ဝတ္ထုတို

 

"ကျွန်တော့်ကြောင့် ကျနော့်အမေ 

အရိုက်ခံခဲ့ရတယ် "


     


      သည်ညလိုပဲ အဲ့တုန်းကလည်းမိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့အချိန်ပေါ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း  'ဒုန်း 'ဆိုတဲ့ အသံကျယ်ကြီးကြောင့် ကျနော်လန့်နိုးလာတယ်  မိုးခြိမ်းသံကိုကြောက်တတ်တဲ့ကျနော်က အမေ့ဘက်ကို အားကိုးတကြီးကြည့်လိုက်တော့ အမေကခါတိုင်းလိုကျနော့်ဘေးမှာမဟုတ်ဘဲ အိပ်ခန်းတံခါးကို အတင်းတွန်းပိတ်နေတယ် အရင်က အမေမိုးခြိမ်းသံကိုမကြောက်တတ်ပါဘူးလို့ တွေးနေတုန်း အပြင်ဘက်က အဖေ့ရဲ့ဒေါသတကြီးအော်သံကို ကြားလိုက်ရတယ်.    "ကောင်မ  တံခါးဖွင့်စမ်း ခုချက်ချင်းဖွင့်နော် မဖွင့်ရင်ငါဖျက်၀င်လာမှာ " ဆိုတဲ့အသံကြီးက ကြောက်စရာကောင်းလွန်းလို့ ကျနော်ကုိယ်တွေတုန်ယင်စပြုလာတယ် |အရင်တည်းက အဖေနဲ့အမေက ရန်ဖြစ်နေကြပေမဲ့ အဲ့ညလောက်တော့ မပြင်းထန်ခဲ့ဖူးဘူး   နောက်ဆုံးတော့ အဖေက သူပြောတဲ့အတိုင်း တရွန်းပြားနဲ့ တံခါးကိုအတင်းတွန်းဖျက်ပြီး ၀င်ချလာတယ်  ပြီးတော့ကျနော့်ကိုယ်လေးကိုဖက်ပြီးတုန်ယင်နေတဲ့အမေ့ကို. အတင်းဆွဲပြီး ကျနော်မွှေးမွှေးပေးနေကြ အမေ့ရဲ့ပါးနုနုတွေကိုအဖေဟာ မညာမတာရိုက်ပစ်ခဲ့တယ် "အဖေ အမေ့ကိုမရိုကိပါနဲ့ သားကြောက်လို့ပါ အမေနာနေပြီ တော်ပါတော့"လို့  ရင်တွေကွဲမတတ် အော်နေပေမဲ့  အံ့သြစရာကောင်းတာက ကျနော့်အသံက အပြင်ကိုထွက်မလာခဲ့ဘူး     အမေရဲ့ ကယ်ပါယူပါဆိုတဲ့ အသံလေးကလည်း သည်းထန်လွန်းတဲ့မိုးစက်တွေအောက်မှာ  ပျောက်သွားတယ်နဲ့တူပါရဲ့ တစ်ယောက်မှ ကျနော်တို့သားအမိကို လာမကယ်ကြဘူးလေ   အားရအောင်ရိုက်နှက်ပြီးတော့ အဖေကမူးမူးနဲ့အိပ်ပျော်သွားတယ်   မနက်ရောက်တော့ အဖေဟာ သူမဟုတ်သလိုပါပဲ ပုံမှန်အလုပ်ကိုသွားတယ်  အမေကတော့ ညိုမည်းနေတဲ့မျက်နှာကြောင့်ထင်ပါရဲ့ ခါတိုင်းလိုစျေးမသွားဘူး   ခဏကြာတော့ ကျနော့်ရဲ့ အဘိုးနဲ့အဘွားက အမေ့ဆီ အပြေးအလွားရောက်လာပြီး စကားတွေအကြာကြီးပြောကြတယ်  သူတို့ပြောနေတာတွေတော့ ကျနော်အကုန်နားမလည်ပေမဲ့ အမေက အဖေနဲ့မနေချင်တော့ဘူးလို့ ပြောနေတယ်ထင်တယ်


ကျနော်လည်း စိတ်ထဲကနေ အဖေနဲ့အမေ အတူတူမနေကြရင် ခုလိုညမျိုးမရှိလောက်တော့ဘူးလို့ တွေးနေတာပေါ့ အဲ့ချိန်မှာ အဘွားရဲ့စကားတစ်ခွန်းက အမေ့ဆုံးဖြတ်ချက်ကိုပြောင်းသွားစေခဲ့တယ်


"နင် ငါ့မြေးအတွက်ကော မစဥ်းစားတော့ဘူးလား ငါ့သားမရှိဘဲနဲ့ နင် ကလေးကိုဘယ်လိုပျိုးထောင်မှာလဲ ပတ်၀န်းကျင်က အဖေမရှိတဲ့ကလေးဆိုပြီး ဝိုင်းနှိမ်ကြရင် ဘယ့်နှယ့်လုပ်မလဲတဲ့"  


 ခုနှစ်သားကျနော့်ရဲ့စိတ်ခံစားချက်ကိုတော့ အဘွားကထည့်မတွေးခဲ့ပါဘူး အဲ့တုန်းက ကျနော့်ကို ကြည့်နေခဲ့တဲ့ အမေ့ရဲ့မျက်ဝန်းတွေကို ခုချိန်ထိမြင်ယောင်နေမိဆဲပဲ     ညရောက်တော့ အမေက အိပ်နေပြီအထင်နဲ့ ကျနော့်မျက်နှာကို ငုံ့ကြည့်ပြီးတိုးတိုးလေးပြောတယ် "သားအတွက်ပါ သားရယ်"တဲ့  | ကျနော့်ပါးပေါ် သူ့ရဲ့မျက်ရည်စတွေ စီးကျနေခဲ့တာ အမေသတိမထားမိခဲ့ဘူးထင်ပါရဲ့      


အဲ့လိုနဲ့ပဲ အမေနဲ့အဖေက မကွာရှင်းဖြစ်ခဲ့ကြဘူး လူကြီးတွေအားလုံးက ဒီအဖြစ်အပျက်ကို ဘာမှမဟုတ်သလို ကျော်လွှားနိုင်ခဲ့ကြပေမဲ့ ကျနော့်ရင်ထဲမှာတော့  ကျနော့်ကြောင့် အမေနှိပ်စက်ခံခဲ့ရတယ် ဆိုတဲ့ ဆူးတစ်ချောင်းက နက်နက်ရှိုင်းရှိုင်းစူးဝင်သွားခဲ့တယ်.      



အဲ့ဆူးရဲ့ ဒဏ်ရာကြောင့်ကျနော်ဟာ အဖေကိုမုန်းပြီး အမေကို အရွဲ့တိုက်တတ်တဲ့ သားဆိုးတစ်ယောက်အဖြစ်  ကြီးပြင်းလာခဲ့တယ် .......


                                      (Soul 🦋)

Comments

Post a Comment