အရက်ကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ၂

 

အရက်ကြောင့်ဖြစ်သော စိတ်ပိုင်းဆိုရာ ထိခိုက်မှုများ

အပိုင်း (၂)



၂။ ဇနီး၊ ခင်ပွန်းတို့ခံစားရသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

အဓိကကတော့ အိမ်ထောင်ဖက်အချင်းချင်း ရိုသေလေးစားခြင်းတွေ ပျောက်ဆုံးကုန်တာပါ။ ခင်ပွန်းကို မရိုသေနိုင်တော့တဲ့ ဇနီးတစ်ယောက်အဖို့ရာ ဆုံးရှူံးရတာကတော့ သူမရဲ့ စိတ်ချလုံခြုံတဲ့ကမ္ဘာလောကကြီးပါ။ သာယာကြည်နူးဖွယ်ရာ အိမ်ထောင့်အနှစ်အရသာမရှိတော့တဲ့ ခြောက်အိပ်မက်မှာ အထီးကျန်စွာ ရုန်းကန်ရ‌ပါတော့တယ်။

မြိုသိပ်ချုပ်တည်းနိုင်စွမ်းမရှိတော့တဲ့နောက် စိတ်ရောကိုယ်ပါ ကြမ်းတမ်းခက်ထန်စွာ ပြုမူတတ်လာပါတော့တယ်။ ပတ်ဝန်းကျင်မှာ အရှက်တကွဲ ရိုက်နှက်ဆဲဆိုခံရတာ၊ အထင်အမြင်သေးခံရတာတွေအတွက် ဖြေသိမ့်ပေးမယ့်သူလဲ မရှိတတ်ကြပါဘူး။ အိမ်ထောင့်တာဝန်တွေ တစ်ယောက်တည်းထမ်းရင်း အလိုမကျဒေါသတွေကြီးရင်း သားသမီးတွေအပေါ်လဲ မနူးညံ့၊ မနွေးထွေးနိုင်တော့တဲ့ မိဘတစ်ယောက်ဖြစ်လာပါတော့တယ်။ တချို့တွေမှာ အရက်မူးတိုင်းမဟုတ်မဟတ်‌ေတွသဝန်တိုစွပ်စွဲတတ်တဲ့ ခင်ပွန်းကို ရှက်ရွံနာကြည်းစွာ သည်းညည်းခံကြရပါတယ်။ ကိုယ်ထိလက်ရောက် ရိုက်နှက်သောင်းကြမ်းတာ ခံရတဲ့ အိမ်ထောင်ဖက်တွေရှိသလို၊ လက်ဖျားနဲ့တောင်မတို့ဘဲ စကားလုံးတွေနဲ့ စိတ်ဒဏ်ရာပေးတတ်သူတွေလဲ ရှိပါတယ်။ တချို့ဆို အလုပ်ထဲထိ လိုက်အရှက်ခွဲခံရပါတယ်။ တချို့တွေမှာတော့ ခင်ပွန်းဖြစ်သူက သတ်ဖြတ်တာ ခံရပြီး၊ တချို့က ခင်ပွန်းဖြစ်သူကို ကိုယ်ကသတ်မိတာမျိုးတွေတောင်ဖြစ်တတ်ပါတယ်။

ငွေကုန်ခံ လူပင်ပန်းခံပြီး ဆေးကုသမှုခံယူနိုင်အောင် အကြိမ်ကြိမ်အားထုတ်ခဲ့ပေမယ့် မိသားစုထက် အရက်ကို ပိုချစ်သူတွေအတွက် ကျစရာမျက်ရည်မကျန်အောင်ဖြစ်ရသူတွေလဲ မနည်းပါဘူးရှင်။ ကဲ ဘယ်လိုမှ ရှေ့ဆက်မရလို့ ညောင်ညိုပင်စခန်းမှာ လမ်းခွဲကြတဲ့အခါ ထိခိုက်နစ်မွန်းကြရတာက မိသားစုအားလုံးရဲ့ အနာဂတ်တွေပါပဲ။ တချို့သော ဇနီးခင်ပွန်းတွေ စိတ်ဓာတ်ကျတာ စိုးရိမ်စိတ်များတာကို ကုသမှုခံယူဖို့လာတဲ့အခါ အိမ်ထောင်ဖက်ရဲ့ အရက်စွဲဝေဒနာကို သို့မဟုတ် အရက်ကြောင့်ဖြစ်တဲ့သံသယလွန်ကဲခြင်းကိုပါ တပြိုင်နက်တည်း ကုသပေးရတတ်ပါတယ်။

အရက်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲခန္ဓာကိုယ်ရောဂါများ၊ စိတ်ပိုင်းဆိုင်ရာရောဂါများကြောင့် လူမှုရေး၊စီးပွားရေး ဒုက္ခအပေါင်းကိုပါ ခါးဆီးခံရတဲ့အခါ စိတ်ထောင်းကိုယ်ကြေဖြစ်ကြပါသေးတယ်။ မိခင်လောင်းက ကိုယ်ဝန်ဆောင်စဉ်အရက်သောက်တဲ့အခါ fetal alcohol syndrome လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ပါတဲ့ကလေးလေးတွေ မွေးဖွားလာတတ်ပါသေးတယ်။ ကျမရဲ့ အတွေ့အကြုံအရ ဖခင်ဖြစ်သူ အရက်သောက်တဲ့အခါ မွေးလာတဲ့ကလေးတွေမှာလဲ သိသာထင်ရှားတဲ့ ကိုယ်ရည်ကိုယ်သွေးချွတ်ယွင်းချက်တွေကို တွေ့ရတတ်ပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးလဲ နိမ့်ပါးကြရရှာပါတယ်။ လူနေမှု ဘဝစံနှုန်းတွေ နိမ့်ပါးကြရပြီး ဘဝရဲ့ သာယာချမ်းမြေ့မှုတွေ ပျောက်ဆုံးကြရတတ်ပါတယ်။

Comments

Post a Comment