်သော ကျွန်ုပ်တို့ဟာ သဘာဝနှင့်ဝေးကွာ၊ မိတ်ဆွေတို့နဲ့မတွေ့ရတဲ့ အချိန်ကာလကြာလာတဲ့အခါ အထက်ကပြောခဲ့တဲ့ Cabin fever ရဲ့ လက္ခဏာတွေခံစားလာကြရတာပါ။




-အလုပ်ပိခြင်း/အလုပ်မရှိခြင်း၊ ငွေကြေးအဆင်‌မပြေခြင်း၊ ရည်မှန်းချက်ပျောက်သလိုဖြစ်ကာ လုပ်ဆောင်နိုင်စွမ်းကင်းမဲ့နေသည်ဟုခံစားနေရခြင်းတို့ဟာလည်း Cabin fever ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။

-ဒါဆို ဒီလက္ခဏာတွေဟာ အမြဲရှိနေတော့မှာလား၊ ဘယ်တော့မှမပျောက်တော့ဘဲ အမြဲခံစားနေရတော့မှာလားဆိုရင် မဟုတ်ပါဘူးလို့ပဲပြောပါရစေ။

-အနာရှိရင် ဆေးရှိပါတယ်။

-ဆေးမတွေ့သေးလို့ပဲ မပျောက်နိုင်သေးတာပါ။

-ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းကိုသိရင် အဲဒီ့ကနေရလာမယ့်အကျိုးကို မဖြစ်ဖြစ်တဲ့နည်းနဲ့တားဆီးဖို့ကြိုးစားလို့ရပါတယ်။

*အဲဒါဆို ဒီလက္ခဏာတွေလျော့ပါးအောင်ဘယ်လိုလုပ်နိုင်မလဲ။

✓အရာတစ်ခုကို အဆိုးချည်းမဟုတ်ဘဲ အကောင်းဘက်ကပါ ဒွန်တွဲပြီးမြင်တတ်အောင်ကြိုးစားကြည့်ပါ။

(အကောင်းအဆိုးနှစ်ဖြာ ပေါင်းစပ်ဖွဲ့စည်းခြင်းဟာ လောကရှိအရာခပ်သိမ်းအတွက် ငြင်းမရတဲ့ကံတရားပဲဖြစ်ပါတယ်။ အဆိုး‌တွေကိုနည်းစေပြီး၊ အကောင်းတွေပေါများလာအောင်လုပ်ခြင်းကတော့ ပြုပြင်တည်ဆောက်လို့ရတဲ့ အလေ့အကျင့်ပါပဲ။ လောကရဲ့အရှိတရားတွေအပေါ် အရေမဖုံး၊ မိတ်ကပ်မဖို့ဘဲ အရင်းအတိုင်းမြင်နိုင်အောင် ကြိုးစားခြင်း၊ နားလည်လာခြင်း၊ လက်ခံနိုင်လာခြင်းတို့ဟာ စိတ်ကျခြင်း၏အဓိကအကြောင်းအရင်းဖြစ်သော အလိုမကျခြင်း၊ မိမိကိုယ်ကိုယ် မုန်းတီးခြင်းဆိုသည့် စိတ်အခြေအနေများကို လျော့ပါးစေပါတယ်။)

✓ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘာပြီးရမယ်၊ ဘာရရမယ်ဆိုပြီး အချိန်စာရင်းလေးလုပ်ထားပါ။

(တစ်နေ့တာမှာ ကိုယ်လုပ်ချင်တဲ့အရာ၊ လုပ်ကိုလုပ်ရမယ့်အရာနဲ့၊ မလုပ်လည်းရတဲ့အရာ၊ electronic device တွေကို ဘေးချထားပြီးအေးဆေးနားမယ့်အချိန်ကစလို့ အချိန်ဇယားမှာ ရေးမှတ်ထားမယ်ဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ဦးတည်ရာမဲ့ ဂနာမငြိမ် စိတ်ဖိစီးနေရမှုကို သက်သာစေပါလိမ့်မယ်။)

✓အိပ်ချိန်မှန်၊ စားချိန်မှန်၊ အိပ်ရေးဝ၊ အာဟာရလည်းပြည့်ဝအောင် နေထိုင်ပါ။

(အသက်အရွယ်အလိုက် လူတစ်ယောက်အိပ်သင့်တဲ့အချိန်၊ စားသင့်တဲ့အာဟာရတို့ ပြည့်ဝနေတဲ့အခါ အားအင်ဟာ အပိုအလိုမရှိ သင့်တင့်လျောက်ပတ်ကာ ကျန်းမာနေမှုကိုရရှိနေလျှင် အားအင်ကုန်ခမ်းစိတ်ပင်ပန်းကာ အဆိုးမြင်နေမှုများကို သိသိသာသာလျော့ပါးစေပါလိမ့်မယ်။)

✓သစ်ပင်ပန်းမန်၊ လေကောင်းလေသန့်နှင့် ကြည်လင်အေးမြသောရေကန်မြစ်ချောင်း၊ ကျေးငှက်တိရစ္ဆာန်လေးများနှင့် အနီးစပ်ဆုံးနေရာတို့တွင် နေထိုင်ပါ၊ မကြာခဏသွားရောက်လည်ပတ်ပါ။

(သဘာဝနှင့်အနီးစပ်ဆုံးနေထိုင်ခြင်းဟာ စိတ်၏အပူများကို ငြိမ်းစေသော အကောင်းဆုံးဆေးဖြစ်ပါတယ်။ ပြတင်းတံခါးဖွင့် ခုံပေါ်အကျအနထိုင်ရင်းဖြစ်စေ၊ လမ်းလျှောက်ရင်း၊ ကားစီးရင်း၊ ဆိုင်ကယ်/စက်ဘီးစီးရင်း..စသဖြင့် သဘာဝကြီးရဲ့ အေးချမ်းနေမှုကို မရရတဲ့နည်းနဲ့ခံစားမိအောင် ကြိုးစားကြည့်ပါ။ အေးချမ်းမှုတွေ ကူးစက်လာတာကို လက်တွေ့ခံစားရပါလိမ့်မယ်။)

✓ဦးနှောက်အသုံးပြုရသော games၊ methamatics and puzzles များ ဖြေရှင်းခြင်း၊ brainstorming and exciting movies and TV series များကြည့်ရှုခြင်း၊ အသစ်ထွက်သော သီချင်း၊ နည်းပညာသတင်းများ၊ educational websites များကို နေ့စဉ်‌စောင့်ကြည့်လေ့လာခြင်း၊ စိတ်ပါဝင်စားသော skill တစ်ခု (သို့) တစ်ခုထက်ပို၍ လေ့လာလေ့ကျင့်ခြင်း တို့ကိုပြုလုပ်ပေးပါ။

(ဦးနှောက်ဟာ စဉ်းစားစရာတွေရှိနေတဲ့အချိန်မှာ၊ စဉ်းစားစရာမရှိလို့(အားယားနေလို့) ပေါ်လာမယ့် မိမိကိုယ်ကိုယ်အပြစ်မြင်စိတ်အပါအဝင်၊ အရာရာအပေါ်အလိုမကျခြင်းများအတွက် အချိန်မရှိတော့ပါဘူး။ သိသိသာသာတိုးတက်အောင်မလုပ်နိုင်တဲ့အချိန်မှာ မသိမသာ တို့စိတို့စိတိုးတက်အောင်လုပ်ခြင်းဟာလည်း အကြောင်းတိုက်ဆိုင်တဲ့အခါမှာ မိမိအတွက် တစ်ထောင့်တစ်နေရာကနေ အကူအညီဖြစ်လာပါလိမ့်မယ်။ အရှုံးမရှိအောင်နေရင်း ဦးနှောက်ကို ‌အလေးချိန်စီးအောင်လုပ်ခြင်းပါပဲ။)

✓ချစ်ခင်ရင်းနှီးသူများနှင့် အမြဲအဆက်အသွယ်လုပ်ပါ။

(မိသားစု၊ သူငယ်ချင်း၊ ဆရာဆရာမ၊ လက်တွဲဖော်၊ အိမ်မွေးတိရစ္ဆာန်လေးတွေကအစ အမှတ်တရ အတူစကားပြော၊ အားပေး၊ ရယ်မောပျော်ရွှင်၊ အတူသွားအတူစား၊ အတူအချိန်ကုန်တဲ့အခါ တစ်ယောက်တည်းပျင်းခြောက်ခြောက်နှင့်တောင်စဉ်ရေမရတွေးတောနေမိမယ့်အချိန်တွေ လျော့နည်းသွားပါလိမ့်မယ်။)

✓အိမ်ထဲမှာ‌တင်လုပ်နိုင်မယ့် ကိုယ်လက်လေ့ကျင့်ခန်းများအား နေ့စဉ်ကြိုးစားလုပ်ဆောင်ပါ။

(စိတ်နဲ့ကိုယ်၊ ကိုယ်နဲ့စိတ် ဆက်စပ်နေတယ်ဆိုတာ အားလုံးသိကြပါတယ်။ လက်တွေ့သိချင်ရင်တော့ ကိုယ်တိုင်လုပ်ကြည့်ကြဖို့ပါပဲ။ သွေးလှည့်ပတ်မှုကောင်းခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း၊ သွားရလာရပေါ့ပါးလာခြင်း၊ ချွေးထွက်ခြင်း၊ ရေများများသောက်ခြင်း၊ ဆီးဝမ်းမှန်ခြင်း၊ စီစဉ်ထားသောနေ့စဉ်အလုပ်တစ်ခုအား ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း တို့ဟာ ကျန်းမာသွက်လက်သောစိတ်ကို ဖန်တီးပေးသော အရာများပဲဖြစ်ပါတယ်။)

-အထက်မှာပြောခဲ့တဲ့အရာတွေကို သေချာလုပ်ကြည့်မယ်ဆိုရင် Cabin fever ရဲ့ လက္ခဏာတွေ တဖြည်းဖြည်းချင်း လျော့ပါးသက်သာလာတာတွေ့ရပါလိမ့်မယ်။

-အကယ်၍ မသက်သာဘူး၊ မထူးခြား‌ဘူး၊ ပိုဆိုးလာတယ်၊ မိမိရဲ့နေ့စဉ်ဘဝကိုပါ ထိခိုက်လာတယ်ဆိုရင်တော့ စိတ်ကျန်းမာရေးအကူအညီပေးမည့် Counselor or Psychologist or Psychiatrist တို့နဲ့ သေချာဆွေးနွေးစစ်ဆေးကာ ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

Reference

https://www.medicalnewstoday.com/articles/cabin-fever

https://www.verywellmind.com/cabin-fever-fear-of-isolation-2671734

Photos are from Google


[အရှုံးပေးတော့မယ်ကြံတိုင်း ဖြတ်သန်းလာခဲ့တဲ့နှစ်တွေ၊ စိုက်ထုတ်ခဲ့တဲ့ငွေအားလုပ်အားတွေကို ပြန်ကြည့်ပေးပါ။ ဇွဲမလျှော့ဘဲ ဆက်လျှောက်ကြပါ။ ကောင်းမွန်တဲ့ စိတ်စေတနာနဲ့ လုပ်ဆောင်တဲ့အလုပ်တိုင်းဟာအလဟဿဆိုတာမရှိပါဘူး။ အကြောင်းကောင်းရင် အကျိုးကောင်းတွေရလာပါလိမ့်မယ်။ မယိမ်းမယိုင် ဆက်လျှောက်ဖို့ပဲလိုတာပါ။ အားလုံး Fighting ပါ။]

#Aesthete


Comments

  1. ကျေးဇူးပါ

    ReplyDelete
  2. Thanks ✌️✌️✌️🍀🍀🍀

    ReplyDelete
  3. Wheel.............dope.🏹🏹🏹

    ReplyDelete

Post a Comment