မင်းလူ ကွယ်လွန်ခြင်း ၉နှစ်ပြည့်

 

"ဘာတွေဖြစ်ကုန်ကြပြီလဲ"


အမေကျော် ဒွေးတော်မလွမ်းရဘူးတဲ့

အဖေကျော် ပေါက်ဖေါ်လွမ်းရမယ်ဆိုပဲ ။


မီးတပ် ရေတပ် လေတပ် တွေဆိုလား

တပ်မတော်သာလျှင်နိုင်ငံအမြတ်ကို

သိမ်းကြုံးယူလိမ့်မည်ဆိုလား

ကလေးတွေအော်နေတာကြားဖူးတယ်။


ကလေးတွေလဲမနေနိုင်

န ဝ တ တဲ့ ဟား ဟား ဟား ဟား ။


ဘာတွေဖြစ်ကုန်ကြပြီလဲ

ကောလာဟလတွေကများလိုက်တာ

အင်းလျားကန်ဘောင်မှာ

တယောက်မှမသေဘဲနဲ့များ

ရော်ဘာတုတ်နဲ့ရိုက်

ရော်ဘာကျည်ဆန်နဲ့ပစ်

ရော်ဘာလက်နက်နဲ့ထိုးတာလေးများ

ဪ ရော်ဘာခေတ်၌ဖြစ်လာရလေ

ဒို့တတွေမှာ ။


ဘာတွေဖြစ်ကုန်ကြပြီလဲ

ဗမာကိုမြန်မာပြောင်းတော့

မယ်ဗမာလဲမယ်မြန်မာဖြစ်

ဒို့ဗမာအစည်းအရုံးလဲ ဒို့မြန်မာအစည်းအရုံးဖြစ်

မောင့်ဘက်တန်အော့ဖ်ဗားမားတောင်

အသေစောလို့..။


ဘာတွေဖြစ်ကုန်ကြပြီလဲ

ကြမ်းခင်းစျေးသုံးနှစ်နဲ့

ထောင်ဒါဏ်လေလံပစ်ပွဲကြီးမှာ

ကျက်သရေရှိတဲ့တပ်မတော်ကြီးကို

မြင်ချင်တယ်ဆိုတဲ့သူ

ထောင်ဒါဏ်အနှစ်နှစ်ဆယ်ဗိုလ်စွဲသွားပြီ။ 

ဒါလေးများ 

ရွှေတိဂုံဘုရားကြီးတောင်

ခံဝန်ချုပ်နဲ့စံမြန်းနေရရှိတာကပဲ။


ဘာတွေဖြစ်ကုန်ကြပြီလဲ

စာပေငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တဲ့လေ

မျက်မှန်စိမ်းတပ်ထားသူက ဥက္ကဌ

ဦးလေးတွမ်က ဒုဥက္ကဌ

အလို

ရေးဘော်ရေးဘက်တွေကြမ်းပိုးကိုက်လို့

အိပ်မပျော်တဲ့အချိန်မှာ

ခန်းဆောင်နီထဲမှာ

ပန်းရောင်အိပ်မက်မက်တဲ့သူ

လူတကာ ထောင် ဆုရတဲ့အချိန်မှာ

သောင်းဆုယူမဲ့သူ

အရိုးတောင်ကိုကျော်၍

သွေးပင်လယ်ကိုဖြတ်မည်တဲ့လား။


ဘာတွေဖြစ်ကုန်ကြပြီလဲ

ကြုံတုံးပြောရအုန်းမယ်

ဟိုလူကြီးနိုင်ငံရေးကအနားယူတာ

မယုံကြဘူးလား။

တကယ်ပါ

စစ်ရေးနဲ့စီးပွားရေးလောက်ကလေးပဲ

ဆုပ်ကိုင်ထားတာပါ။


ဘာတွေဖြစ်ကုန်ကြပြီလဲ

အမျိုးသားနေ့ဦးတည်ချက်သုံးရပ်က

ပင်နီမဝတ်ရ

ဗိုလ်ချုပ်ပုံမချိတ်ရ

ဒို့အရေး မအော်ရတဲ့

နယ်ချဲ့လက်အောက်မှာတောင်

စီတန်းကြွေးကြော်ခဲ့တယ်

အော်ဟစ်ခွင့်ရှိပါလျက်ကနဲ့

ခုကျမှ

အရင်ကသူ့ကျွန်ဘဝ

ခုတော့  ငါ့ကျွန်ဘဝကိုး....။


ဘာတွေဖြစ်ကုန်ကြပြီလဲ

ယောလုံချည်အနက်ဝတ်လို့

ကျောင်းထုတ်ခံရတယ်တဲ့

နှစ်ပတ်လည်နေ့မှာ ဝမ်းမနည်းရဘူးတဲ့

ကျဆုံးသွားတဲ့သူငယ်ချင်းတွေကိုသတိရရင်

လွမ်းဆွတ်ခြင်းဆိုင်ရာ ဥပဒေအရ

အရေးယူသတဲ့

ကျောင်းသားတွေတော်တော်ရိုင်းသတဲ့

လူကြီးကိုလူကြီးမှန်းမသိဘူးတဲ့

ဘုရားပေါ်ဘွတ်ဖိနပ်စီးတက်တဲ့သူတွေ

သေနတ်ခါးမှာချိတ်ပြီး

ဝါဆိုသင်္ကန်းကပ်သူတွေကပြောတာပဲလေ။


ဘာတွေဖြစ်ကုန်ကြပြီလဲ

တသက်မှာတခါသာ ဖတ်ရမယ့်စာအုပ်တဲ့

ရွှေမိဆေးလိပ်ကလွဲရင်မြန်မာပြည်မှာထိပ်တဲ့

ဗလာစာအုပ်ကလွဲရင်စောင်ရေအများဆုံးတဲ့

ချိုင်းစာရွက်ကလွဲရင်ရောင်းအကောင်းဆုံးတဲ့။


ဘာတွေဖြစ်ကုန်ကြပြီလဲ

မာရသွန်မိန့်ခွန်းကြီးကို

ခုလိုရှည်ရှည်ဝေးဝေးပြောပြရတာကတော့

တိုတိုပြောဘို့အချိန်မရလို့ပါတဲ့

ကုန်သွယ်ရေးရုံးနဲ့ ကုန်တိုက်

မှားပြောတဲ့သူကဥက္ကဌ

ကိုယ်အာဏာသိမ်းတဲ့ရက်စွဲကို

မေ့နေတဲ့သူက အတွင်းရေးမှူးတဲ့

ဪ ခေါင်းမရှိဘဲဦးထုပ်ဆောင်းနေကြတဲ့

ကာလကြီးပေပဲ။


ဘာတွေဖြစ်ကုန်ကြပြီလဲ

ဘာတွေဖြစ်ကုန်ကြပြီလဲ

ဘာတွေဖြစ်ကုန်ကြပြီလဲ။


ဪ ဒုက္ခဒုက္ခ

သူတို့ကြီးစိုးတဲ့ခေတ်မှာ

အာဇာနည်ဖြစ်ရတာ

မစားသာပါလားနော်။

တစ်နှစ်တစ်ခါ

၀တ်ကြေတန်းကြေ အလေးပြုခံရ

ဥက္ကဌကြီး၏ လမ်းညွှန်မှုဖြင့်လို့

တစ်လျှောက်လုံးအော်ခဲ့ပြီး

မအောင်မြင်ပဲ ကျဆုံးတော့မှ

ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့

လက်ညှိုးထိုး တရားခံလုပ်ခံရ

သမီးအရင်းခေါက်ခေါက်တောင်

လွတ်လွတ်လပ်လပ် ပန်းခွေချခွင့်မရ။


ရွှေတိဂုံစေတီတော် ဝတ္တကမြေထဲမှာ

ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး

အာဇာနည်ဗိမာန်ကို

လှိုင်သာယာ ပို့မပစ်တာပဲ

ကျေးဇူးတင်ရမလိုလို

တိုင်းပြည်ကို ချစ်သောတပ်မတော်

မျိုးချစ်စိတ်ရှိသောတပ်မတော်

ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်

ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်

သောက်ကျိုးနဲတော်တဲ့တပ်မတော်

လူတိုင်းပါးစပ်ဖျားက  တော်တော်  လို့

မြည်နေတဲ့တပ်မတော်

အိမ်ယာမဲ့တွေကို

ရေမီးအစုံနဲ့

ပြန်လည်နေရာချထားပေးတာကိုပဲကြည့်

ဟုတ်တယ်လေ

မိုးတွင်းမှာရေကြီးတယ်

နွေမှာမီးလောင်တယ်

ဒါက ရေမီးအစုံမဟုတ်ဘူးလား။


ဒီမိုကရေစီအရေးလှုပ်ရှားတဲ့

သံဃာတော်တွေကို သင်္ကန်းဝတ်တွေတဲ့

ဘောင်းဘီ၀တ်တွေကစွပ်စွဲတာလေ

ပြီးတော့သူတို့ပဲ

ဝါဆိုသင်္ကန်းနဲ့လာဘ်ထိုးတာ

နားမလည်နိုင်စရာ။


စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့

ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား

ကြားဖူးပါတယ်အောက်မေ့နေ

လက်စသတ်တော့

စတားဝါး စီမံကိန်းကို

ကာကွယ်ပြောကြားသွားတဲ့

အမေရိကန် သမ္မတစကားနဲ့

သွားတူနေတာပါကလား

 ရေဂင်  အလုံးက

သူ့ပါးစပ်ထဲရောက်နေတာကိုး။


သတင်းစာဆရာကြီးများတဲ့အတိုင်း

မိမိတို့အနေဖြင့်

ဟဝှာပြုလျှင် ဟဝှာပြုမည်ဖြစ်ကြေင်း

ဟဝှာမပြုလျှင် ဟဝှာမပြုမည်ဖြစ်ကြောင်း

ထို့ကြောင့်

ဟဝှာပြုစေလိုကြောင်း..

သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့

ရှင်းလင်းချက်ပေါ့

ရှင်းပါတယ်နော်။


ဟိုတစ်ယောက်လေ

တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ

ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး

ဘာမှလည်းနားမလည်ဘဲနဲ့

အဲဒါပေါ့

လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ

လာပါပြီ. လာပါပြီ.

နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့

ဥက္ကဌတဲ့။


သူ့ရဲ့ အနှစ်သက်ဆုံးဝါသနာက

မိန့်ခွန်းပြောခြင်းပါတဲ့

ကိုယ်မပြောချင်ဘူး

ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်

အဲဒါကဘာလဲဆိုရင်

ကိုယ်မပြောချင်ဘူးဆိုတာပဲ တဲ့။


မှတ်သားလောက်ပါပေရဲ့

ကိုယ်တို့အစိုးရဟာ တရား၀င်အစိုးရ

ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့

ဟုတ်ကဲ့

ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့

တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့။


တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်

လုပ်ဆိုတဲ့အထဲမှာ

အခြေခံဥပဒေနဲ့

အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့။


အခြေခံဥပဒေဆိုတာ

မာရှယ်လောဥပဒေလို

ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့

အာဏာလွှဲတယ်ဆိုတာ

အာဏာသိမ်းသလို

ပြီးစလွယ် လုပ်လို့မရဘူးတဲ့


ဒါပေမယ့်

လွှဲမှာပါ.. လွှဲမှာပါ..

ပုခက်လွှဲသလို လွှဲမှာပါ


ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်

ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့

တခါလာလဲ ဒေါက်တာမောင်မောင်

တခါလာလဲ ဒေါက်တာမောင်မောင်

စာအုပ်ကြော်ငြာပေးတာလား

ဒါဆိုဒီလိုလုပ်လေ

ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်၀ယ်ရင်

ဆရာမောင်ဆေးနီမှုန့်တထုပ်

လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား

သိပ်ရောင်းကောင်းမယ်နော်။


ဒါနဲ့နေစမ်းပါအုံး

မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်

သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး

ရှေးက ကဗျာတပုဒ်ထဲက

စာကြောင်းတကြောင်း သတိရမိတယ်

ဘီလူးသွားကို လဖြဲတည်းတဲ့။


နိဂုံးချုပ်အားဖြင့်ပြောရရင်

တပ်မတော်ရဲ့

လက်ငင်းတာ၀န်ကြီး သုံးရပ်ကတော့

ဒို့အဖေကြီးမို့ကာကွယ်မလေ

ဒို့အဖေကြီးမို့ကာကွယ်မလေ

ဒို့အဖေကြီးမို့ကာကွယ်မလေ 

အလိုဗျာ ဘာတွေဖြစ်ကုန်ကြပြီလဲ..။


ဗမာပြည်မှာ

တစ်ပါတီစနစ် ဖျတ်သိမ်းလိုက်ပေမယ့်

လုပ်သားပြည်သူ့ချဉ်ဖတ်နေ့စဉ်ကတော့

တစ်စောင်တည်းသောအာဏာရှင်သတင်းစာအဖြစ်

မင်းမူနေတုန်းပါဘဲ။

တချို့ကပြောကြတယ်။

လုပ်သားထဲက သတင်းတွေ

တစ်ခုမှ မမှန်ဘူးတဲ့။

ဒီလောက်တော့လည်း မဟုတ်ပါဘူး။

ငါးဆယ်ရာခိုင်နှုန်းမှန်တဲ့ သတင်းလည်းပါပါတယ်။

(မိုးလေဝသသတင်းပေါ့)

တစ်လတစ်ခါတော့လည်း

ရာနှုန်းပြည့်မှန်တဲ့သတင်း ရှိပါသေးရဲ့။

(ထီပေါက်စဉ်လေ)


တိုင်းပြည်ကိုချစ်တဲ့နေရာမှာ

ဘယ်သူနဲ့မဆို ယှဉ်ရဲပါတယ်တဲ့

တွင်း(၁)ရဲ့စကား

ယုံပါတယ် ယုံပါတယ်

ပြင်လုံရတနာမြေကိုချစ်တဲ့

အချစ်တစ်ခုထဲနဲ့ လုံလောက်ပါတယ်။


စစ်အစိုးရမို့

မာရှယ်လောနဲ့အုပ်ချုပ်လို့ ရပါသတဲ့

အရပ်သားတွေကတော့

အခြေခံဥပဒေသစ်နဲ့မှ

အစိုးရဖွဲ့နိုင်မတဲ့။

တစ်ဆိတ်လောက်ဗျာ...

အဲဒီမာရှယ်လောဆိုတာကြီးကို

ဘယ်သူကများ အပ်နှင်းလို့ပါလဲခင်ဗျာ

ကိုယ့်ဘာသာ အပ်နှင်းတာ

ဟုတ်စ

ဒါဆို ကျောင်းသားတွေကကော

"စတူးဒင့်လော"ကို

ကိုယ့်ဘာသာအပ်နှင်းလို့

မရဘူးလားခင်ဗျ။


..........ကို ထောက်ခံတာ

လူထုရဲ့၃၀%ပဲ ရှိပါသတဲ့

ဟုတ်ပါ့။

မဲပေးခွင့်မရှိတဲ့ ကလေးတွေပါ

ထည့်တွက်ရင်တော့ ဟုတ်တာပေါ့

အဲဒီတွက်နည်းအရဆိုရင်

၇၄ မဆလအခြေခံဥပဒေကို

ပြည်သူ၄၀%လောက်ကပဲ

ထောက်ခံတဲ့သဘောပေါ့နော်

နဝတကိုကော

ဘယ်နှစ်ရာခိုင်နှုန်းက ထောက်ခံပါသလဲ

(ဘယ်၂ရာခိုင်နှုန်းက ထောက်ခံပါသလဲ)


အခြေခံဥပဒေသစ် ရေးဆွဲရာမှာ

တိုင်းရင်းသားလူမျိုးစု၁၃၅မျိုးနဲ့

တိုင်ပင်ရဦးမတဲ့

အာဏာသိမ်းတုန်းကတော့

တိုင်းရင်းသားတွေနဲ့

တိုင်ပင်ခဲ့ပါသလား။


နဝတ ဒိုင်လူကြီးပါတဲ့

ဒိုင်ဆိုတာ

အနိုင်အရှုံးဆုံးဖြတ်ရုံပါပဲ

ကိုယ်တိုင်ဝင်ကစားခွင့် မရှိပါဘူး

ချဲဒိုင်ဆိုရင်တော့ တစ်မျိုးပေါ့လေ

ချဲဒိုင်တောင်မှ၊ လျော်စရာရှိရင်

တိတိကျကျ မှန်မှန်ကန်ကန်

မြန်မြန်ဆန်ဆန် လျော်တတ်ပါတယ်။

ဒိုင်ချုပ်မှူးကြီးရယ်။


အလို ... ဘာသံပါလိမ့်

ကြွေးကြော်သံတဝေဝေ

"ဖမ်းထားတဲ့သူတွေ ချက်ချင်းလွှတ်ပေး

အာဏာအမြန်ဆုံးလွှဲပေး"

ဆိုတဲ့အသံတွေ၊ တစ်ကမ္ဘာလုံးက

ကြားကြပေမယ့်၊ သူတို့ကတော့

မကြားချင်ယောင်ဘဲ ဆောင်နေသလား

ဒါမှမဟုတ်


"ဆင်းရဲသားတို့၏အော်ဟစ်ငိုကြွေးသံကို

မကြားလို၍ နားပိတ်ထားသောသူသည်

ကိုယ်တိုင်ငိုကြွေးရလျှင်လည်း မကြားရ"

ဟီဘရုသုတ်တံ။


အင်အားကြီးနိုင်ငံတွေရဲ့

ခြိမ်းခြောက်မှုကိုလည်း မကြောက်ဘူး

စစ်ခုံရုံးလည်းမမှုဘူးတဲ့။

ဟုတ်မှာပါ

သူတို့ကတော့

အထုပ်အထည်ပိုက်ပြီး

ပြေးဖို့နေရာရှာသကိုး

ငယ်သားတွေကတော့

ခွေးသေဝက်သေ သေရစ်ကြပေါ့။


"သူယုတ်မာတို့၏သွားရာလမ်းကား

မှောင်အတိပြီးလျက်၊၎င်းတို့ဘာကိုခလုတ်တိုက်

လဲသည်ကိုပင် မသိမမြင်ရ"

ဟီဘရူသုတ်တံ။


ခုတစ်မျိုး တော်ကြာတစ်မျိုးပြော

ဟိုဟာမလုပ်ရ၊ဒီဟာမတောင်းရ

တစ်ချက်လွှတ်ဥပဒေထုတ်

သတင်းစာရှင်းလင်းပွဲတွေ

အကြိမ်ကြိမ်လုပ်ပြီး အလိမ်အညာတွေပြော


"ခွေးသည် မိမိ၏အန်ဖတ်ကိုပြန်စားသကဲ့သို့

သူယုတ်မာတို့သည်လည်း မကောင်းမှုကို

ထပ်ပြန်တလဲလဲ ကျူးလွန်တတ်၏"

ဟီဘရူသုတ်တံ။


အာဝါရားကို ပြောလိုက်ပါ

စကားပြောတာကြည့်ပြော

တရားစွဲခံရနိုင်တယ်တဲ့

အာဏာသံပြင်းလှချေကလား


"လေညာသို့ ပစ်လွှင့်သောဖုန်မှုန့်သည်

လွှင့်သူထံသို့သာ ပြန်ရောက်သကဲ့သို့

သူတော်ကောင်းကိုပစ်မှားသူအဖို့

မကောင်းမှုသည် ထိုသူထံသို့သာ

ကျရောက်၏" 

                ဗုဒ္ဓ


ဘာပဲဖြစ်ဖြစ်

ဒို့အရေးသုံးပါးကိုတော့

မျက်ခြည်မပြတ်ကြပါနဲ့

အဲဒါတွေကတော့...


၁။

နဝတဆို ရှောင်သွေလွှဲလို့

မမှီဝဲနဲ့ ကင်းအောင်နေ။


၂။

ကျောင်းသားတွေကို အရှည်တွဲလို့

မှီဝဲဆည်းကပ်နည်းယူလေ


၃။

ရဟန်းရှင်လူပြည်သူများက

ကူညီအားပေးနိုင်ပါစေ


အဲဒါမှ

ခွပ် ဒေါင်း ဝါ ဒ

ဗ မာ့ မ င်္ဂ လာ ပေ ။။


- မင်းလူ

Comments

  1. Replies
    1. ဘာတွေဖြစ်ကုန်ကြပြီလဲ

      Delete
    2. ဘာတွေ ဖြစ်ကုန်ကြပြီလဲ

      Delete
  2. မင်းလူကာတွန်းတွေသိပ်ကြိုက်ခဲ့တာ💛

    ReplyDelete
  3. ဆရာမင်းလူတော်လိုက်တာ
    သူ့တူကတော့သုံးစားမရဘူး

    ReplyDelete
  4. Wheel............dope.🏹🏹🏹

    ReplyDelete
  5. ကောင်းလိုက်တဲ့ ကဗျာကွာ

    ReplyDelete

Post a Comment