ထန်းပင်​၏အသုံးဝင်ပုံ

 



မင်္ဂလာပါရှင်။ 

ရှေ့အပါတ်က ထန်းပင်နဲ့ပတ်သတ်ပြီး ဗဟုသုတအနည်းငယ်ကို မျှဝေပေးခဲ့ပါတယ်။

ဒီနေ့မှာတော့ ထန်းပင်တစ်ပင်မှာရှိတဲ့ အစိတ်အပိုင်းတိုင်းရဲ့ အသုံးဝင်ပုံနဲ့ အညာဒေသမှာ အသုံးပြုပုံတွေကို ပြောပြပေးပါမယ်။

 ထန်းပင်တစ်ပင်မှာဆိုရင် အရွက်၊ အခက်၊ အလက်၊ ပင်စည် ဆိုပြီး ပါရှိသလို အဲ့ဒီအစိတ်အပိုင်းတိုင်းဟာ ပစ်ရက်စရာမရှိအောင် အသုံးဝင်ပါတယ်။

 ထန်းရွက်တွေကနေ စပြီး ပြောကြရအောင်။ 

ထန်းရွက်

နယ်ဘက် အညာဒေသတွေမှာဆိုရင် ထန်းရွက်တွေနဲ့ မိုးထားတဲ့ တဲလေးတွေ၊ အိမ်တွေကို တွေ့ဖူးကြမှာပါ။ ထန်းရွက်မိုးထားတဲ့အကြောင်းရင်းကတော့ ထန်းရွက်တွေက အပူစုပ်ပေးလို့ပါပဲ။ နွေရာသီမှာ ထန်းရွက်မိုးထားတဲ့ တဲ၊ အိမ်ထဲမှာ နေရရင် အပူဒဏ်သက်သာပြီး အေးစိမ့်စိမ့်လေးဖြစ်စေပါတယ်။ ထန်းပင်က ထန်းရွက်ကို ခုတ်၊ နင်းပြီး ခြောက်သွားတဲ့အခါမှာမှ အိမ်တွေမှာ မိုးလို့ရတာပါ။ အလက်မလှလို့ အိမ်မိုးရာမှာ မသုံးတဲ့ ထန်းရွက်တွေကလည်း အလဟသ ဖြစ်မသွားပါဘူး။ မီးမွှေးရတာ လွယ်ကူလို့ အညာဒေသရဲ့ မီးဖိုချောင်တိုင်းမှာ တွေ့ရတတ်ပါသေးတယ်။ ထန်းရွက်အစိုတွေကိုလည်း ကလေးကစားစရာ ဂျိုးရုပ်လေးတွေ၊ ကြယ်လေးတွေ၊ ဖျာလေးတွေ၊ ရှေးခေတ်ကအခေါ် 'ဖာ'လေးတွေကို ရက်လို့လည်းရပါသေးတယ်။

ထန်းလက်၊ 

ထန်းရွက်ခုတ်တဲ့ အခါမှာ ထန်းလက်အခြေကနေ ခုတ်ရပါတယ်။ ပြီးမှသာ ထန်းရွက်ကိုသပ်သပ်၊ ထန်းလက်ကိုသပ်သပ် ပြန်ခုတ်ရပါတယ်။ (အိမ်မိုးတဲ့အခါမှာတော့ ထန်းရွက်ကိုပဲ သုံးရတာပါ။) ခုတ်ထားတဲ့ ထန်းလက်အစိုတွေကိုတော့ လျှော်သပ်တယ် ဆိုပြီး သပ်ကြပါတယ်။ လျှော်တစ်ပင်ကို 100/150 နဲ့ ရောင်းရပါတယ်။ အဲ့ဒီသပ်ပြီးသား လျှော်ပင်တွေကို အိမ်မိုးတဲ့အခါမှာလည်း သုံးပါတယ်။ 

ခုတ်ထစ်ပြီးသား ထန်းလက်အခြောက်တွေကိုတော့ အိမ်တွေမှာ ခြံစည်ရိုးခတ်ဖို့အတွက် သုံးကြတယ်။ တစ်ထောင်(12"အောက် မရှိတရှိ အတိုင်းအတာ) လောက် ဖြတ်ပြီး ထင်းအဖြစ်လည်း သုံးကြပါသေးတယ်။ 

ထန်းခိုင်၊

ထန်းခိုင်ဟာ ဆိုရင် ထန်းဖိုပင်ကနေ ထွက်ပါတယ်။ (ထန်းမပင်က ထန်းသီး,သီးတာပါ။) အဲ့ဒီ ထန်းခိုင်ကနေ ထန်းရည်ယိုပါတယ်။ "ရင်းထောင် ရင်းဆွဲ ၊ ဆောင်မြဲအိုးလွယ်ကာ" ဆိုသလိုပဲ ယိုနေတဲ့ ထန်းရည်တွေကို မြူအိုးခံထားရပါတယ်။ မနက်ရည်၊ ညရည် ဆိုပြီး ထန်းရည်နှစ်လီလောက် အထိ ယိုပါတယ်။ ငယ်ငယ်က လူကြီးတွေနဲ့ ထန်းတောလိုက်သွားပြီဆိုရင် ထန်းစစ်ချပ်နဲ့ အမှိုက်တွေစစ်ပြီး ထန်းရည်ချို သောက်ရတာလဲ အလုပ်တစ်ခုပဲ။ ၁၀၀ရာခိုင်နှုန်း အော်ဂဲနစ်စစ်စစ်ပါပဲ။ အဲ့ဒီ ထန်းရည်ချိုကနေ ထန်းလျက်ချက်ကြပါတယ်။ တစ်ချို့တွေကတော့ ထန်းလျက်မချက်ဘဲ ထန်းရည်ခါးချက်ပြီး ရောင်းကြတယ်။ ထန်းမလှီးတဲ့ ထန်းဖိုပင်က ထန်းခိုင်တွေကိုတော့ ခုတ်စင်းပြီး နွားစာအဖြစ် ကျွေးတယ်။ 

ထန်းသီး၊

ထန်းသီးကို ထန်းမပင် ကနေ သီးပါတယ်။ ထန်းသီးနုနုလေးတွေကိုလည်း ထန်းခိုင်တွေလိုပဲ ခုတ်စင်းပြီး နွားကျွေးပါတယ်။ ထန်းသီးရဲ့ အညှာဘက်ကို အဆန်ပေါ်လာအောင် ဓားနဲ့ဖြတ်ပိုင်းပြီး အဆန်ကို လက်ညိုး၊လက်မနဲ့ ထိုးကော်ပြီး စားလိုက်ရုံပဲ၊ အဲ့ဒါကို ထန်းသီးစုပ်တယ်လို့ခေါ်ပါတယ်။ ထန်းဆီဆန် ဟာ ကျန်းမာရေးအတွက်လည်း အလွန်အထောက်အကူပြုပါတယ်။ ထန်းသီးဆန်မှာဆိုရင် ရေဓာတ်၊ ကာဗိုဟိုက်ဒရတ်၊ ကယ်လ်ဆီယမ်၊ သိုင်ရာမင်၊ ရိုင်ဗိုဖလာဗင်၊ နီကာဆင်၊ ဗီတာမင်B၊ ဇင့်၊ ပိုတက်ဆီယမ်နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ သံဓာတ်နဲ့ အမျှင်ဓာတ်တွေတော့ မပါဝင်ပါဘူး။ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါသေးတယ်။

ဝါဆို ဝါခေါင် ထန်းသီးမှည့်ချိန်မှာဆိုရင်လည်း ထန်းသီးမှည့်အနှစ်နဲ့ မြန်မာ့ရိုးရာထန်းသီးမုန့် လုပ်စားလို့ရပါတယ်။

 ထန်းမြစ်၊

 ထန်းမြစ်ကို ထပင်မြစ် လို့  ခေါ်ပါတယ်။ ထန်းသီးစေ့တွေကို စုပုံပြီး မြေဖို့ထားရပါတယ်။ ဆောင်းတွင်းရောက်တဲ့အချိန်ဆိုရင် တူးဖော်ပြီး စားလို့ရပါပြီ။ အလွန်အေးလှတဲ့ အညာဆောင်းမှာ ထင်းမီးဖိုကြီးဖိုပြီး ပြာပူထဲမှာ ဖုတ်စားရပါတယ်။ ကျက်ပြီဆိုရက်တော့ ဆီ၊ဆား နဲ့ တို့စားလိုက်ရုံပါပဲ။ မိးဖိုမှာ ထိုင်ပြီး စကားတပြောပြောနဲ့ ထပင်မြစ်ဖုတ်စားကြတာက ဆောင်းတွင်းရဲ့ အညာဓလေ့ တစ်ခုပါ။ 

ထန်းပင်စည်၊

ထန်းပင်စည်ကတော့ လူနေအိမ်တွေ အတွက် တိုင်၊ ထုတ်၊ လျောက်၊ ဒိုင်း၊ မျှား၊ ရက်မ တွေ အဖြစ် အသုံးဝင်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက ထန်းပင်တွေကို ခုတ်လှဲပြီး အဲ့ဒီအရာတွေ အဖြစ် ဘဝပြောင်းလိုက်ကြတာကို ပါပဲ။ 

ထန်းပင်ရဲ့ အစိတ်အပိုင်းတွေနဲ့ အသုံးဝင်ပုံတွေကို ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။

 ထန်းပင်တွေဟာ ပဒေသာပင်လို့ တင်စားထိုက်တဲ့ အပင်ပါ။ ထန်းပင်ကို လူက အထူးတလည်ပြုပြင်ပေးစရာ မလိုပါဘူး။ သူ့သဘာဝအလျောက် မြေဆီကို စားသုံးပြီး ကြီးထွားလာတာပါ။ ထန်းဖို ထန်းမ နှစ်မျိုးစလုံးက အရွက်ပေး၊ အလက်ပေး၊ အရည်ပေးနဲ့ ကျေးလက်နေသူတို့အတွက် နေရေး၊ စားရေး၊ ဖြည့်ဆီးပေးပါတယ်။ လေပြင်းဒဏ်၊ မုန်တိုင်းဒဏ်၊ ကြံ့ကြံ့ခံနိုင်ပြီး လူမလှဲချရင် လဲမကျတတ်တဲ့ ပဒေသာပင်ပါ။ ဒါပေမဲ့ လူတွေကလည်း အမြစ်ကနေတူးပြီး လှဲနေဆဲပါပဲ။ 

 ကျွန်မတို့ ​နိုင်ငံက အသီးအပွင့်တိုင်း၊ သယံဇာတတိုင်းက တကယ်ကိုအဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးပါတယ်။ ဒါပေမဲ့ လူပေါ် လူညွှန့်ခူးတဲ့ လူတွေကြောင့် အကျည်းတန်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံနေရတယ်။ ဒီလို အဖြစ်ဆိုးတွေ ဒီမျိုးဆက်မှာပဲ နောက်ဆုံးဖြစ်ရအောင် ကိုယ်တတ်နိုင်တဲ့နေရာကနေ ပါဝင်ကြရအောင်….။

ကျန်းမာ ဘေးကင်းသော နေ့လေးတစ်နေ့ ဖြစ်ပါစေ။

Comments

Post a Comment