ဝတ္ထုတို

 

ရှိသူ ကျော်သွား         ရှိသူဖော်စား

 

         ထွန်းတောက် .. ဟေ ထွန်းတောက်     နင့် ခေါ်ရတာလဲအေ ငါမောလိုက်တာ “ အမေက မီးဖိုချောင်ထဲကနေ လှမ်းခေါ်နေသည်။ အမေက လမ်းထိပ်က ဒေါ်ကြီးငွေတို့ဆီကို အလုပ်သွားလုပ်ရမှာ။ မသွားခင် ထမင်းလေး ဟင်းလေး ကြိုချက်နေတာပေါ့။ ကြိုမချက်ခဲ့လို့လည်း မရဘူးလေ။ ဒေါ်ကြီး‌ငွေတို့က နေ့လည်  နှစ်နာရီ နှစ်နာရီခွဲလောက်မှ အမေ့ကို ပြန်လွှတ်တာ။ ဘာတွေ ခိုင်းမှန်းတော့ မသိပါဘူး။ အဲလောက်အချိန်ထိအောင် မပြန်ခိုင်းနိုင်သည်အထိ အလုပ်များလို့ နေမှာပေါ့ဗျာ။ 

 

               “ ဗျာ အမေ ဘာလို့လဲ “ ကျွန်တော် လမ်းထဲမှာ ထွေထုတ်ကြေး ကစားနေရာကနေ အိမ်ထဲကို အပြေးသွားပြီး အမေ့ကို မေးလိုက်တယ်။  

 

                 “ ရော့ ဆီပုလင်း အဲဒါနဲ့ အပြည့်ဆိုပြီး အန်တီချို တို့ ဆိုင်သွားပြီးဝယ်လာခဲ့ ၊ ပိုက်ဆံကို အမေက ညနေလာပေးမယ်လို့ ပြောခဲ့နော်” ဆိုပြီး ဆီပုလင်းကို အမေ့က ကျွန်တော့်ကို ကမ်းပေးသည်။ ကျွန်တော်က ဘဝင်မကျတဲ့ မျက်နှာနဲ့ “ အမေရာ လေးလေးတိုး ဆီဆိုင် သွားဝယ်လို့ မရဘူးလား” ဆိုပြီး ပြန်မေးလိုက်သည်။ ဟုတ်တယ်လေ။ လေးလေးတိုးက ကျွန်တော်တို့ အရွယ်ကလေးတွေ ဝယ်လည်း  လူကြီးတွေကို ပြောသလိုဘဲ ကျွန်တော်တို့ကို ပြောတယ်။ ကျွန်တော်တို့ အရင်‌ရောက်ရင်လည်း ကျွန်တော်တို့ကိုပဲ အရင်‌ရောင်းတာ။ ဪ ပြီးတော့ မုန့်တွေလည်း တစ်ခါတစ်ခါ ကျွေးတက်သေးတယ်လေ။

 

                    “ ထွန်းတောက်ရယ် ရှည်လိုက်တာ လေးလေးတိုး ဆီက အကြွေးကို မပေးဖြစ်သေးဘူး အဲဒါကြောင့် အန်တီချိုတို့ဆီကို လွှတ်တာ ရပြီလား” ဆိုပြီး အမေသည် ကန်စွန်းရွက်မျာကို လက်ကသင်ရင်း ကျွန်တော့ကို ငေါ့တော့တော့ ပြန်ဖြေခဲ့သည်။

                  အမေက မြန်မြန်သွားဆိုသည့်အတိုင်း ကျွန်တော်မြန်မြန် ပြေးသွားခဲ့ပါတယ်။ အမေက ခိုင်းလို့ချည်းလည်း မဟုတ်ပါဘူး၊ ကျွန်တော် မြန်မြန် ပြန် ဆော့ချင်တာလည်း ပါတာပေါ့။ 

 

                     “ အန်တီချို အန်တီချို အမေက ဒီ ဆီပုလင်း အပြည့်ပေးလိုက်ပါတဲ့ ညနေကျမှ အမေလာပေးမယ်တဲ့ လှမ်းအော်ပြောလိုက်သောအခါ  တစ်ခုခုကို မလုပ်ချင် လုပ်ချင်နဲ့ လုပ်ရသည့် မျက်နှာမျိုးဖြင့် အန်တီချိုသည် ဆီပုလင်းကို လှမ်းယူသည်။ “ မင်း အမေ့ကို ပြောလိုက်ဦး ဆီက အနိမ့်ဆုံး ၉၅၀၀ စျေး ဖြစ်သွားပြီလို့ တစ်ဆယ်သားဆိုတော့ ၉၅၀ ကျမယ် ကြားလား ညနေ ၅ နာရီ မတိုင်ခင် လာပေးနိုင်ရင် ပိုကောင်းတယ်လို့ ကော ပြောလိုက် ကြားလား “ ဟု တရစပ်ကို ပေါက်ပေါက်ဖောက်ပြီး ကျွန်တော့ကို မှာနေသည်။ အဲဒါကို ကျွန်တော် မကြိုက်တာ၊ ကျွန်တော်ကရော အကြွေး ဝယ်ရတာ ပျော်လို့ လာဝယ်နေတာကျလို့။ တစ်ခါ တစ်ခါ ပြောသေးတယ် အဲဒီ အန်တီချိုက ဒီကလေးတွေနဲ့ ပေးပေးလွှတ်ရတာလည်း စိတ်မချဘူးတဲ့ ။ တော်ကြာ အကြွေး မရှိပါဘူးဆိုပြီး ငြင်းမှာ စိုးရတယ်တဲ့ ။ အဲဒါ ကျွန်တော့ကို စော်ကားတာပဲပေ့ါဗျ ။ တစ်ခါမှလည်း ကျွန်တော် အဲလို မလုပ်ဖူးပါဘူး။ အမေကလည်း တစ်ခါတစ်လေ ပေးရက်နောက်ကျတာပဲ ရှိပါတယ်။ မပေးဘဲ ထားတာမျိုး မရှိပါဘူးဗျာ။ ဒါပြီး အဲတာကို ကျွန်တော်တို့ ရှေ့တင်ပြောတာ ၊ အားနားပါးနာ နောက်ကွယ်မှာ ပြောရင်တော်သေး‌ဗျာ။ ဒါ့ကြောင့်လည်း အန်တီချို့ ဆိုင်ကို မဝယ်ချင်တာ။ 

 

                 ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် ပြောလိုက်ပါ့မယ် လို့ ဖြေပြီးနောက်    ဆီတစ်ဆယ်ကျပ်သားကို ဆီပုလင်းထဲ ထည့်ပြီး ပိတ်ပြီးသောအခါ ကျွန်တော် လှမ်းယူလိုက်သည်။ အန်တီချို တစ်ယောက်တော့ အကြွေး စာရင်းမှတ် ဝှိုက်ဘုတ်ပေါ်မှာ  မခင်အေး  ၉၅၀ ဆိုပြီး ရေးရင်း ကျန်နေခဲ့တော့သည်။ 

 

 

                  “ အမေ ရော့ ၉၅၀ ကျတယ်တဲ့ “ ကျွန်တော်ပြောလိုက်လျှင် ပြောလိုက်ချင်း အမေသည်  လန့်သွားသည့် ပုံစံဖြင့် 

                   “ ဟော်တော် ဘုရားဘုရား စျေးကတက်သွားပြန်ပြီလား ၊ ၆၀၀ လောက်ကနေ အခုဆို ၉၅၀  ထိတောင် ဖြစ်လာပြီ” ဟု အမေသည် ပြောရင်း ဆီပုလင်းကို သူ့နေရာသူ ထားလိုက်သည်။ ထို့နောက် ဒယ်အိုးထဲရှိ ကန်စွန်းရွက်များထဲသို့ ရေများထည့်၍ “ ထွန်းတောက်ရေ အမေ ဟင်းချိုလေး ချက်လိုက်မယ်နော် လို့ ကျွန်တော့်ကို အော်ပြောနေသည်။ 

 

                                                                     **************

 

 

                  “ဟေ့ကောင် ဖိုးတုတ် ဘာတွေလုပ်” ကျွန်တော် ဖိုးတုတ်နောက်ကျောကို မနာ့တနာ ရိုက်ပြီး နှုတ်ဆက်လိုက်သည်။ 

                  “ အာ .... ထွန်းတောက်ရာ ဘာမှန်းမသိဘူး ၊ ငါတို့အလုပ်ရတော့ မလို့ အဲတာ နှစ်ထောင်လောက်တော့ စီလောက်မယ် “ လို့ ဖိုးတုတ်က ပြောသည်။ ကျွန်တော် အနည်းငယ်တော့ ထူးဆန်းသွားသည် ။ ကျွန်တော်တို့ အရွယ် နှစ်ထောင် ရဖို့ ဆိုတာက မလွယ်ဘူးလေ။ ဒါနဲ့ ဘာများလဲလို့ မေးကြည့်တယ်။ 

 

                      “ ငါလည်း သေချာ မသိဘူး ၊ ဓမ္မာရုံရှေ့မှာ ကွာ အဲဒီကို သွားတန်းစီရမှာ သူတို့က ဆီလာရောင်းတာ ငါတို့က တန်းစီပြီး ဝယ်ပေးရုံပဲ။ မနေ့က ဟိုဘက်ရပ်ကွက်က ဦးဝက်ကြီးလေ သိတယ်မဟုတ်လား သူက လာခိုင်းသွားတာကွ” 

 

                         ဖိုးတုတ်အဖြေကို ကြားလိုက်တော့ ကျွန်တော် နားမလည်ဖြစ်သွားတယ် ၊ ဘာဖြစ်လို့ ကျွန်တော်တို့က တန်းစီ ဆီဝယ်ပေးရုံနဲ့ ပိုက်ဆံ ၂၀၀၀ကြီးတောင် ရနိုင်တာတုန်း ၊ ကျွန်တော်နားမလည်ဖြစ်နေတယ်၊ ဖိုးတုတ်ကလည်း မသိဘူးကွာ တန်းစီမယ် ဝယ်မယ် ၂၀၀၀ ရမှာပဲ ဆိုပြီးသာ ပြုံးပျော်နေတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ စပ်စုမယ်ဆိုပြီး “ ဖိုးတုတ် ငါ‌ရော လိုက်မယ်ကွာ မနက်ဖြန် ငါ့ရော ခေါ်ဦး “ လို့ ချိန်းခဲ့သည်

 

 

“ ဓမ္မာရုံ သွားမှာလား “ 

“ မဟုတ်ဘူး ဦးဝက်ကြီးဆီသွားပြီး ဆီပုံးတွေ အရင် သွားယူရမှာ “ ဖိုးတုတ်နဲ့ အတူ တခြားသူငယ်ချင်း သုံးယောက်လည်း ပါလာခဲ့တယ်. 

ကျွန်တော်တို့ ဟိုဘက်ရပ်ကွက်မှာ ရှိတဲ့ ဦးဝက်ကြီး အိမ်ကိုရောက်တော့ ဦးဝက်ကြီးက ပုံးတွေနဲ့ အသင့် စောင့်နေတယ် ။ 

 

ပုံးတွေကို ခွဲယူပြီးတဲ့အခါ ကျွန်တော်က အစီအစဥ်ထဲ ကြိုတင် မပါခဲ့တဲ့ အတွက် ပုံးမရှိ ဖြစ်သွားတယ်။ 

ဖိုးတုတ်က ကျွန်တော်အတွက် ဦးဝက်ကြီး ကို တောင်းပေးပေမယ့် “ ငါက ၈၀၀၀ လေးယောက်လို့ပဲ ပြောခဲ့တာလေ မင်းက ဘာလို့ ပိုခေါ်လာတာတုန်း  မရတော့ဘူး လို့ ပြန်ဖြေခဲ့သည်။

 

ထို့ကြောင့် ကျွန်တော် ဖိုးတုတ်တို့နဲ့ အဖော်အဖြစ်သာ လိုက်သွားခဲ့သည်။ ၂၀၀၀ ရမည့် စာရင်းထဲတွင် ကျွန်တော် မပါပါ။ 

 

 

 

 

 

 

ဖိုးတုတ်တို့ တန်းစီကြတော့ ကျွန်တော် လျှောက်ကြည့်ဖြစ်တယ်။

ဆိုင်းဘုတ်ကြီး ချိတ်ထားတယ်။ ခွဲတမ်းဆီ‌ အကန့်အသတ်ဖြင့်ရောင်းချခြင်း ဖြစ်သည် တဲ့။ ဘေးနားက အန်တီကြီး နှစ်ယောက်စကားပြောသံကိုလည်း ကျွန်တော် နားစွင့်လိုက်တယ်။

 

ဒီနေရာပြီး ဘယ်နေရာတဲ့လဲ"

ပန်းခြံကြီး ရှေ့လို့ ပြောတယ်  အဲဒီက တစ်ပိဿာ  အခု တစ်ပိဿာ ဆိုတော့ ပြန်သွင်းရင် ၄၀၀၀  လောက်ကျန်မယ် "

ဟုတ်တယ် ဟုတ်တယ် ကျွန်မမယ် မနေ့က ငါးဆယ်သားပဲ ရလိုက်လို့ သိပ် မမြတ်လိုက်ဘူး"

 

အန်တီ ဆီက ဘယ်လောက်နဲ့ ရောင်းတာလဲ " ကျွန်တော် ဝင်မေးပစ်လိုက်တယ်။

 

အန်တီတစ်ယောက်က ကျွန်တော့ကို ခပ်တည်တည်နဲ့ကြည့်ပြီး"တစ်ပိဿာ ၆၀၀၀ခပ်ပြတ်ပြတ် ပြန်ဖြေခဲ့တယ်။ 

 

ကျွန်တော် အံ့ဩသွားတယ်။  ငါဝယ်ခဲ့ရတာ ၉၅၀၀  အခု ၆၀၀၀အန်တီချို သက်သက် ညစ်ပတ်တာဖြစ်မယ်ဟူသော အတွေးဖြင့်အမေ့ဆီကို ကျွန်တော် အပြေးပြန်လာလိုက်တယ်။

 

"ဖိုးတုတ်တို့ ငါသွားပြီဟေ့"

 

 

တော်ပါသေးရဲ့ အမေ ဒေါ်ကြီးငွေ တို့အိမ် အလုပ်လုပ်ဖို့ မသွားသေးဘူး။ အမေ အမေ ဆိုပြီး ကျွန်တော် အတင်းအော် ခေါ်လိုက်တယ်။  " ဟေ " ဆိုပြီး အမေ ကျွန်တော့ မျက်စိရှေ့ပေါ်လာတာနဲ့

အမေ အန်တီချို ညစ်ပတ်တာ အမေ့ကို ၉၅၀၀ နဲ့ရောင်းလိုက်တယ်။ ဟိုမှာ တန်းစီနေတဲ့ နေရာမှာ ရောင်းနေတာ ၆၀၀၀ တဲ့ အဲတာ အမေ သက်သက်ခံရတာ  နောက် မဝယ်နဲ့တော့ " ကျွန်တော် တရစပ် အမေကို ပြောပြလိုက်တယ်။

 

ကျွန်တော်ကသာ အမောတကော ပြောနေပေမယ့် အမေကတော့ဟင့် ဟင့် ဆိုပြီး ရယ်လိုက်သေးတယ်။ ရယ်ပြီးတော့ အမေက

 

အဲဒါက အခုတလော ပေါ်လာတဲ့ ခွဲတမ်းဆီတဲ့ သားရဲ့မရှိဆင်းရဲသားတွေအတွက်ဆိုပြီး သတ်မှတ်ချက်နဲ့ ရောင်းရတာတဲ့  သူက အကန့်အသတ်နဲ့  လူတစ်ယောက် တစ်ပိဿာ  ပြီးတော့ တစ်ပေပါကုန်ရင် ‌ရပ်ပစ် ဆိုတဲ့ ပုံစံမျိုး  သူ့တို့ရောင်းတဲ့အချိန် တန်းစီပြီးပဲ ဝယ်ရတာ  အန်တီချို ရောင်းလိုက်တာကကျပုံမှန်ဆီ‌ရဲ့ ဈေးနှုန်းပေါ့  ဘယ်အချိန် ဝယ်ဝယ် ဘယ်လောက်ဝယ်ဝယ် ဈေးနှုန်းပေါ့ " 

 

အမေ့ရဲ ရှင်းလင်းချက်ကို ကြားပြီး နည်းနည်း ရှုပ်သွားခဲ့တယ်။

အဲဒါဆို အမေကလည်း အဲဒီ တန်းသွားဆီပြီး ဘာလို့ မဝယ်တာလဲ " ဆိုပြီး အားမလို အားမရ ပုံစံဖြင့် ကျွန်တော် အမေ့ကို မေးပစ်လိုက်တယ်။

 

အမေကျွန်တော့ကို တစ်ချက် ပြန်ကြည့်ပြီး သက်ပြင်းတစ်ချက်တော့ မှုတ်ထုတ်လိုက်သည်။  " အမေတို့က တစ်ပိဿာမှ မဝယ်နိုင်တာလို့ " ဖြေရင်း ကျွန်တော့ကို ပြုံးပြခဲ့တယ်။ ကျွန်တော ဘာမှန်းမသိ ဝမ်းနည်းသွားသလိုတော့ ခံစားလိုက်ရတယ်။ ဘာလို့မှန်းတော့ မသိဘူး။  ဒါပေမယ့် အဲတာတွေ ဆက်တွေးမနေဘဲဂေါ်လီလှိမ့် ဆော့ဖို့ ထွက်လာခဲ့တယ်။

 

ဆော့ဖို့ ထွက်လာခဲ့ပေမယ့် ကျွန်တော့ ခေါင်းထဲမှာ

ဦးဝက်ကြီး ၂၀၀၀ ပေးပြီး ဆီယူတယ်။ ဟိုအန်တီကြီးတွေကတစ်နေ့ ၄၀၀၀ ကျန်တယ် "  စတဲ့ စကားတွေက ရစ်ဝဲနေခဲ့တယ်။ဒီအတွေးတွေနဲ့ ရစ်ဝဲရင်း လမ်းလျှောက်လာခဲ့တာ အန်တီချိုဆိုင်ရှေ့အရောက်တွင် ဉာဏ်အလင်း လက်သွားသလို ကျွန်တော်ခံစားလိုက်ရတယ်။

 

အန်တီချို အန်တီချို " ကျွန်တော် တက်ကြွစွာနဲ့ အော်ခေါ်လိုက်တယ်။ အန်တီချို ထွက်လာတဲ့အခါ

ကျွန်တော်ကပဲ ဦးစွာ  " ကျွန်တော် တန်းသွားစီပေးရမလားသူများတွေလို ကျွန်တော့ကို ၂၀၀၀ ပေးလေ " ဆိုပြီး ပြုံးဖြဲဖြဲနဲ့ကျွန်တော် ပြောလိုက်တယ်။

 

အန်တီချိုကတော့ မျက်မှောင်ကျုံ့ပြီး "ကလေးတွေတောင်ဈေးကွက် သိနေပါ့လား " ဟု မြည်တွန်ပြီး ပုံးနဲ့ ဆီတစ်ပိဿာ ဖိုး၆၀၀၀ ပေးသည်။

 

ကျွန်တော် တန်းဆီတဲ့နေရာကို အမြန် ပြန်ပြေးသွားခဲ့တယ်။ ဟိုအန်တီကြီး ပြောသလို နောက်ကျပြီး ငါးဆယ်သားပဲ ရတော့မှာကိုလည်း ကျွန်တော် စိုးရိမ်တယ်လေ။ တော်ပါသေးတယ်။ကျွန်တော် ခွဲတမ်း တစ်ပိဿာ ရခဲ့တယ်။ ၂၀၀၀ ရပြီးရင် အမေ့ကို ဟင်းကောင်းလေး ချက်ခိုင်းရမယ် ဆိုတဲ့ အတွေးနဲ့ကျွန်တော် ပျော်နေသည့်တော့ အမှန်ဖြစ်သည်။

 

အန်တီချိုဆီကို ဆီသွားအပေးမှာ အိမ်ကို ခဏ ဝင်လိုက်တယ်။အမေ့ ဆီပုလင်းထဲက ဆီကျန်ကို တခြားပန်းကန်ထဲထည့်ပြီး ဆီပုလင်းလေးကို ကျွန်တော် ယူလာခဲ့တယ်။ ကျွန်တော် စားချင်တဲ့ခရမ်းသီးနှပ်ဆိုတာ ဆီပျံလေးမှ မြိန်တာ မဟုတ်လား 

 

ရော့ အန်တီချို " 

အေး ရော့ မင်းဖို့ ၂၀၀၀ " ဆိုပြီး ကျွနတော့ဆီက ဆီတစ်ဿာနဲ့ အန်တီချို့ ဆီက ငွေ ၂၀၀၀ အလဲအလှယ် လုပ်လိုက်တယ်။

ရခဲ့တဲ့ ဆီတစ်ပိဿာကို အန်တီချိုကတော့ ရောင်းနေတဲ့  ဆီဒန်အိုးထဲကို ရောထည့်ပစ်လိုက်တယ်။

 

ပြန်တော့မလို လုပ်ပြီးမှ အမှတ်ရ၍ ကျွန်တော် အန်တီချို့ဆီ ပြန်လှည့်ပြီး  "  အန်တီချို ဆီ တစ်ပုလင်း ပေးပါဦး " လို့

ကျွန်တော် ပြောလိုက်သည်။ သို့သော် ကျွန်တော် အန်တီချိုရဲ့အဖြေစကားကြောင့်  လန့်သွားခဲ့သည်။ 

 

အန်တီချို့ရဲ့ အဖြေက      " ၉၅၀ နော်  ယူနိုင်ရဲ့လား "   တဲ့။

Comments

Post a Comment