Phototherapy

 

အင်္ဂလန်နိုင်ငံက Rochford ဆေးရုံမှာလုပ်တဲ့ သူနာပြုဆရာမ Jean Ward ဟာ  မွေးကင်းစကလေးငယ်လေးကို နေစာလှုံခိုင်းခြင်ဟာ ကျန်းမာစေတယ်လို့ ယူဆသူဖြစ်ပါတယ်။ ဆရာဝန်တွေက သိပ်သဘောမကျတဲ့အတွက် ဆရာဝန်တွေမလာခင်မှာ ကလေးတွေကို နေရောင်ပြလေ့ရှိပါတယ်။ တစ်ရက်မှာတော့ ကလေးငယ်ကို အဝတ်စလေးတစ်ပိုင်းပဲအုပ်ပြီး ကိုယ်တုံးလုံးနဲ့နေရောင်မှာထားပြကာ ဆရာဝန်တွေကို လက်တွေ့ပြခဲ့ပါတယ်။  ကလေးငယ်ဟာ နေရောင်တိုက်ရိုက်ထိတဲ့ နေရာတွေမှာ အရောင်ဖျော့နေပြီး အဝတ်အုပ်ထားတဲ့နေရာမှာတော့ ဝါနေတာတွေ့ခဲ့ရပါတယ်။




အဲဒီ‌နောက် ရောဂါဗေဒပညာရှင် Dr Perryman ဟာ သွေးဖန်ပြွန်တစ်ခုကို နေရောင်ထဲမှာ ထားပြီးစမ်သပ်ကြည့်တဲ့အခါ အသားဝါစေတဲ့ဓာတ် (bilirubin)ဟာ သွေးထဲမှာလျော့နည်းသွားတာကိုတွေ့ရပါတယ်။ အဲဒီဖြစ်ရပ်တွေကို စဉ်းစားဆက်စပ်ကြည့်ပြီး ဆရာဝန်တစ်စု (Dr Cremer, Dr Richards, Dr Dobbs) ဟာ လျှပ်စစ်မီးချောင်းကိုသုံးပြီး ကလေးတွေကိုအလင်းရောင်ပေးကြည့်တဲ့ သုတေသနကို ပြုလုပ်ခဲ့ပြီး ၁၉၅၈ မှာစာတမ်းရေးသားတင်ပြခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆယ်နှစ်ခန့်အကြာမှာ အထင်ကရပြုလုပ်တဲ့ သုတေသနစမ်းသပ်မှုရဲ့ ရလဒ်တွေထွက်ပေါ်လာပြီးနောက်မှသာ အလင်းကုထုံးကို ဆေးပညာလောကမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာခဲ့ကြပါတယ်။ 


နောက်ပိုင်းမှာ ဆက်လက်လေ့လာမှုတွေအရ အပြာရောင်အလင်းဟာ bilirubin တွေကို ပြိုကွဲစေတယ်ဆိုတာကို သိလာကြပါတယ်။ အဲဒါကြောင့် အပြာရောင်အလင်းပေးတဲ့မီးချောင်းတွေကိုတီထွင်ထုတ်လုပ်ပြီး ဆေးရုံတွေမှာသုံးစွဲလာကြပါတယ်။ ဒါပေမယ့် ဒီအလင်းကုထုံးဟာ သိပ်မဆိုးရွားတဲ့ အသားဝါခြင်းတွေအတွက်သာ သုံးလို့ရပါတယ်။ အသားဝါခြင်းဟာ သိပ်ပြင်းထန်လာရင်တော့ ကလေးငယ်ရဲ့ ဦးနှောက်ကို ပျက်စီးစေတတ်တဲ့အတွက် ပိုပြီးထိရောက်တဲ့ အခြားနည်းလမ်းတွေနဲ့ ကုသပေးရပါတယ်။ ရောဂါသိပ်မပြင်းထန်တဲ့ ကလေးငယ်လေးတွေအတွက်တော့ အပြာရောင်အလင်းကုထုံးဟာ မွေးကင်းစအသားဝါခြင်းကို ကုသဖို့အတွက် လွန်စွာအသုံးဝင်တဲ့ ကုထုံးတစ်ခုပါပဲ။

Comments

Post a Comment