ငါသေတော့မယ်ဆိုတာ သိတဲ့နေ့က

 

ငါသေတော့မယ်ဆိုတာသိတဲ့နေ့က

________

#မောင်လေး


ရောက်နှင့်နေခဲ့တာ ကြာပြီ

အခု ပြန်ထွက်သွားရမယ်တဲ့

စိတ်နဲ့ကိုယ် မကပ်တဲ့နေ့က။


ဒီနိုင်ငံမှာ လူဖြစ်ရတာ ရယ်စရာတွေချည်း

' ဗုဒ္ဓမြတ်စွာဘုရား၏ မေတ္တာရိပ်၌ ရှိနေပါသောကြောင့် .... ' 


ဟုတ်ကဲ့။


' ဓမ္မကို အဓမ္မကနိုင်ရိုးထုံးစံမရှိ ... '

ဒါက တကယ်ရောဟုတ်ရဲ့လား

ဘယ်လိုဖြစ်ဖြစ်

ဘုရားဟာ နိဗ္ဗာန်ရောက်ကြောင်းတရားကို

မတရားဟောခဲ့မှာမဟုတ်ဘူး။


သားကြီးရေ. . . 

မင်း အိပ်မသွားခင် 

ခဏခဏ ငါအော်ခေါ်နေမိတာ

နောက်ဆုံးအနေနဲ့ စကားစမြည်ပြောဖို့

မင်းဘယ်မှာနေမလဲ

ဘယ်ဘဝထိ ခဏခဏထပ်သေနေရဦးမလဲ


အတူတူစားခဲ့ဖူးတဲ့ ထမင်းတနပ်

အတူတူအသက်လုပြေးခဲ့ရတဲ့ နေ့ရက်

တွေးတိုင်း ဝမ်းနည်းလို့မဆုံးဘူး။


အယူဝါဒတွေ မာန်မာနတွေ

စောက်သုံးမကျတဲ့ခေါင်းဆောင်တွေ

နောက်... သိလား 


ဒီမှာက အုံလိုက်ကျင်းလိုက်ပြစ်မှုကျူးလွန်တာ

ကမ္ဘာ့နိုင်ငံငယ်လေးထဲကပြည်သူတွေ 

ဘယ်လိုဝမ်းဆာဖြည့်သလဲ

ဘယ်လိုရှင်သန်နေကြမလဲ

ကမ္ဘာအသိ လစ်လျူရှူ့ထားတာ

တကယ့်အဖြစ်အပျက်ကြီး။


ချစ်ရတဲ့ အမျိုးသမီးနဲ့လွဲပြီးနောက်

ငါ့ရဲ့တနဂ်နွေတွေဟာလည်း ပျောက်ရှ

ဘယ်သူမှန်တယ်

ဘယ်သူမှားတယ်

ဒါကို ဘုရားနဲ့တွေ့မှမေးဖြစ်တော့မယ်

အခုတော့ 

ရင်ခွင်နွေးနွေးလေးမှာ သွားကပ်ချွဲနေတော့။


လူတွေဟာ

တစ်ခါမှမသုံးရသေးတဲ့ဦးနှောက်ကြီးတွေနဲ့

အသစ်လိုလိုနေခဲ့ကြ

ငါဟာ

နှလုံးသားနဲ့ရွေးတဲ့လမ်းမှာရပ်ပြီး ခက်ခက်ခဲခဲခဲပြုံးပြခဲ့ရသေး။


' ငါသေတော့မယ်ဆိုတာ သိတဲ့နေ့က '


မေမေ ရေ

ဒီလိုအခက်အခဲတွေနဲ့ အိပ်စက်ရင်း

မပျော်ရတဲ့ညတွေများလှပေါ့။


ကျနော်ဟာ 

နောက်ဘဝအထိ ရှင်သန်ပြီး

ဆင်းရဲရဦးမယ့် ဒုက္ခလူသား

ကျနော်ဟာ 

လူတွေမရင်းနှီးချင်တဲ့

အမာရွတ်တစ်ခု။


သားထွေးလေးမှာ ကျည်ဆံသုံးချက်

ဟောဒီ့ ရင်ဘတ်ထဲ ဖောက်ဝင်သွားတယ်။


#မောင်လေး

Comments