ရသစာစု

 

ရေစက်


သူ့ သူငယ်ချင်း ရဲ့ လက်မောင်းတလျှောက် က ပွန်းရာ ပဲ့ရာလေးတွေ ကို အသားတွေ မလန်ထွက်အောင် အသာယာ ရေ နဲ့ ဆေးကြောလိုက်သည် ။ တလျှောက်လုံး သွေးမတိတ်တဲ့ ပုခုံးထက် က ကျည်ဆန်ရာ က တော့ ခုချိန် မှာ သွေးမထွက်တော့ပေ ။ 

ရေချိုးတိုင်း ခေါင်းလောင်းချိုးတတ်ပြီး ခေါင်းလျှော်ရည် ထုတ်ကလေး တစ်ထုတ် ကို နှစ်ကြိမ်လောက် ခွဲလျှော်ပေမယ့် သူ့ သူငယ်ချင်း ရဲ့ ဆံပင်တိုလေး မှာအမြဲ ခေါင်းလျှော်ရည်နံ့ နဲ့ ချွေးနံ့ရောကာ ရနေတတ်တာ ။ ဒီ အကြိမ်မှာ တော့  ခေါင်းကို ရေနဲ့ ဘဲ လျှော်လိုက်သည် ။ သူ့ သူငယ်ချင်း မှာ ခေါင်းလျှော်ရည်ထုတ် ကလေးတွေ မရှိတော့ပေ ။ 

နဂို က အသားဖြူသော သူငယ်ချင်း မို့ ခု လို ရေ နဲ့ တွေ့ချိန် ကျ သူ့ အသား က ဝါလဲ့လဲ့ ။ သူ့ သူငယ်ချင်း့ခြေထောက်တွေ က ရွံ့တွေ ကို အသာယာပွတ်တိုက်ဆေးပေးပြီးနောက်မှာ ဒူးအထက် က သေနတ်ကျည်ရာ ကို ပါ ရေနဲ့ ဆေးလိုက်သည် ။ ဒီ ဒါဏ်ရာ ဟာ အဝေး ကို မြန်မြန် မပြေးနိုင်အောင် ဖြစ်စေသလား .. ဒါမှမဟုတ် ပုခုံးဒါဏ်ရာ က စပြီး သွေးတွေ ထွက်စေသလား သူ တို့မသိပါ ။ 

မိုးတွင်းကာလကြီးမှာ အေးစက် တဲ့ ရေ တွေ ကို တစ်ခွက်ပြီး တစ်ခွက် လောင်းချရင်း က သူ တို့ ရေချိုးတာ လက်စသတ်လိုက်သည် ။ 

တောထဲ ကို ရောက်စ က ရေမချိုး နိုင်တဲ့ သူ့ သူငယ်ချင်း ဟာ ခုဆိုတောထဲ နဲ့ တသားတည်းတောင် ဖြစ်နေပြီ ။ ရောက်စက အစာမစားနိုင်လို့ မျက်ရည်ကျရတဲ့ သူ့ သူငယ်ချင်း ဟာ ခုဆို သူတပါးအတွက် သူ့ဝေစုဟင်း ကို ခွဲပေးနိုင်ပြီး ဖြစ်သလိုစားတတ်တဲ့ သူ ဖြစ်ခဲ့ပြီ ။ တော ထဲ ကို ရောက်စ က ချမ်းတတ်လွန်းတဲ့ မြို့သားကြီး ဟာ ခုဆို နှင်းတွေကြား ၊ မိုးစက်တွေ ကြားကနေ ဟိုးမြို့ က သာတဲ့ နေ ကို လှမ်းကြည့်ရင်း ကြံ့ကြံ့ခံနိုင်ရည်တွေ နဲ့ မျှော်လင့်ချက် ရှိရာ ကို တစိုက်မတ်မတ်သွားတတ်ပြီ ။ 

ဒီလိုမျိုးနဲ့ 

လမ်းခုလတ်မှာမှ ။ 

လမ်းခုလတ် မှာ သူ ဟာ သူ့ သူငယ်ချင်း ကို နောက်ဆုံးအကြိမ်ရေချိုးပေးရတဲ့ သူ ဖြစ်ခဲ့ရတယ် ။ နောက် အခါ တော့ သူ ဘယ်သူ့ ကို မှ ရေမချိုးပေးချင်တော့ပါ ။ သူများ က သူ့ ကို လည်း ရေချိုးပေးတာ မခံချင်ပါ ။

Comments

  1. PDFများအားလုံး တိုက်ပွဲတိုင်းအောင်ပြီး အမေ့အိမ်ကိုပြန်နိုင်ကြပါစေ❤

    ReplyDelete
  2. Wheel...........dope.🏹🏹🏹

    ReplyDelete
  3. Be safe and healthy all
    🙏🙏🙏

    ReplyDelete

Post a Comment