ရသစာပေ

 

ရသစာပေ


အကြမ်းဖက်ဝါဒသည် ဘယ်ကလာသနည်းဟုမေးခဲ့လျှင် ကိုယ်ချင်းစာစိတ်မရှိသော နှလုံးအိမ်ကလာပါသည်ဟု ရိုးရှင်းစွာဖြေချင်ပါသည်။ ကိုယ်ချင်းစာစိတ်ကို မည်သို့ပျိုးထောင်ရမည်နည်းဟု ဆက်မေးလာသော် မိမိကိုယ်တွင်းမှ မတော်လာဘစိတ်၊ မတော်ဒေါသစိတ်၊ မတော်မောဟစိတ်ကို နည်းနိုင်သမျှနည်းအောင်ပယ်ပြီး ပတ်၀န်းကျင်ကိုမြတ်နိုးစိတ် ချစ်ခင်စိတ်ဖြင့်ပျိုးထောင်ရမည်ဟုထင်ပါသည်။


 ပတ်၀န်းကျင်ကို မြင်စိတ် သတိထားတတ်သောစိတ်ကို ရသစာပေဖတ်ခြင်းဖြင့်သာရနိုင်သည်။ရသစာပေသည် ကျွန်တော်တို့ငယ်ငယ်ကပင်ရင်းနှီးခဲ့ရသည်။  မြန်မာ့ပညာရေးသည် အခြေခံအုတ်မြစ်ကောင်းသော ပြဌာန်းချက်များနှင့် ထိတွေ့ခွင့်စောစီးစွာပေးခဲ့၏။ သို့သော် 'ပေးကားပေး၏ မရ ' ဆိုသလို ကဗျာ ၀တ္ထု စသည်တို့နှင့် ငယ်ကရင်းနှီးခဲ့သော်လည်း ရသ၏ သဘောတရားကို နားလည်ခြင်းမရှိခဲ့ကြပါ။ မြန်မာစာဟူသည် ကျက်ဖို့ ကဗျာဟူသည် ဆရာမ ပြန်ပေးသော စကားပြေကိုကျက်ပြီး စာမေးပွဲတွင်ဖြေဖို့သာ အားခဲခဲ့ကြသည်။ ရသစာပေသည် ကြက်တူရွေးပညာရေးစနစ်အောက်တွင် အရှင်လတ်လတ် မြေမြုပ်သတ်ခံခဲ့ရလေသည်။ 


ထိုအသိသည် ဆရာဇော်ဂျီ၏ ရသစာပေ အဖွင့်နှင့်နိဒါန်း စာအုပ်ဖတ်ပြီးရလာသော အသိ တွေးမိသောအတွေးပင်ဖြစ်သည်။ ထိုစာအုပ်တွင် ဆရာက ရသစာပေ၏သဘောတရား စာပေသမိုင်းကြောင်းခင်းလာပုံ စသည်တို့ကိုဖွင့်ဆိုရှင်းလင်းပြထား၏။ ဆရာရှင်းပြသောတျာချင်းများ ကဗျာများ ခေတ်ပေါ်၀တ္ထုတို့သည် ငယ်ကဆယ်တန်းကျောင်းသားဘ၀တွင်သင်ခဲ့ရသောအရာပင်ဖြစ်သည်။ ထိုအချိန်က ရသသဘောကိုမသိခဲ့ပါ  မခံစားတတ်ခဲ့ပါ ။ ထို့အတွက် ပတ်၀န်းကျင်ကို သတိထားမိစိတ် မြင့်တက်သောစိတ်သည်လည်း မရင့်သန်ခဲ့ကြ။ ရသစိတ်နည်းသော ကိုယ်ချင်းစာတရားတို့ခေါင်းပါးသော နှလုံးအိမ်တို့သာဖြစ်ခဲ့ရသည်။ ရသခံစားမှု့မရှိသောနှလုံးသားတွင် အကြမ်းဖက်တတ်သော စိတ်တို့ခိုအောင်းကပ်အောင်းလာသည်မှာ အဆန်းပင်မဟုတ်တော့ပေ။

Comments

Post a Comment