အရက်ကြောင့် ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ၁

 

အရက်ကြောင့်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ 

အပိုင်း -၁




ဒီအကြောင်းပြောမယ်ဆိုရင် 

၁။အရက်သောက်တတ်တဲ့သူတွေ ကိုယ်တိုင်ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ 

၂။ဇနီး ခင်ပွန်း အိမ်ထောင်ဘက်တို့ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ 

၃။သားသမီးများခံစားရတဲ့ ထိခိုက်မှုများ၊ 

၄။ ရပ်ရွာပတ်ဝန်းကျင်ကခံစားရတဲ့ နစ်နာမှုများ စသဖြင့် အပိုင်းလိုက် ပြောပြပေးပါမယ်။

သိပ်ရှည်သွားမှာစိုးလို့ တိုတိုနဲ့လိုရင်းပဲ ပြောပါ့မယ်နော်။

၁။အရက်သောက်တတ်တဲ့သူတွေ ကိုယ်တိုင်ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊

စိတ်ညစ်လို့ အရက်သောက်တယ် ဒါပေမယ့် အရက်သောက်လို့ စိတ်ညစ်တာ မပျောက်ဘူးဆိုတာ သောက်တတ်တဲ့သူတိုင်းသိကြပါတယ်။ အရက်သောက်ခြင်းအားဖြင့် မူလ ပြဿနာများမဖြေရှင်းနိုင်ဘဲ အရက်စွဲတာသာအဖတ်တင်ကျန်ခဲ့ပါတယ်။ သူ့ချည်းလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးပါတယ်။ ပြဿနာကို ‌လက်လျှော့အရှူံးပေး အညံ့ခံလိုက်ကြပါတယ်။ တချို့က ကိုယ့်ပြဿနာကို လမ်းလွှဲပစ်ပါတယ်။ မမူးရင် မပြောနိုင်တဲ့စကားတွေကို မူးမှ မိသားစုကို အပြစ်ရှာ ရမ်းကားပါတယ်။ ကိုယ့်ကိုယ်ကို မနာကျင်အောင်ကာကွယ်ဖို့ကြိုးစားရင်း မိသားစုကို အခါခါနာကျင်အောင်လုပ်ပါတော့တယ်။ အဲဒီအခါ မိသားစုရဲ့ တန်ဖိုးထားချစ်ခင်ခြင်းတွေ မခံရတော့ဘဲ ရွံရှာ မုန်းတီးခြင်းကို ခံရပါတယ်။ နလံမထူနိုင်တဲ့ self-esteem ဟာ ပြားပြားဝပ်ပျောက်ဆုံးသွားပါတယ်။

ကိုယ့်အစွမ်းအစကို ကိုယ်မယုံကြည်နိုင်တော့ဘဲ သူတပါးကို သံသယတွေဝင်လာပါတယ်။ သူကျရှူံးရတာ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်၊ သူမပျော်ရွှင်ရတာ မိသားစုဝင်တွေကြောင့်လို့ မြင်လာပါတယ်။ အိမ်ထောင်သာယာအောင် မဖန်တီးနိုင်လေ အိမ်ထောင်ဖက်ကို သဝန်တို စွတ်စွဲရင်း ရန်ပွဲတွေနေ့စဉ်နွှဲပါတယ်။ သားသမီးတွေ အမြင်မှာ လေးစားချစ်ခင်စရာ အိမ်ထောင်ဦးစီ ဖခင်နေရာပျောက်ပြီး အလုပ်မရှိ အချိန်ပြည့်မူးပြီး အမေ့ကိုနှိပ်စက်တဲ့ အဖေအဖြစ် အမြင်ခံရပြီး role ပျောက်သွားပါတယ်။ သူအဖို့သွားစရာနေရာက အရက်ဆိုင်ကလွဲလို့ မရှိတော့တဲ့အခါ မထူးဇာတ်ခင်းပါတယ် သောက်ရင်းသေမယ်တွေဖြစ်လာပါတယ်။ သောက်ရင်းမသေဘဲ အာရုံကြောတွေအားနည်းလာတဲ့အခါ ခန္ဓာကိုယ်က အရက်ကို မခံနိုင်တော့တဲ့အခါ အရက်ငန်းဖမ်းတဲ့ဝေဒနာကို အပြင်းအထန်ခံစားရပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ ဝေဒနာကို မခံနိုင်တဲ့အဆုံး ကိုယ့်ဘဝကိုယ် ကိစ္စတုံး အဆုံးစီရင်သွားကြသူတွေ မနည်းပါဘူး။ ဆေးကုသမှု ခံယူဖို့အကြောင်းပါလို့ ကုသပေးခဲ့ရင်လဲ အိမ်ပြန်ရောက်ရင် ဒုံရင်းပြန်ဖြစ်သွားကြတာလဲ ဒုနဲ့ဒေးပါပဲ။ အရက်ဟာ စွဲလွယ်ပါတယ် ဖြတ်ရ အင်မတန်ခက်ပါတယ်။ ကျနော်က အရက်မစွဲပါဘူး ခုဖြတ်ချင်ရင် ခုပြတ်ပါတယ်လို့ ပြောတတ်သူတွေချည်းပါပဲ။ ဘာကြောင့်မဖြတ်သလဲလို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ (အဖြေကို commentမှာ ရေးကြည့်ပါ မှန်ရင် ဆုချပါမယ်😃)

အသောက်ကြာလာလို့ ယစ်ထုပ်ကြီးဘဝမှာ မိသားစုကအပြုအစုကောင်းရင် မထောင်းသာပေမယ့် အာဟာရချို့တဲ့အောင် ပစ်စလက်ခတ်သောက်သူတွေမှာ မှတ်ဉာဏ်ချွတ်ယွင်းတဲ့ဝေဒနာ စောစီးစွာ ခံစားရတတ်ပါတယ်။ စကားတစ်ခွန်းမေးလို့ အဆီအငေါ်မတည့်တွေ တောင်စဉ်ရေမရဖြေနေတတ်တဲ့ ယမကာလုလင်တွေကို  မမူးဘဲရစ်နေတယ်လို့ ရမ်းမစွပ်စွဲလိုက်ပါနဲ့နော်။ သူတို့မှာ neurocognitive impairment တွေ ရနေပြီဆိုတာ ပြောပြနေတာပါ။ အရက်ဖြတ်လိုက်ပေမယ့် မှတ်ဉာဏ်တွေက ပြန်ကောင်းမလာတော့ဘူးဆိုတာ သောက်လွန်းသူတွေ သိစေချင်လိုက်တာ။ တချို့ တချို့တွေမှာ နဂိုအခံ စိတ်ကြွ စိတ်ကျလေးတွေလဲ အရက်သောက်တတ်လာရင် ပိုဆိုး ပိုပြင်းထန်လာတတ်ပါတယ်။ နဂို ရှိရင်းစွဲ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘာမှမဆိုင်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်တာကို သတိထားမိမယ်ဆိုရင် အရက်သောက်လို့ စိတ်ဖောက်တာ မဆန်းပါဘူးလို့ ပြောရမယ်ထင်ပါတယ်။အရက်ကြောင့်ဖြစ်သော စိတ်ကျရောဂါမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေ ပိုများပါတယ်။ အရက်ကြောင့်ဖြစ်သော စိတ်ကြွရောဂါမှာ စီးပွားရေး၊ လူမှုရေး ပြဿနာတွေ ၊ ရဲမှုခင်းတွေ အချုပ်ထောင်ကျခံရခြင်းတွေ ဆက်နွယ်နေတတ်ပါတယ်။ morbid jealousy လို့ လူသိများတဲ့ သဝန်တိုတဲ့ရောဂါကြီး သေရာပါခံစားရတတ်ပါတယ်။ လူမသေပေမယ့် မှတ်ဉာဏ်တွေ ထာဝရပျောက်ဆုံးသွားလို့ စိတ်မကျန်းမာသူလုံးလုံးဖြစ်သွားတတ်ပါသေးတယ်။ 

အဲ နောက်ဆုံးကျန်တာကတော့ အရက်စွဲခြင်းကို အောင်မြင်စွာ ကျော်လွှားနိုင်သူတွေလဲ ရှိပါသေးတယ်။ သူတို့ကတော့ စောစီးစွာ ကုသမှု ခံယူပြီး မိမိကိုယ်တိုင် အရက်ဖြတ်ချင်စိတ်ရှိသူအဖြစ်ပြောင်းလဲသွားသူတွေပါပဲ။ အရက်ဟာ ဘယ်သူတွေ ဘယ်လိုဖြတ်ပေးဖြတ်ပေး ကာယကံရှင်ကိုယ်တိုင် ဖြတ်ချင်စိတ်မရှိရင် ကြိုးစားအားထုတ်မှုမရှိရင် မပြတ်ပါဘူးရှင်။

Comments

  1. ကဗျာဘွဲ့မှူး သီချင်းတောင် သတိရသွားတယ် 🐝

    ReplyDelete
  2. ဝေရာမဏိ-ဝေးဝေးကရှောင်ပါ၏
    နီးရင်တော့မရဘူး

    ReplyDelete

Post a Comment