ပေးထားချက်များ

 

ပေးထားချက်များ


ဘဝမှာ ရှင်သန်နေထိုင်ရင်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကျနော်တို့ လူသားတွေဟာ ပေးထားချက်တွေကို ရင်ဆိုင်‌ ဖြေရှင်းကြရပါတယ်။


 ခန္ဓာကိုယ်ရဲ့ ပေးထားချက်ဖြစ်တဲ့ တစ်နေ့ခြောက်နာရီ အနည်းဆုံး အိပ်စက်ဖို့လိုအပ်တာကို ဘယ်သူမှ လွန်ဆန်ဖို့ မတတ်နိုင်ပါဘူး။ စားချိန်တန် စားရမှ အိပ်ချိန်တန်အိပ်ရမှ အသက်ဆက်ရှင်သန်ဖို့ ဖြစ်နိုင်တာပါ။ ဒီလိုရှင်သန်ရင်း လူ့ဘဝသက်တမ်းပြည့်ချိန်မှာတော့ မလွဲမသွေ သေဆုံးကြရပြန်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ပေးထားချက်ပါပဲ။ ဒီခန္ဓာကိုယ်ပေးထားချက်ဘောင်ထဲမှာပဲ ကျနော်တို့ဟာ  တတ်စွမ်းသမျှ ကြိုးစားကြရပါတယ်။ 


ဒီလိုပဲ ကမ္ဘာမြေရဲ့ပေးထားချက်ကလဲရှိပါ‌သေးတယ်။ နွေမှာပူ‌လောင်၊ မိုးမှာ စိုစွတ်ပြီး ဆောင်းမှာ‌တော့ အေးခဲရပါတယ်။ ဒီလိုပေးထားချက်တော်တော်များများကိုတော့ လူသားတွေက လွန်ဆန်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ‌မီးမပေါ်ခင် ကျောက်ခေတ်တုန်းက နေလုံးကွယ်ရင် ဂူထဲဝင်အိပ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပေမယ့် နောက်တော့ လျှပ်စစ်မီးကိုတီထွင်လာနိုင်ခဲ့တာပဲလေ။ 


အခုခေတ် တိုင်းပြည်ဆုတ်ယုတ်ချိန်မှာ မီးပျက်တော့ စက်ပစ္စည်းနဲ့လုပ်ရတဲ့အလုပ်တွေအကုန်ရပ်နားပြီး လက်မှိုင်ချရပါတယ်။ ဖုန်းအင်တာနက်တွေဖြတ်ပစ်တော့လဲ ဝိုင်ဖိုင်ရတဲ့နေရာကို အပင်ပန်းခံသွား သုံးကြရပြန်တယ်။  ဒါတွေကတော့ လတ်တလောဖြေရှင်းဖို့ခက်ခဲတဲ့ ခေတ်ရဲ့ ပေးထားချက်တွေပါပဲ။ နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပေးထားချက်တွေပါ။  ဒီပေးထားချက်တွေကို တွန်းလှန်ပြီး ကြိုးစားရတာဟာ အင်မတန်ခက်ခဲမှာ သေချာပေမယ့် သဘာဝကို တွန်းလှန်ရတာလောက်တော့ မခက်ခဲနိုင်ပါဘူး။ ညအချိန်အလင်းပေးဖို့ လျှပ်စစ်မီးကို တီထွင်ပြီး လောကရဲ့ ပေးထားချက်ကို တော်လှန်ခဲ့သလိုမျိုး အာဏာရှင်ကို တွန်းလှန်ပြီး ခေတ်မီတိုးတက်တဲ့ တိုင်းပြည်သစ်ကို တည်ထောင်ကြရမှာပါ။ 


တတ်နိုင်သလောက် လှူနေ ကူနေ ကလစ်နေခြင်းဟာ အာဏာရှင်တွေ ပေးထားတဲ့ သတ်မှတ်ချက်ဘောင်တွေကို ပြည်သူ့စွမ်းအားနဲ့ ချိုးဖျက်တာပါပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ပြုလိုက်တဲ့ ကလစ်တစ်ချက်ဟာ ခေတ်ကိုပြောင်းဖို့တွန်းအားတစ်ခုမို့ အင်မတန်ကြီးကျယ်တဲ့အလုပ်ကို လုပ်နေတာပဲဆိုတာကို သဘောပေါက်နားလည်ပြီးအတူတူကြိုးစားလိုက်ကြရအောင်လားခင်ဗျာ။

Comments

  1. Replies
    1. အခုလောလောဆယ်
      ကျနော်တို့အတွက်ေခတ်ကပေးထားတဲ့တာဝန်ဟာအာဏာရှင်ဖြုတ်ချရေးမှာကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ကြဖို့ဘဲဖြစ်ပါတယ်။

      Delete
  2. ခေါတ်ကိုပြောင်းမဲ့ click ဖြစ်စေရမယ်

    ReplyDelete
  3. ကောင်းလိုက်တဲ့အရေးအသား👏

    ReplyDelete
  4. Wheel.............dope.🏹🏹🏹

    ReplyDelete

Post a Comment