တော်လှန်သတင်းစာပညာ

 

ပြည်သူ့အတွက် တော်လှန်သတင်းစာပညာ



တော်လှန်ရေးကာလတွင် သတင်းအချက်အလက်ကို အချိန်နှင့်တပြေးညီ သိရှိရေးသည် အလွန်အရေးကြီးပေသည်။  ယခင်ရှိနှင့်ပြီးသား ယုံကြည်အားကိုးရသော ပြည်တွင်းသတင်းမီဒီဌာနများသည် အာဏာသိမ်းပြီးနောက် အဖမ်းမခံရအောင် တိမ်းရှောင်နေရသဖြင့် ကိုယ်တိုင်ကိုယ်ကျ သတင်းလိုက်မယူနိုင်တော့ပေ။ ထိုအခါ သက်ဆိုင်ရာဒေသခံတွေက သတင်းဌာနတွေကို သတင်းပေးပို့လာကြရသည်။  အဆိုပါပေးပို့လာသော သတင်းများကို သတင်းဌာနများက စိစစ်ပြီး ပြည်သူ့ထံကို ပြန်လည်တင်ပြလာရသည်။  ဤနည်းဖြင့် လူတွေသည် သတင်းသမားများဖြစ်လာကြသည်။  ပြည်သူ့ သတင်းစာဆရာ CJ (Citizens Journalist ) ဟူသော အခေါ်အဝေါ်ပင် ပေါ်ထွက်လာခဲ့သည်။ 


ယခုခေတ်ကာလတွင် လူတိုင်းသည် တစ်ချိန်မဟုတ်တစ်ချိန် သတင်းစာပညာနှင့် ပတ်သက်နိုင်ချေရှိလာပါသည်။ မိမိအနားကိုရောက်လာသည့် သတင်းအချက်အလက်ကို သက်ဆိုင်ရာပြည်သူများအချိန်မီသိရှိနိုင်အောင် ပြန်လည်ဖြန့်ဝေနိုင်မှသာ လူ့အသက်များကို ကယ်တင်နိုင်ပေမည်။ တနည်းအားဖြင့် တော်လှန်ရေးအတွက် တာဝန်ကျေပေမည်။  သတင်းမီဒီယာပေါင်းစုံကလည်း သတင်းများပေးပို့ရန် အမြဲလိုလိုတောင်းဆိုနေကြသည်ကို တွေ့နိုင်ပါသည်။ 

ထို့ကြောင့် တော်လှန်ရေးကာလတွင် လူတိုင်း သတင်းစာပညာအကြောင်းကို အခြေခံမျှပင်ဖြစ်စေ သိဖို့လိုအပ်လာပါသည်။ သတင်းသည် ရေးချင်တိုင်းရေး၍ရသည်တော့မဟုတ်။ မည်သည့်သတင်းက တော်လှန်ရေးအတွက် အရေးကြီးပြီး မည်သည့်သတင်းကတော့ဖြင့် တော်လှန်ရေးအတွက် အရေးမပါလှသည်ကို ခွဲခြားသိရှိနိုင်ဖို့ အရေးကြီးလာသည်။ တစ်နည်းအားဖြင့် တန်ဖိုးရှိသောသတင်းဖြစ်မဖြစ်သိရှိဖို့ပင်။


တန်ဖိုးရှိသောသတင်းတစ်ပုဒ်ဖြစ်ရန်အတွက် သတင်းတစ်ပုဒ်သည် (၁) အချိန် နီးစပ်မှု ၊ (၂) နေရာဒေသ ဆက်စပ်မှု၊ (၃) လူအများနှင့် သက်ဆိုင်မှု၊ (၄) ဖြစ်ပျက်ပုံ ထူးခြားမှု၊ (၅) လူစိတ်ဝင်စားမှု  ဆိုသော အချက်များနှင့် တိုက်ဆိုင် စစ်ဆေးကြည့်နိုင်ပါသည်။ 


အချိန်နီးစပ်မှုဆိုရာတွင် ဥပမာအားဖြင့် "တံတားဦးလေတပ်စခန်းမှတက်လာသော တိုက်လေယာဉ်တစ်စီးသည် စစ်ကိုင်းတိုင်း တန့်ဆည်၊ခင်ဦးမြို့များဆီသို့  ဦးတည်ပျံသန်းသွားသည်" ဟူသော သတင်းသည် မိနစ်ပိုင်းနာရီပိုင်းအတွင်းဖြစ်သော ကိစ္စဖြစ်လျှင် သတင်းတန်ဖိုးကြီးမားပါသည်။ လွန်ခဲ့သော လက ဖြစ်ခဲ့သော ကိစ္စဖြစ်ပါက သတင်းတန်ဖိုးလျော့ကျသွားမည် ဖြစ်ပါသည်။


ဒေသအားဖြင့် ဆက်စပ်မှုဆိုရာတွင် သတင်းဖြစ်ပေါ်ရာ နေရာဒေသသည် မိမိတိုင်းပြည်နှင့် မည်မျှသက်ဆိုင်သနည်းဆိုသည့်အပေါ်တွင် မူတည်ပါသည်။ ယူကရိန်းနိုင်ငံက ရုရှား၏ ထိုးစစ်ကို ခုခံတွန်းလှန်နေသည့် သတင်းသည် သာမန်အားဖြင့် နေရာဒေသဝေးကွာသဖြင့် မြန်မာ့နွေဦးတော်လှန်ရေးနှင့် သက်ဆိုင်မှုမရှိသလို ထင်ရသော်လည်း အမေရိကန်ရောက် မြန်မာလူငယ်များက "ယူကရိန်း-မြန်မာ အာဏာရှင်ဆန့်ကျင်သည့်ဆန္ဒပြပွဲ" ကျင်းပပါက ထိုသတင်းသည် နေရာဒေသအားဖြင့်ဝေးကွာသော်လည်း ဆက်စပ်မှုရှိသွားသည်ကိုတွေ့ရပါမည်။ 


ဖြစ်ပျက်ပုံထူးခြားမှုဆိုရာတွင် သတင်းသမားများပြောလေ့ရှိသော ဥပမာတစ်ခုမှာ "လူကိုခွေးကိုက်သည်မှာ သတင်းမဖြစ်သော်လည်း ခွေးကို လူကိုက်ပါက ထူးခြားသော သတင်းဖြစ်သွားသည် " ဟူ၍ပင်။ 


လူစိတ်ဝင်စားမှု ဆိုရာတွင်လည်း ဥပမာအားဖြင့် ရွာကျောင်းဆရာမလေး CDMလုပ်သဖြင့် ဖမ်းခံရသောသတင်းထက် ရုပ်ရှင်မင်းသားပိုင်တံခွန်ဖမ်းခံရသောသတင်းက ပြည်သူလူထုပိုမိုစိတ်ဝင်စားခံရသောကြောင့် သတင်းနှစ်ပုဒ်အကြား သတင်းတန်ဖိုးကွာဟနေသည်ကို တွေ့ရပါမည်။ 


သတင်းကိုစိတ်ဝင်စားသူသည် အမြဲမျက်စိကိုဖွင့်နားကိုစွင့်၍ နေရပါမည်။ ကြားမိမြင်မိသော သတင်းမှန်သမျှကို အထက်တွင်ဖော်ပြခဲ့သော နည်းလမ်းများဖြင့် သတင်းတန်ဖိုးရှိမရှိ ဆုံးဖြတ်ကာ ဆက်လက်စုံစမ်းရမည် ဖြစ်ပါသည်။ ယခုလို တော်လှန်ရေးကာလတွင် မိမိအနေဖြင့် အသေးအမွှားသတင်းလေးဟု ထင်မြင်ပါသော်လည်း သတင်းဌာနကြီးများအတွက်မှု လိုအပ်နေသော ဆက်စပ်အချက်အလက်တစ်ခု ထပ်တိုးလာသဖြင့် အလွန်ကြီးမားအဖိုးတန်သော သတင်းတစ်ပုဒ်ဖြစ်သွားနိုင်သဖြင့် သတင်းတိုင်းကို အလေးထားပြီး လေ့လာသင့်ပါသည်။


နောက်အပတ်တွင် သတင်းရေးသားရာတွင် လိုက်နာရမည့် (ဘ) ခြောက်လုံးနှင့် သတင်းရေးသားနည်းများအကြောင်းကို ဆက်လက်တင်ပြပါမည်။

ရေးသားသူ - L.P


ရည်ညွှန်းကိုးကား ။    ။   ဂါဒီယန်ဦးစိန်ဝင်း၊ အခြေပြသတင်းစာပညာ ၂၀၀၀ ပြည့်နှစ်

Comments

Post a Comment