ခြင်္သေ့တွေ အပျင်းကြီးသလား

 

ခြင်္သေ့ကြီးတွေ အပျင်းကြီးသလား



သင်ဟာ ခြင်္သေ့တွေကို စိတ်ဝင်စားသူတစ်ဦးဆိုရင် Discovery channel လို ရုပ်သံလိုင်းတွေမှာ ခြင်္သေ့ကြီးတွေကို စိတ်ဝင်တစား ကြည့်ဖူးမှာပါ။ ဒီထဲကမှ တချို့ခြင်္သေ့တွေဟာ ရံခါရံခါ ဘာမှ မလုပ်ပဲ လှဲလျောင်းနေလေ့ရှိတာကိုလည်း တွေ့ဖူးမှာပါ။ ဒါမျိုးကိုမြင်ဖူးရင် ‘ဟာခြင်္သေ့ကြီးတွေက အပျင်းကြီးလိုက်တာ’ လို့ ထင်မြင်သွားနိုင်ပါတယ်။ 


တကယ်တော့ ဒီ့ထက်ပိုထူးဆန်းတာ ရှိပါသေးတယ်။ ခြင်္သေ့အထီးတွေက ပုံမှန်အမဲလိုက်လေ့လည်း မရှိပါဘူးတဲ့။ များသောအားဖြင့် ခြင်္သေ့အမတွေကသာ အမဲလိုက်ကြပြီး ရရှိလာတဲ့ သားကောင်ကိုမှ ခြင်္သေ့အထီးတွေက ပြန်ပြီး မျှဝေစားသောက်တာပါတဲ့။  အမတွေက သူတို့ကို ခွဲမကျွေးရင် ခိုးစားလုစားတတ်ပါသေးသတဲ့။ ‘ဟာ လည်ဆံမွှေးကားကားနဲ့ ဝင့်ကြွားလှတဲ့ တောသုံးထောင်ပိုင် ခြင်္သေ့မင်းက သူခိုးကြီးပါလား’ လို့ မှတ်ချက်ပြုရမလိုတောင်ဖြစ်နေတော့တာပေါ့။ 




တကယ်တော့ ဒါဟာ တိရစ္ဆာန်တွေရဲ့ သဘာဝပဲဖြစ်ပါတယ်။ ခြင်္သေ့အထီးတွေက ငပျင်းကြီးတွေ၊ လုံးဝအသုံးမကျတဲ့အကောင်ကြီးတွေတော့ မဟုတ်ပါဘူး။ သူတို့နဲ့ ခြင်္သေ့အမတွေရဲ့ တာဝန်ခွဲဝေမှု မတူညီတာသာဖြစ်ပါတယ်။ ခြင်္သေ့အထီးတွေရဲ့ တာဝန်က ခြင်္သေ့အုပ်ကို ကာကွယ်စောင့်ရှောက်ရတယ်။ ရန်သူဒါမှမဟုတ် တခြားစားကျက်က ခြင်္သေ့အထီးတွေရောက်လာရင် ယှဉ်ပြိုင်တိုက်ခိုက်ရတယ်။ ဒီလိုမျိုး တာဝန်တွေကို သူတို့က ယူထားရတာပါ။ ခြင်္သေ့အမတွေကတော့ သားကောင်ရှာ အမဲလိုက်ကြရပါတယ်။ 


ဘာလို့ ခြင်္သေ့အထီးတွေက အမဲမလိုက်တာလဲဆိုရင် သူတို့ရဲ့ ကြီးမားလေးလံလှတဲ့ ကိုယ်လုံးကြောင့်ပဲ ဖြစ်ပါတယ်။ ဒီခံညားလှတဲ့ ကိုယ်ခန္ဓာနဲ့ လည်ဆံမွှေးဖားဖားကြီးတွေဟာ ရန်သူနဲ့ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားပေမယ့် ထွက်ပြေးနေတဲ့ သားကောင်ကို နောက်က အမီလိုက်ဖို့တော့ ခက်ခဲစေပါတယ်။ ဒါ့ကြောင့် အုပ်စုဖွဲ့အမဲလိုက်တဲ့ ကိစ္စမျိုးမှာဆိုရင်တော့ သားကောင်ကို အမိဖမ်းဖို့ ခြင်္သေ့အမတွေက တာဝန်ယူပြီး ခြင်္သေ့ထီးတွေက ခွန်အားကို အသုံးပြုပြီး တိုက်ပွဲကိုအဆုံးသတ်လိုက်ကြပါတယ်။ 


အခုဆိုရင် ခြင်္သေ့အထီးတွေဟာအမတွေထက် အပျင်းကြီးတယ်လို့ ဘာကြောင့် ယူဆကြသလဲဆိုတာကို နားလည်သွားကြမယ်လို့ ထင်ပါတယ်။ တကယ်တော့ အပျင်းကြီးတယ်ဆိုတာ အိမ်မွေးတိရစ္ဆာန်နဲ့ လူတွေမှာပဲရှိတာပါ။ တောရိုင်းသဘာဝအတိုင်း နေထိုင်ကြတဲ့တိရစ္ဆာန်တွေမှာ အပျင်းကြီးတယ်ဆိုတာ လုံးဝမရှိပါဘူး။ ဘာကြောင့်ဆိုရင် အသက်ရှင်သန်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အစာရှာခြင်းလုပ်ငန်းစဉ်ဟာ တောရိုင်းတိရစ္ဆာန်တွေရဲ့ ဘဝပေးတာဝန်ဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။

Comments

Post a Comment