Poison-1 (Cyanide)


Poison-1 (Cyanide)




Cyanide သည် လူသိများသော အဆိပ်တစ်မျိုးဖြစ်သည်။ ဂျာမန်နာဇီများက ကျူးလွန်ခဲ့သော ဂျူးလူမျိုးများကို သတ်ဖြတ်မှုတွင် Cyanide ဓာတ်ငွေ့ကို တွင်ကျယ်စွာ သုံးစွဲခဲ့ကြသည်။ Cyanide သည်ဓာတုသဘောအရ ကာဗွန်တစ်လုံးနှင့် နိုက်ထရိုဂျင်တစ်လုံးပါဝင်သည်။ အချို့သော ဘက်တီးရီယားများ၊ မှိုများနှင့် ရေညှိပင်များသည် Cyanide ထုတ်လုပ်နိုင်ကြသည်။ ပန်းသီး၊ မက်မုံသီး စသည်တို့၏ အစေ့များတွင်လည်း Cyanide ပါဝင်မှု မြင့်မားသည်။ ကုန်ထုတ်လုပ်ငန်းများတွင် အသုံးပြုရန် Cyanide ကို မီသိန်း (CH4)နှင့် အမိုးနီးယား(NH3) တို့ကို ဓာတ်ပြုစေခြင်းဖြင့် စီပွားဖြစ်ထုတ်လုပ်နိုင်သည်။ 


Cyanide ကို ရွှေငွေသတ္တုများတူးဖေါ်သန့်စင်ရာတွင် အမြောက်အများအသုံးပြုသည်။ အချို့သောဆေးဝါများထုတ်လုပ်မှု နှင့် ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲစမ်းသပ်မှုများတွင်လည်း Cyanide ကို အသုံးပြုသည်။ အချို့နိုင်ငံများတွင် Cyanide ပါဝင်သော စိုက်ပျိုးရေးဆိုင်ရာ ပိုးသတ်ဆေးများကို ခွင့်ပြုထားသည်။ တရားဝင်ခွင့်ပြုချက်မရှိသော်လည်း ငါးဖမ်းလုပ်ငန်းများတွင် Cyanide အသုံးပြုမှုများကို တွေ့ရသည်။ Cyanide ကို ဆားစသည်တို့ မခဲအောင်ကာကွယ်ရန်အတွက်လည်း ခွင့်ပြုထားသော ပမာဏအချိုးအစားဖြင့် ထည့်သွင်းအသုံးပြုကြသည်။ 


Cyanide သည် ပြင်းထန်သော ဓာတုအဆိပ်တစ်မျိုးဖြစ်သည်။ Cyanide ပါဝင်သော ဓာတုအမှုန့်ဖြစ်စေ၊ ဓာတ်ငွေ့ဖြစ်စေ ပမာဏအများအပြားခန္ဓာကိုယ်ထဲသို့ရောက်ရှိပါက အသက်သေဆုံးနိုင်သည်။ Cyanide အမှုန့်  200 mg ခန့် စားသုံးမိပါက မိနစ်ပိုင်းအတွင်း အသက်သေဆုံးနိုင်သည်။ Cyanide သည် ဆဲလ် များအတွင်းရှိ Mitochondria မှ စွမ်းအင်ထုတ်လုပ်ခြင်းကို တားဆီးရပ်တန့်နိုင်သော သတ္တိရှိသည်။ သို့ဖြစ်ရာ ခန္ဓာကိုယ်သည် ဇီဝဖြစ်စဉ်များလည်ပတ်ရန် စွမ်းအင်မရတော့ဘဲ အသက်ဆုံးရှုံးရခြင်းဖြစ်သည်။ 


Cyanide အဆိပ်သင့်ပါက ကုသကယ်တင်ရန်မလွယ်ကူသော်လည်း အဆိပ်သင့်မှုပမာဏ မများသော လူနာများကိုမူ ဗိုက်တာမင် B12 ပေးခြင်းဖြင့် ကုသနိုင်သည်။ ၎င်းဗိုက်တာမင်သည် Cyanide နှင့် ဓာတ်ပြုပေါင်းစည်းပြီး ‌ဆီးထဲတွင် ပါသွားခြင်းဖြင့် ခန္ဓာကိုယ်ထဲမှ Cyanide ပမာဏကို လျော့နည်းသွားစေခြင်းဖြင့် လူနာကို သက်သာစေသည်။

Comments

Post a Comment