Arsenic

 

Poison-2(Arsenic)




အာဆင်းနစ် သည် ဓာတုဒြပ်စင်တစ်မျိုးဖြစ်သည်။ အာဆင်းနစ်ကို မြေကြီးထဲမှ တူးဖေါ်သန့်စင်ရရှိသည်။ တရုတ်ပြည်သည် အားဆင်းနစ်အများဆုံး ထွက်ရှိရာဒေသဖြစ်သည်။ မြေဆီလွှာ 1 kg လျှင် အာဆင်းနစ် 100 mg ခန့်အများဆုံးရရှိနိုင်သည်။


အာဆင်းနစ်သည် သတ္ထုစပ်ဒြပ်စင်တစ်မျိုးဖြစ်ပြီး ကုန်ထုတ်လုပ်ငန်းများတွင် တွင်ကျယ်စွာအသုံးပြုသည်။ ဘက်ထရီ၊ အီလက်ထရွန်နစ်ဆားကစ်ပြား၊ ကြေးထည်လုပ်ငန်း များတွင် အာဆင်းနစ်ကို အသုံးပြုကြသည်။ အစိမ်းရောင်သုတ်ဆေးဖေါ်စပ်ရာတွင်လည်း အာဆင်းနစ်ပါဝင်သည်ဟု ဆိုသည်။ အာဆင်းနစ်သည် ဆဲလ်များကိုသေစေတတ်သော ဂုဏ်သတ္တိရှိရာ သစ်အချောထည်လုပ်ငန်းများတွင် မှိုနှင့်ဘက်တီးရီယားများ မစွဲကပ်စေရန် တာရှည်ခံဆေးအဖြစ် ထည့်သွင်းဖေါ်စပ်ကြသည်။ ၎င်းအပြင် စိုက်ပျိုးရေးဆေးများတွင်လည်း အာဆင်းနစ်ထည့်သွင်းဖေါ်စပ်မှုများရှိသည်။ ပတ်ဝန်းကျင်ကို ထိခိုက်စေမှုကြောင့် US အပါအဝင်အချို့နိုင်ငံများတွင် ဤသို့သုံးစွဲမှုကို တားမြစ်ထားသော်လည်း အခြားနိုင်ငံများရှိ သစ်အချောထည်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် တွင်ကျယ်စွာ သုံးစွဲနေကြဆဲဖြစ်သည်။ 


အာဆင်းနစ်ကို အ‌စောပိုင်းရာစုနှစ်များတွင် ဆေးအဖြစ်သုံးစွဲခဲ့မှုများလည်းရှိသည်။ ရှေးအခါက ဆစ်ဖလစ်‌ရောဂါ ကုသရန်နှင့် ကင်ဆာရောဂါကို ကုသရန် အာဆင်းနစ်ကို သုံးစွဲခဲ့ကြသည်။ နောက်ပိုင်းတွင် ပိုမို‌ကောင်းမွန်သော ဆေးဝါးများ ပေါ်ပေါက်လာရာ အာဆင်းနစ်ကိုအသုံးမပြုကြတော့ပေ။ 


အာဆင်းနစ်သည် သတ္တဝါတို့အတွက် အန္တရယ်ရှိသောအဆိပ်တစ်မျိုးဖြစ်သည်။ မြေအောက်/မြေပေါ်ရေတို့တွင် အားဆင်းနစ်များပျော်ဝင်နေတတ်ရာ ‌ရေထဲတွင်အာဆင်းနစ်ပါဝင်မှုသည် ရေပဏ၏ အပုံသန်းတစ်ထောင်ပုံလျှင် ငါးပုံထက်ကျော်ပါက သောက်သုံးရန်မသင့်သောရေအဖြစ် သတ်မှတ်ထားသည်။ ဆန်၊ အသီးအနှံ စသော စိုက်ပျိုးထုတ်ကုန်များတွင်လည်း မြေဆီလွှာ/စိုက်ပျိုးရေးဆေးတို့မှတစ်ဆင့် အာဆင်းနစ်ပါဝင်တတ်ရာ နိုင်ငံအသီးသီးမှ FDA အဖွဲ့များသည် အစားအသောက်များ၏ အာဆင်းနစ်ပါဝင်မှုကို အမြဲစောင့်ကြပ်လေ့လာနေရသည်။ အစားအစာ၊ရေ စသည်တို့မှတစ်ဆင့် ခန္ဓာကိုယ်တွင်းတွင် အားဆင်းနစ်ဝင်ရောက်မှုပမာဏကို သွေး၊ ဆီး၊ ဆံပင်၊ လက်သည်း၊ခြေသည်း စသည်တို့ကို ဓါတ်ခွဲစမ်းသပ်ခြင်းဖြင့် သိရှိနိုင်သည်။


အာဆင်းနစ်သည် အင်ဇိုင်းဟုခေါ်သော ဇီဝဓာတ်ကူပစ္စည်းများကို ဝင်ရောက်ပေါင်းစည်းခြင်းဖြင့် ဇီဝဖြစ်စဉ်များကို နှောက်ယှက်ဟန့်တားသည်။ အဓိကအားဖြင့် Mitochondria မှ ATP ဟုခေါ်သော စွမ်းအင်ဒြပ်ပေါင်းထုတ်လုပ်မှုကို ကျဆင်းစေသည်။ အာဆင်းနစ်နှင့် ရေရှည်ထိတွေ့မှု သို့မဟုတ် ပမာဏများများထိတွေ့မှုသည် ကိုယ်တွင်းအင်္ဂါများကို ATP မလုံလောက်မှုကြောင့် ပျက်စီးစေပြီး အသက်သေဆုံးသည်အထိ ဖြစ်စေသည်။ 


ပထမကမ္ဘာစစ်အတွင်းတွင် အမေရိကန်က သုံးစွဲခဲ့သော Lewisite ဟူသည့် ဓာတုလက်နက်သည် အာဆင်းနစ်ပါဝင်သော ဒြပ်ပေါင်းဖြစ်သည်။ Lewisite အဆိပ်မိခြင်းကို ကုသရန်အတွက် အင်္ဂလိပ်တို့က Anti-lewisite ဟုခေါ်သော ဒြပ်ပေါင်းကို အသုံးပြုခဲ့ကြသည်။ ၎င်းဒြပ်ပေါင်းကို Dimercaprol ဟုလည်းခေါ်သည်။ Dimercaprol သည် လတ်တလော အဆိပ်သင့်ခြင်းကို သက်သာစေနိုင်သော်လည်း ရေရှည်အဆိပ်သင့်ခြင်းကြောင့် ကိုယ်တွင်းအင်္ဂါထိခိုက်မှုကိုမူ မကုသနိုင်ချေ။


အာဆင်းနစ်သည် အဆိပ်ဟုဆိုသော်ငြား ကြက်၊ ကြွက်၊ ဟမ်းစတားကြွက်၊ ဆိတ်စသော သတ္တဝါတို့အတွက်မူ အရေးပါသော အာဟာရဓါတ်တစ်မျိုးဖြစ်သည်ဟုဆိုသည်။ ၎င်းသတ္တဝါတို့အတွက် မည်သို့အကျိုးပြုသည်ကိုမူ ပညာရှင်တို့ ကောင်းစွာနားမလည်နိုင်သေးပေ။

Comments

Post a Comment