မဟာသမယအခါတော်နေ့




နယုန်လအခါ ညှိုးခြောက်နွမ်းလျော်ကြကုန်သော ကောက်ပင်များအတွက် လိုအပ်သော ရောဟိနီ မြစ်ရေကို အကြောင်းပြု၍ မြစ်၏ ဝဲယာဘက်တွင် နေထိုင်ကြသော ကပိလဝတ်ပြည်သားများနှင့် ကောလိယ ပြည်သားများ အချင်းဖြစ်ပွားခဲ့ရာ ထိုနှစ်ပြည်ထောင် မင်းတို့သည် စစ်မက် အင်္ဂါတို့ကို စီရင်လျက် ထွက်ခဲ့ကြသည့် အခြေသို့ ဆိုက်ရောက်ခဲ့လေသည်။ ထိုအခါ နံနက်မိုးသောက်ထ၌ မဟာကရုဏာသမာပတ်မှ ထ၍ လောကကို ကြည့်တော်မူသော မြတ်စွာဘုရားသည် မင်းများ စစ်ဖြစ်အံ့သည်ကို မြင်တော်မူ၍ တန်ခိုးတော် ဖြင့် ကြွကာ၊ နှစ်ဘက်သောစစ်၏ အလယ်ကောင်းကင်၍ ခြောက်ပါးသော ရောင်ခြည်တို့ကို လွှတ်လျက် ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေသည်။


မြတ်စွာဘုရားကို ဖူးမြင်ရလေလျှင် ကပိလဝတ် မင်းမျိုးတို့သည် အခြားသူတို့ကား ငါတို့အား သတ်လိုမှု သတ်စေဟု မိမိတို့လက်နက်များကို စွန့်ပစ်ကာ မြတ်စွာဘုရားအား မြတ်နိုးစွာ ဖူးမြော်ကြကုန်၏။ ကောလိယ မင်းတို့လည်း ထိုအတူပင် လက်နက်များကို စွန့်ပစ်၍ မြတ်စွာဘုရားကို ဖူးမြော်ကြ၏။ မြတ်စွာဘုရားလည်း ထိုမင်းတို့အား ရန်ကိုငြိမ်းစေအောင် ကောင်းမြတ်လှသော ဖန္ဒနဇာတ်၊ ပထဝီဥန္ဒြိယဇာတ်၊ လုကိကဇာတ်များကို ဟော၍ တစ်ဖန် ညီညွတ်ခြင်း၏ အကျိုးကိုပြသော ရုက္ခဓမ္မဇာတ်၊ ဝဓကဇာတ်တို့ကို ဟောကြားတော်မူ၏။


နှစ်ပြည်ထောင်မှ မင်းများသည် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကြောင့်သာလျှင် ငါတို့အသက်ဘေးမှ ချမ်းသာရာရသည်ဟု တစ်ဖက်လျှင် ၂၅ဝ စီသော မင်းသားတို့ကို မြတ်စွာဘုရားထံ အပ်နှံကြရာ မြတ်စွာဘုရားသည် ထိုမင်းသား ၅ဝဝ တို့အား ရဟန်းပြု၍ မဟာဝုန်တောသို့ တစ်ဖန် ပြန်ကြွတော်မူလေသည်။


ကပ္ပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးထဲသို့ ပြန်အရောက် သီတင်းသုံး နေထိုင်လျက် နယုန်လပြည့်နေ့တွင် ဘုရားရှင်သည် မဟာသမယသုတ်တော်ကို ဟောတော်မူသည်။ ထိုအချိန်တွင် သာသနာ့ဘောင်သို့ ဝင်လာကြသော သာကီဝင်မင်းသား ရဟန္တာ ၅၀ဝ-တို့သည်လည်း အတူရှိနေသည်။ ဘုရားရှင်နှင့် ထိုရဟန္တာများကို ဖူးမြော်လိုကြသဖြင့် နတ်၊ ဗြဟ္မာ၊ အသုရာ၊ နဂါး၊ ဂဠုန် တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် အုပ်စုလိုက် စုရုံးရောက်ရှိ လာကြသည်။ ထိုကဲ့သို့ လူနတ်ဗြဟ္မာ စသည်တို့ စုရုံးရောက်လာကြသော အခါကာလကို မဟာသမယ-ဟု ခေါ်သည်။

(မဟာ = ကြီးမြတ်သော / သမယ = စုရုံခြင်း )



ထိုအခါ မြတ်စွာဘုရားသည်  ဤမျှ စုရုံးရောက်ရှိလာသော နတ်ဗြဟ္မာတို့ကို ကြည့်၍  ရဟန်းတို့အား 

" ရဟန်းတို့ စကြဝဠာတစ်ထောင်စီရှိသော  လောကဓာတ်တိုက် ဆယ်တိုက်တို့မှ နတ်ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့ကို ဖူးတွေ့ရန်အတွက် အများအပြား စုဝေးရောက်ရှိလာကြပေ၏။


ရဟန်းတို့။ အတိတ်ကာလအခါတွင် ပွင့်တော်မူခဲ့သော ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် မြတ်စွာဘုရားရှင်တို့၏လက်ထက်တော်အခါကလည်း ယခုငါ၏လက်ထက်ကဲ့သို့ ဤမျှ အတိုင်းအတာရှိသည့် နတ်ဗြဟ္မာတို့သည် စုဝေးခဲ့ကြလေပြီ။ 


ရဟန်းတို့။ အနာဂတ်ကာလအခါတွင်လည်း ပွင့်တော်မူမည်ဖြစ်သော ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် မြတ်စွာဘုရားရှင်တို့၏လက်ထက်တော်အခါတွင်လည်း ယခုငါ၏လက်ထက်ကဲ့သို့ ဤမျှ အတိုင်းအတာရှိသည့် နတ်ဗြဟ္မာတို့သည် စုဝေးမည်ဖြစ်ပေ၏။


ရဟန်းတို့။ (ငါသည်) နတ်ဗြဟ္မာအပေါင်းတို့၏ အမည်နာမတို့ကို ပြောကြားမည်။ 


(ရဟန်းတို့) ဤစကားကို နာယူပြီး နှလုံးသွင်းကြလော့။ (ငါ)ဟောပေမည်။ "


ထိုသို့ နတ်ဗြဟ္မာတို့၏ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်၍ ဟောကြားတော်မူသော စကားတော်များကို မဟာသမယသုတ်-ဟုခေါ်တွင်သည်။


ထို မဟာသမယသုတ်တော်ကို နယုန်လပြည့်နေ့‌တွင် ဟောကြားတော် မူသောကြောင့် နယုန်လပြည့်နေ့ကို "မဟာသမယအခါတော်နေ့" ဟု သတ်မှတ်၍ 'မဟာသမယနေ့'ကို ကျင်းပကြသည်။

ဤမဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက နတ်များ၏ ချစ်ခင်မှုကို ရရှိနိုင်ကြသည်။ အိမ်သစ်၊ တိုက်သစ်၊ နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင်း အဋ္ဌကထာဆရာက ပြဆိုထားပေသည်။



ကိုးကား - wikipedia

Comments

Post a Comment