Autism Spectrum Disorder(ASD)

 


 ဒီနေ့ပြောပြပေးသွားမှာကတော့ ခုလတ်တလောနာမည်ကြီးနေတဲ့ “Extraordinary Attorney Woo” dramaကားထဲက မင်းသမီးလေးရဲ့ ရောဂါဖြစ်တဲ့ “Autism Spectrum  Disorder (ASD)” လို့လည်းခေါ်တဲ့ "Autism (အော်တစ်ဇင်)" ရောဂါ အကြောင်းပဲ ဖြစ်ပါတယ်။ clickပြီး ဖတ်ကြည့်လိုက်ကြရအောင်နော် 



🔺️ Autism ဆိုတာ ဦးနှောက်နဲ့အာရုံကြောစနစ် ဖွံ့ဖြိုးမှုပုံမမှန်တာကြောင့် ပြောဆိုဆက်ဆံမှု၊ အမူအကျင့်၊ အတွေးအခေါ်နဲ့ ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ စုပေါင်းပြီးဖြစ်လာတဲ့ ရှုပ်ထွေးတဲ့  ကျန်းမာရေးအခြေအနေတစ်ခုပါ။ 


🔺️ Autism ရှိတဲ့သူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ပုံသေမရှိသလို တစ်ယောက်နဲ့တစ်ယောက်လည်း မတူနိုင်ပါဘူး။ ဥပမာ- စိတ်ခံစားချက်ကို ဖော်ပြတဲ့နေရာမှာ ပြဿနာရှိနိုင်ပေမယ့် ဂီတ၊ အနုပညာ၊ သင်္ချာ၊ မှတ်ဉာဏ် စတဲ့ ကဏ္ဍတစ်ခုခုမှာ သာမန်လူတွေထက် ပိုပြီး ထူးချွန်နေတဲ့သူတွေလည်း ရှိပါတယ်။ နေ့စဥ်ဘဝမှာ အကူအညီအများကြီး လိုအပ်တဲ့သူလည်းရှိသလို တခြားသူရဲ့ အကူအညီကို မလိုသလောက်နီးပါး နေနိုင်တဲ့သူတွေလည်းရှိပါတယ်။ 


🔺️ယောက်ျားလေးတွေမှာ မိန်းကလေးတွေထက် Autismဖြစ်နိုင်ခြေ ၄ဆ ပိုမြင့်ပါတယ်။ 


🔺️ ကလေးတစ်ယောက်မှာ Autism ဖြစ်နေပြီဆိုရင် လက္ခဏာတွေက များသောအားဖြင့် အသက် ၃နှစ်မပြည့်ခင်မှာ သိသာလာတတ်ပါတယ်။ 


Autism ရဲ့ လက္ခဏာအချို့ကတော့-

▪️မျက်လုံးချင်းဆုံတာမျိုး မရှိခြင်း

▪️တစ်ခုခုကို ထပ်တလဲလဲလုပ်နေခြင်း (ဥပမာ- စကားတစ်ခွန်းတည်းကို ထပ်ခါထပ်ခါပြောနေတာ၊ ခန္ဓာကိုယ်ကို အဆက်မပြတ်လှုပ်နေတာမျိုး)

▪️စကားပြောခြင်း၊ ခြေဟန်လက်ဟန်ပြခြင်း၊ မျက်နှာအမူအရာ ဖော်ပြခြင်းတို့မှာ အခက်အခဲရှိနေခြင်း

▪️စကားပြောတဲ့အခါ ပုံမှန်မဟုတ်တဲ့ လေသံ (ဥပမာ- အသံကျယ်ကျယ် သို့မဟုတ် စက်ရုပ်လိုအသံ) နဲ့ ပြောခြင်း

▪️တစ်စုံတစ်ယောက်ညွှန်ပြတဲ့နေရာကို လိုက်မကြည့်တတ်ခြင်း

▪️အကြောင်းအရာတစ်ခုခုကို ထဲထဲဝင်ဝင် စိတ်ဝင်စားတာမျိုးမရှိခြင်း

▪️မြှူခြင်း၊ ကစားပေးခြင်းတို့အပေါ် တုံ့ပြန်မှု မည်မည်ရရမရှိခြင်း

▪️လုပ်ရိုးလုပ်စဥ်တစ်ခုတည်းအတိုင်း နေ့စဥ်ပုံမှန်လုပ်ပြီး အဲဒီ လုပ်ရိုးလုပ်စဥ်ကို ညှိနှိုင်းပြောင်းလဲရာမှာလည်း အခက်အခဲရှိခြင်း တို့ပဲ ဖြစ်ပါတယ်။ 


🔺️ Autism ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျမသိနိုင်ပေမယ့် ပတ်ဝန်းကျင်၊ သွေးသား၊ မျိုးရိုးဗီဇ စတဲ့ အချက်အမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ 


▪️မွေးချင်းတွေထဲမှာ Autism ဖြစ်နေတဲ့သူရှိခြင်း

▪️အသက်ကြီးတဲ့ မိဘတွေကနေ မွေးလာခြင်း

▪️မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါတစ်ခုခုနဲ့ မွေးလာခြင်း

▪️ကိုယ်ဝန်ဆောင်စဥ်ကာလမှာ ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်ခဲ့ခြင်း တို့ကလည်း မွေးလာမယ့်ကလေးမှာ Autism ဖြစ်နိုင်ခြေကို ပိုမြင့်စေနိုင်တယ်လို့ ယူဆကြပါတယ်။ 


🔺️ Autism ကို အရှင်းပျောက်အောင် ကုသလို့ မရနိုင်ပါဘူး။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေက လူနာတစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ လက္ခဏာ၊ စွမ်းဆောင်ရည်နဲ့ ပြင်းထန်မှုတွေ ပေါ်မှာမူတည်ပြီး နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ အထောက်အပံ့ပေးပြီး အခက်အခဲတွေကို တတ်နိုင်သမျှ လျှော့ချပေးတဲ့ ကုသမှုတွေကိုတော့ ပေးလို့ရနိုင်ပါတယ်။ 


🔺️ ဒါကြောင့် တတ်နိုင်သလောက် စောစောစီးစီး ကုသမှုခံယူစေတာက ကလေးအတွက် ထိရောက်တဲ့ အထောက်အပံ့တစ်ခု ဖြစ်စေမှာမို့ ကလေးမှာ Autism ဖြစ်နိုင်တဲ့ လက္ခဏာတွေကို သတိထားမိပြီဆိုရင် ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး စောစီးမြန်ဆန်တဲ့ကုသမှု ခံယူစေဖို့က အရေးအကြီးဆုံး အချက်တစ်ခုပဲ ဖြစ်ပါတယ်။

Comments

  1. Thanks.
    By the way ကောင်မလေး is very beautiful 😁😁

    ReplyDelete
  2. Wheel.............dope.🏹🏹🏹

    ReplyDelete
  3. Replies
    1. ကလေးတစ်ယောက် recommended လို့ download ပြီးပြီ ဘယ်အချိန်မှ ကြည့်ဖြစ်မယ်မသိ

      Delete

Post a Comment