ရဟန်း နှင့် သံဃာ

 

ရဟန်း နှင့် သံဃာ 

(သို့မဟုတ်)

အကျင့်မှားသောရဟန်းကို အပြစ်ပြောခြင်းက သံဃာကို ပစ်မှားရာ ရောက်သလား?  ~~~


ရဟန်းအတုယောင်တချို့နှင့်  ဒုဿီလရဟန်းယုတ်(သီလမရှိသောရဟန်းယုတ်)တချို့ရဲ့လုပ်ရပ်အမှားတို့ကြောင့် ထိုရဟန်းတချို့အပေါ် လူတွေ အထင်အမြင်သေးခြင်း အပြစ်ပြောခြင်းက ဗုဒ္ဓသာသနာတော်ကိုကို စော်ကားရာ မရောက်ပါဘူး၊ ထိုသို့ အထင်အမြင်သေး အပြစ်ပြောခြင်းဟာလည်း သာသနာအပေါ်  လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုအား လျော့ကျသွားခြင်း မဟုတ်မကောင်းသောရဟန်းကို မကောင်းသည့်အတိုင်း အပြစ်မြင်ခြင်း အပြစ်ပြောခြင်းသာ ဖြစ်ပါတယ်၊ ဒါသည်ပင်လျှင် မိမိတို့ရဲ့ ဗုဒ္ဓသာသနာအပေါ် ကိုးကွယ်ယုံကြည်ကာ မကောင်းသော ဒုဿီလ ရဟန်းများကို လမ်းအမှန်တည့်ပေးပြီး ပြင်ဆင် ကျင့်သုံးစေခြင်းဖြင့် သာသနာတော်ကိုစောင့်ရှောက်ခြင်းလို့ပင် အမည်ကင်ပွန်းတပ်ရမည်သာ ဖြစ်သည်။


ဘုရားဟာ ဖြူစင်အပြစ်ကင်းစင်သော အမြင့်အမြတ်ဆုံးသူလို့အဆိုထိုက်ဆုံး ပုဂ္ဂိုလ်ပါ၊ ထိုသို့ပင် ဘုရား ဟောကြားတော်မူထားည့် တရားတော်တွေဟာလည်း ဖြူစင်အပြစ်ကင်းကြောင်း အကြွင်းမဲ့ ယုံကြည်ရလို့ ပြစ်မှားစော်ကားစရာ အကြောင်းက လုံးဝ မရှိတာကြောင့် သရဏဂုံသုံးပါးထဲက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ နဲ့ ဓမ္မံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ သရဏဂုံ ၂ပါးက ကျိုးပေါက်စရာအကြောင်း မရှိပါဘူး။ ဒါကြောင့် သံဃံ သရဏံ ဂစ္ဆာမိဆိုတဲ့ သံဃာနဲ့ ပက်သက်နေတဲ့ အကြောင်းအရာများကိုသာ အဓိက သတိထား သိသင့်တဲ့ အချက်လေးတွေနဲ့ လိုတိုရှင်း ရေးသားဖော်ပြပေးချင်ပါတယ်။


ရဟန်းယုတ် တချို့အပေါ်  ကျွန်တော့်တို့လို သာမာန်လူတွေရဲ့ စိတ်ဆိုးဒေါသထွက်ခြင်းဟာ ဘုရားအပေါ်  ရိုက်ခတ်မှု မရှိတဲ့အတွက်ကြောင့် ဘုရားအပေါ် ကျွန်တော့်တို့လိုတွေရဲ့ ကြည်ညိုမှုက အသက်ထက်ဆုံး ရှိမည်သာဖြစ်ပြီး“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" ဆိုတဲ့ ယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်း သရဏဂုံ မပျက်စီးသေးကြောင်း သိထားကြရပါမယ်။


ရဟန်းယုတ်တချို့ရဲ့ အကျင့်မှား လမ်းမှားခြင်းကို သိရှိရတဲ့အတွက် ထိုရဟန်းယုတ်တွေအပေါ်  ကျွန်တော်တို့လိုလူတွေရဲ့ 

မကြည်ညိုနိုင်ခြင်းက အပြစ်ဖြစ်သလား? ဆိုတာကတော့ …၎င်း ရဟန်းအပေါ်ကိုသာ အကြည်ညို ပျက်ခြင်း ဖြစ်ပြီး ၎င်းရဟန်းယုတ်တို့ရဲ့အကျင့်က မနှစ်မြို့စရာဖြစ်ခြင်း လုပ်ရပ်အမှားများကိုသာ မကြည်ညိုရာ ရောက်ပြီး စစ်မှန်သော တရားတော်ကို အကြည်ညိုပျက်ခြင်း လုံးဝမဖြစ်ပါဘူး၊ ဒါကြောင့် ၎င်းလုပ်ရပ်အမှားကိုသာ လူတွေ မကြည်ညိုခြင်းက တရားတော်အပေါ်မှာ ရိုက်ခတ်ခြင်း အလျဉ်းမရှိတာကြောင့် "ဓမ္မံ သရဏံ ဂစ္ဆာမိ" ဆိုတဲ့ တရားတော်ကို ယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်း သရဏဂုံ မပျက်စီးသေးကြောင်း သိထားကြရပါမယ်။


ရဟန်းယုတ် တချို့ရဲ့ ရဟန်းကျင့်ဝတ်မညီခြင်းကြောင့် သံဃာ့ဂုဏ်နဲ့ မထိုက်တဲ့အတွက်ကြောင့် ထိုရဟန်းယုတ်တချို့ အပေါ် လူတွေရဲ့ မကြည်ညိုခြင်းဟာ သံဃာတော်အစစ်အမှန်ဖြစ်ကြတဲ့ ပုထုဇဉ်နဲ့ အရိယာသံဃာထုကြီးတစ်ရပ်လုံးအပေါ် ရိုက်ခတ်ခြင်း မရှိတာကြောင့် ရဟန်းတချို့ဆိုတဲ့ ပုဂ္ဂိုလ်အပေါ်မှာသာ ပြစ်မှားခြင်း ဖြစ်ပြီး သံဃာတော်အပေါ် ပြစ်မှားခြင်း လုံးဝ လုံးဝ မသက်ရောက်တာကြောင့် "သံဃံ သရဏံ ဂစ္ဆာမိ" ဆိုတဲ့ သံဃာတော်ကိုယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်း သရဏဂုံ မပျက်စီးသေးကြောင်း သိထားကြရပါမယ်။


ဒီလို သရဏဂုံတွေ မကျိုးပျက်သေးတာကြောင့် အကျင့်မှားနေတဲ့ ရဟန်းအပေါ်ကို ပြစ်မှားပြောဆိုကြသူတွေရဲ့ ဗုဒ္ဓသာသနာတော်အပေါ် ယုံကြည်သက်ဝင်ခြင်းဟာ လုံးဝ လျော့ကျသွားခြင်း မရှိ၊ သရဏဂုံ ပျက်စီးခြင်း မရှိသေးဘူးလို့ အပြည့်အဝ သတ်မှတ်ထားလို့ ရပါတယ်။


ရဟန်းတစ်ပါးချင်းစီရဲ့ လုပ်ရပ် ညံ့ဖျင်းသေးသိမ်ခြင်းကြောင့် ၎င်း ရဟန်းတချို့နဲ့ အကျင့်အပေါ် ကိုသာ ပြစ်မှားခြင်းသည် သံဃာကို ပြစ်မှားရာ မရောက်ပါ၊ ရဟန်းတစ်ပါး၊ နှစ်ပါးလောက်က “သံဃာ” မမည်ပါ၊ ရဟန်း တစ်ပါး နှစ်ပါးလောက်ကို သံဃာဟု မခေါ်ထိုက်ပါ၊ ဒါကို စာပေ ပရိယတ် လိုက်စားကြတဲ့ ရဟန်းတိုင်း သိကြပါတယ်၊ ရဟန်းနဲ့ သံဃာ မကွဲပြားကြသေးတဲ့ လူတွေက ဒုနဲ့ဒေး ဖြစ်နေကြလို့ ရဟန်းနဲ့ သံဃာ ကွဲပြားခြားနားကြောင်း သိစေလို၍လည်း လိုတိုရှင်း ဖော်ပြပေးချင်ပါတယ်။


အနည်းဆုံး သုံးပါး လေးပါးသော ရဟန်းတို့ဟာ အတူတူ ပေါင်းစည်းပြီး ကျရောက် ပေါင်းဆုံမှသာ သံဃာလို့ ခေါ်ထိုက်တာပါ၊“သမဂ္ဂါနံ သံဃာနံ သံဟနတိ သမုပဂစ္ဆတီတိ သံဃော” ဆိုတဲ့ ဝိဂ္ဂဟအဖွင့်အရ သံဃာ့ အဓိပ္ပါယ်ကို ဖွင့်ဆို ပြထားခြင်း ဖြစ်ပါတယ်၊ ဒါကြောင့် ရဟန်း တစ်ပါး နှစ်ပါး တို့ဟာ တစ်စု တစ်စည်းတည်း မဟုတ်ပဲ ရဟန်း ကျင့်စဉ် မမှန်ဘဲ လုပ်ရပ်အမှားတွေ လုပ်လို့ လူတွေက အပြစ်မြင် အပြစ်ပြောခြင်းဟာ

သံဃာကို ပြစ်မှားခြင်း မဟုတ်ဘဲ ရဟန်း ဆိုတဲ့ ပုဂ္ဂိုလ်ကိုသာ ပြစ်မှားခြင်း ဖြစ်ပါတယ်၊ ဒီလို ရဟန်းကို လူတွေက အပြစ်မြင် အပြစ်ပြောခဲ့တဲ့ သာဓကများ ဘုရားသက်တော်ထင်ရှား ရှိစဉ်အခါကတည်းက စိတ္တသူကြွယ်က ရဟန်းတစ်ပါးကို အပြစ်မကင်းလို့ အပြစ်ကို အပြစ်လို နားလည်ဖို့ ပြောခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်၊ ဒါကြောင့် မကောင်းတဲ့ သီလ မရှိတဲ့ အကျင့်မှားနေတဲ့ ရဟန်း တချို့ကို ပြစ်မှားခြင်းဟာ သံဃာကို ပြစ်မှားခြင်း မဟုတ်၊ ရဟန်းဆိုတဲ့ပုဂ္ဂိုလ်ကို ပြစ်မှားခြင်းသာဖြစ်တာကြောင့်  “သံဃံ သရဏံ ဂစ္ဆာမိ”ဆိုတဲ့ သံဃာတော်ကိုယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်း သရဏဂုံ မပျက်စီးကြောင်း သိထားကြရပါမယ်။


စာဖတ်သူ အားလုံး ယခုဆို “ရဟန်း နှင့် သံဃာ” ကွဲပြားခြားနားစွာ သိလောက်ကြပြီလို့ ထင်ပါတယ်။


✍️လင်းစက်☀️

Comments

  1. ဟုတ်ကဲ့
    ကျေးဇူးပါ
    ဘေးရန်ကင်းတဲ့ သီတင်းကျွတ်လေးဖြစ်ပါစေ 🕊️

    ReplyDelete
  2. ဟုတ်။ အခုမှ ကွဲကွဲပြားပြားသိသွားတော့တယ်။ ကျေးဇူးပါ။

    ReplyDelete
  3. Wheel............dope.🏹🏹🏹

    ReplyDelete
  4. ပြာသိုလပြည့်နေ့ (အမေများနေ့)
    အမေ့ကျေးဇူးဆပ်နိုင်တဲ့
    သားသမီး ရတနာလေးများ
    ဖြစ်ကြပါစေ 🙏🙏🙏

    ReplyDelete
    Replies
    1. ပေးတဲ့ဆုနဲ့ ပြည့်ကြပါစေ
      🙏🙏🙏

      Delete

Post a Comment