May Day




လုပ်သားရဲဘော်များနှင့်အတူ သွေးစည်းကြမှ အောင်ပွဲရမည်


=============== 

ချစ်ဝင်းမောင်


  " လူသားဖြစ်တည်မှုကို မြှင့်တင်ပေးတဲ့ အလုပ်ဟူသမျှဟာ ဂုဏ်သိက္ခာရှိပြီး အရေးပါတယ်။အကောင်းဆုံးဖြစ်အောင် အပတ်တကုတ် လက်ခံဆောင်ရွက်ရမယ်" 


ဒီစကားကို ပြောခဲ့တဲ့သူကတော့ အမေရိကန် အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် မာတင် လူသာကင်း ဂျူနီယာ (၁၉၂၉ - ၁၉၆၈)ဖြစ်ပါတယ်။ မာတင် လူသာကင်း ဂျူနီယာက ဒီစကားကို ပြောခဲ့တာဟာ အချိန်အားဖြင့် ကြာညောင်းခဲ့ပြီ ဖြစ်ပေမယ့် ဒီစကားကို ကြားသိသူ ကမ္ဘာသူ၊ကမ္ဘာသားတို့ရဲ့ ရင်ထဲမှာတော့ သတ္တိ၊ ခွန်အား၊ ရဲ့ရင့်မှု တို့ ထုံကူးစေလျက်ရှိနေပါတယ်။ဒီစကားအတိုင်းပဲ.... ကမ္ဘာ့သမိုင်းမှာ လူသားဖြစ်တည်မှုကို မြှင့်တင်ပေးခဲ့တဲ့၊ ဂုဏ်သိက္ခာရှိပြီး အရေးပါလှတဲ့ အကောင်းဆုံး ကြိုးစားခဲ့မှုတစ်ရပ်ကိုလည်း ယနေ့ထိ နှစ်စဉ် ဂုဏ်ပြု ဦးညွတ်အလေးပြုလို့ ခွန်အားယူနေရဆဲ ဖြစ်ပါတယ်။ ဒါကတော့ "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဒါမှမဟုတ် မေဒေးသမိုင်း" ပဲ ဖြစ်ပါတယ်။


အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဒါမှမဟုတ် မေဒေး သမိုင်း


နှစ်စဉ် မေလ(၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(ဝါ)မေဒေး ဟု သတ်မှတ်ခြင်းမှာ ၁၈၈၆ ခုနစ် မေလ (၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ချီကာဂိုမြို့မှ ဟေးမတ်ကတ် အရေးအခင်းကို ဂုဏ်ပြု၍ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအရေးအခင်းမှာ အလုပ်သမားများအတွက် တစ်နေ့လျင် အလုပ်ချိန် ရှစ်နာရီ သတ်မှတ်ပေးရေးကို ရည်ရွယ်သည့် အထွေအထွေသပိတ် ဖြစ်ပွားစဉ်အတွင်း၌ ရဲတပ်ဖွဲ့က လူစုခွဲရန် ကြိုးပမ်းရာ အမည်မသိသူလူတစ်ဦးက ရဲတပ်ဖွဲ့အတွင်းသို့ ဗုံးတစ်လုံး ပစ်ပေါက်ကာ ခွဲခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပြန်လှန်ပစ်ခတ်တာကြောင့် ဆန္ဒပြသူ အလုပ်သမားလေးဦး သေဆုံးခဲ့ရပါတယ်။ အမှန်တကယ်မှာဆိုရင် မေဒေးခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဟာ အလုပ်သမားများအနေနဲ့ မိမိတို့ရဲ့ အခွင့်အရေးကို သိရှိပြီး မိမိတို့ အခွင့်အရေးအတွက်မိမိတို့ ကိုယ်တိုင် တောင်းဆိုတိုက်ပွဲဝင်ရာမှ ပေါ်ပေါက်လာခြင်းပဲ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ​့ အလုပ်သမားတို့ရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ အလုပ်သမား သမဂ္ဂများလည်း ကမ္ဘာ့အနှံ့အပြား၌ ပေါ်ထွန်းလာခဲ့ရပါတယ်။ ဒါသည်ပင်လျင် "ကမ္ဘာ့သမိုင်းမှာ လူသားများ ဖြစ်တဲ့ အလုပ်သမားများရဲ့ ဂုဏ်သိက္ခာအတွက် အပတ်တကုတ် ကြိုးစားဆောင်ရွက်ခဲ့မှု တစ်ရပ်" ဖြစ်ခဲ့ပါတယ်။


မြန်မာ့ သမိုင်းထဲက အလုပ်သမားထု​၏ ပေးဆပ်မှုများ


မြန်မာနိုင်ငံ သမိုင်းမှာဆိုရင် ကမ္ဘာ့အလုက်သမားထုနဲ့ သွေးစည်းညီညွတ်ပြီး ကိုလိုနီနယ်ချဲ့ အစိုးရကို တိုက်ပွဲဝင် အင်အားပြနိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အလုပ်သမားနေ့ (မေဒေးနေ့) ကို ခရစ်နှစ် ၁၉၃၈ ခုနစ် မေလ(၁) ရက် ၊ တနင်္ဂနွေနေ့မှာ ရေန​၏ချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်က လည်ပေါ်ကျောင်း တန်ဆောင်းကြီးမှာ ခမ်းနားအောင်မြင်စွာ ပြုလုပ်ကျင်းပပြီး သမိုင်းမော်ကွန်း စိုက်ထူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာ အလုပ်သမားနေ့ (မေဒေး) အစ ရေနံချောင်း ရေနံမြေ ကလို့ ဝိသေသ ပြုခဲ့ကြရပါတယ်။

သမိုင်းကို ခြုံငုံပြီး ပြောရမယ်ဆိုရင်လည်း ဗြိတိသျှကိုလိုနီလက်အောက် ၁၉၁၆ - ၁၉၁၇ ခုနစ်များမှာ ရေနံချောင်း ဘီအိုစီ ရေနံတွင်းသပိတ်၊ ၁၉၁၈- ၁၉၁၉ ခုနစ်များမှာ ဘီအိုစီကုမ္ပဏီ စာရေး ၂၀၀ ခန့် ရှောင်တခင်ခွင့်နှင့် လုပ်သက်ခွင့်ရရေးအတွက် သပိတ်မှောက်ခဲ့ကြရတာ သက်သေရှိခဲ့ပါတယ်။ ၁၉၂၁- ၁၉၂၃ ခုနစ်ထိ ၊ ၁၉၂၄- ၁၉၂၅ ခုနစ်ထိ ၊ နောက် ၁၉၂၆ ခုနစ်ထိတိုင်အောင် အကြိမ့်ကြိမ် ဆက်တိုက်ဆိုသလို သပိတ်မှောက်ခဲ့ကြပြီး ၁၉၃၉ခုနစ် (၁၃၀၀)ပြည့် အရေးတော်ပုံ သပိတ်ကို ဖော်ဆောင်နိုင်သည့်အချိန်မှ အလုပ်သမားတို့အတွက် အအောင်မြင်ဆုံး သပိတ် ဖြစ်လာခဲ့ကာ ခေတ်အဆက်ဆက်မှာ နိုင်ငံရဲ့ ဒီမိုကရေစီရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ အလုပ်သမားခုဟာ အလုပ်သမားသမဂ္ဂများရဲ့ ဦးဆောင်မှုနဲ့ အတူ အမြဲ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြပါတယ်။


နွေဦးတော်လှန်ရေးကာလ အလုပ်သမားထု​၏ အားထုတ်မှုများ


၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းခဲ့တဲ့ ကာလအတွင်းမှ ဆိုရင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်များလည်း ပျောက်ဆုံးပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ ဒိဌ ကြုံနေကြရတာပဲ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ အလုပ်သမားအဖွဲ့ချုပ်တွေ၊ ခေါင်းဆောင်တွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်လို့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးတွေ အတွက် ပြည်တွင်း၊ပြည်ပတော်လှန်ရေး အင်အားစုများနဲ့ ပူပေါင်းပြီး ကျရာနေရာ အခန်းကဏ္ဍတွေကနေ ပါဝင် လှုပ်ရှားခဲ့ကြတယ်ဆိုတာကို တွေ့ရပါတယ်။


ဒီလို လှုပ်ရှားမှုတွေကြောင့်လည်း အလုပ်သမားအဖွဲ့ချုပ်တွေ၊ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက် စစ်အုပ်စုက မတရား အသင်းကြေညာတာတွေ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပယ်ဖျက်တာတွေ၊ နိုင်ငံသားအဖြစ်က ရပ်စဲတာတွေ၊ ဖမ်းဝရမ်းထုတ်တာတွေ ၊ အလုပ်သမား သမဂ္ဂတွေကို ဖမ်းဆီးပြီး ရိုက်နှက် နှိပ်စက်တာတွေ၊ ထောင်ချတာတွေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု မျိုးစုံကို ပြုလုပ်ခဲ့ပါတယ်။


ဒီလို ယုတ်မာပက်စက်တဲ့ နည်းနာပေါင်းစုံနဲ့ အကြမ်းဖက် စစ်အုပ်စုက ဖိနှိပ်နေပေမယ့် ယနေ့ ထိတိုင်အောင် ရကဏ္ဍအသီးသီးကနေ အလုပ်သမားထုက စစ်အာဏာရှင်ကို တော်လှန်ပြီး နိုင်ငံသစ်အတွက် အားထုတ် ကြိုးပမ်းလျက် ရှိပါတယ်။ ဒါသည်ပင်လျင် အလုပ်သမားထုရဲ့ ကြီမြတ်တဲ့ တော်လှန်ရေးပြယုဂ် ဖြစ်ပါတယ်။


အဆုံး တိုက်တွန်းချက်


နိဂုံးချုပ်ပြီး တိုက်တွန်းချင်တာကတော့ ကမ္ဘာ့သမိုင်း၊ မြန်မာ့ သမိုင်း အဆက်ဆက်တို့မှာ အလုပ်သမားထုက လူသားဖြစ်တည်မှုကို မြှင့်တင်ပေးတဲ့ အလုပ်ဟူသမျှကို ဂုဏ်သိက္ခာရှိပြီး အရေးပါတယ်လို့ နှလုံးသွင်းလို့ အကောင်းဆုံး ဖြစ်အောင် သွေးစည်းညီညွတ်စွာနဲ့ အပတ်တကုတ်လက်ခံဆောင်ရွတ်ခဲ့ပါတယ်။ ဒါသည်ပင်လျင် အတုယူစရာ၊ အတုခိုးစရာ၊ လိုက်နာကျင့်သုံးစရာ ဖြစ်နေပါတော့တယ်။ ဒါကြောင့် လုပ်သားရဲဘော်များနဲ့ အတူ သွေးစည်းကြဖို့ လိုအပ်ပါကြောင်းနဲ့ သွေးစည်းညီညွတ်ကြမှသာ နွေဦးတော်လှန်ရေးကြီးက အောင်ပွဲရမှာ ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Comments

Post a Comment