အရက်ကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ၃

 


အရက်ကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

အပိုင် -၃



၃။ အရက်သောက်တတ်တဲ့ မိဘ ကြောင့် သားသမီးများ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

မိခင် ဝမ်းတွင်းမှာ သန္ဓေ တည်ကတည်းကပဲ အရက်ကြောင့် မူလအခြေအနေကနေ အရည်အသွေးပြောင်းလဲသွားတဲ့ genes တွေ မျိုးဗီဇတွေဖြစ်သွားတဲ့အတွက် မွေးဖွားလာတဲ့အခါ ရုပ်ဆင်းသွင်ပြင် ချွတ်ယွင်းမှုတွေ ဖွံ့ဖြိုးမှု နှောင့်နှေးမပြည့်စုံတာတွေ ဉာဏ်ရည်မပြည့်တာတွေ ဖြစ်နိုင်ပါတယ်။ 

မွေးစကာလတွေမှာလဲ မိခင်၊ ဖခင်ရဲ့ မေတ္တာနဲ့ ထွေးပွေ့ယုယကြင်နာမှုနဲ့ တွယ်တာမှု အနှောင်အဖွဲ့ကို ပြည့်ပြည့်ဝဝ မရနိုင်ရှာတဲ့ကလေးလေးတွေမှာ insecure attachment လို့ခေါ်တဲ့ အတွင်းစိတ်မလုံခြုံခြင်းကို ခံစားရတတ်ပါတယ်။ လောကကြီးကို မိဘကနေတဆင့် သင်ယူလေ့လာကြရတဲ့ ကလေးတွေရဲ့ inner working model က ထိခိုက်သွားတဲ့အတွက် လောကကို ရှုမြင်သုံးသပ်ပုံ တုန့်ပြန်ဆောင်ရွက်ပုံတွေ မူမမှန်တော့ပါဘူး။ ရိုင်းတဲ့ကလေး၊ ဆိုးတဲ့ကလေး၊ သန္ဓေမကောင်းတဲ့ကလေးရယ်လို့ တံဆိပ်ကပ်ဆက်ဆံခံရပြန်ပါရော။

နေ့စဉ်နဲ့အမျှ မိဘနှစ်ပါး ရန်ဖြစ်နေတာ မြင်ရတဲ့ ကလေးတွေဟာ သူတို့ကိုယ်သူတို့ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက် ဝင်လာတတ်ပါတယ်။ မိသားစုအတွင်းမှာ မခန့်မှန်းနိုင် ကြိုတင်တွက်ဆလို့ မရနိုင်တဲ့ ပြင်းထန်တဲ့ ဆက်ဆံရေးမပြေလည်မှုတွေကို နေ့စဉ်ကြုံတွေ့နေရတဲ့အတွက် ကလေးရဲ့ အတွင်းစိတ်မှာ မိမိကိုယ်ကို ယုံကြည်ခြင်း၊ သူတပါးအပေါ်ယုံကြည်နားလည်နိုင်ခြင်းတွေ ဖွံ့ဖြိုးမလာတော့ပါဘူး။ မှန်ကန်တဲ့ ပြဿနာဖြေရှင်းနည်းကို သင်ကြားခွင့်မရတဲ့အတွက်ကြောင့် သူရင်ဆိုင်နေရတဲ့အခြေအနေကနေ မလွတ်မြောက်နိုင်တဲ့ မျှော်လင့်ချက်မဲ့တဲ့ စိတ်အခြေအနေကို ခံစားရတတ်ပါတယ်။ ဒီနေရာမှာ လူတစ်ယောက်ကောင်းခြင်းဆိုးခြင်းကို မျိုးရိုးဗီဇတခုတည်း သို့မဟုတ် ပတ်ဝန်းကျင် အခြေအနေတခုတည်းကနေ ပြောင်းလဲနိုင်တယ်ဆိုတာ အတိုင်းအတာ တစ်ခုအထိပါပဲ ဒါပေမယ့် မျိုးဗီဇရော ပတ်ဝန်းကျင်ကပါ ပေါင်းစပ်လိုက်ရင်တော့ ထိခိုက်မှုဟာ တွက်ဆလို့မရနိုင်အောင် များပြားပြင်းထန်သွားတော့တာပါပဲ။ အဆုံးမှာတော့ ကိုယ်ရည်ကိုယ်သွေး နိမ့်ပါးကြတဲ့ ကလေးတွေအဖြစ် လောကဓံကို အလူးအလဲ ရင်ဆိုင်ကြရပါတော့တယ်။

အချစ်မခံရတဲ့ကလေး၊ အသိအမှတ်မပြုခံရတဲ့ကလေး၊  ကိုယ်စွမ်းကိုယ်စနိမ့်ကျတဲ့ကလေး၊ မပျော်ရွှင်တဲ့ကလေးတွေ ဘယ်လောက်တောင်ခက်ခဲကြမ်းတမ်းတဲ့ဘဝ ရလိုက်သလဲဆိုတာ ကြေကွဲစရာပါ။

ဒါ့အပြင် မူးလာတိုင်း နားမခံသာ ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေ ကြားရတဲ့အတွက် မိခင်ဖခင်ရဲ့ နာကြင်မှုကို မြင်တွေ့ခံစားရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုသာမက ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ခံရတာတွေ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရတာတွေလဲ ကျမတို့ မြင်နေ ကြားနေရတဲ့ ပြဿနာတွေပါပဲ။

ဒီလိုကလေးတွေဟာ ကျောင်းစာသင်ကြားမှုမှလဲ အခက်အခဲတွေ့ရတတ်ပြီး စောစီးစွာ ကျောင်းပြင်ပရောက်သွားကြတတ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းကောင်းမရဘဲ ပင်ပန်းစွာရုန်းကန်ရပြန်ပါတယ်။ အရက်၊မူးယစ်ဆေးဝါး၊ ဒုစရိုက်သမား၊ လိင်ကျေးကျွန်ဘဝ ရောက်ရသူတွေလဲ မနည်းပါဘူးရှင်။

တချို့ ကလေးတွေဟာ အရက်စွဲနေတဲ့မိဘက စိတ်ဓာတ်ကျပြီး suicide လုပ်တာကို မြင်တွေ့ကြုံဆုံရပြီး သေရာပါစိတ်ဒဏ်ရာရတတ်ပါတယ်။ တချို့ ကလေးတွေက extended suicide လို့ခေါ်တဲ့ မိသားစုဝင်တွေကို သတ်ပြီး သူ့ကိုယ်သူသတ်သေတဲ့မိဘများလက်နဲ့ အသက်ဆုံးရပြန်ပါတယ်။

မိဘတွေအိမ်ထောင်ပျက်လို့ တစ်ယောက်တနေရာလွင့်ပါးကြတဲ့ အခါ ချစ်ခင်ရတဲ့ မိဘ မောင်နှမတွေနဲ့ ကွဲကွာရတဲ့ဒုက္ခကို ခံစားရပါသေးတယ်။ ဆင်းရဲတာ အသိုက်အမြုံပြိုကွဲတာ အကာအကွယ်မဲ့တာ မျှော်လင့်ချက်မဲ့တာတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ ဆယ်ကျော်သက်တွေရဲ့ဇာတ်လမ်းတွေ မကြးချင်မမြင်ချင်မှအဆုံးပါပဲ။

ဒါကြောင့် ကိုယ့်ရင်ခွင်ထဲ ကလေးတစ်ယောက်ထွေးပိုက်ရတော့မယ်ဆိုရင် အရက်အရင်ဖြတ်ပါ ဖေဖေ၊မေမေတို့ရေ။

Comments

Post a Comment