သီချင်းကဗျာ

 

သီချင်းကဗျာ ကဗျာသီချင်း(၁)


သီချင်းနဲ့ ကဗျာဆိုတာ အမျိုးတော်ကြပေမယ့် သဘာဝချင်းမတူကြတဲ့ အနုပညာတွေဖြစ်ကြပါတယ်။ သီချင်းရဲ့ စာသားရေးဖွဲ့ပုံ ကာရန်ယူပုံတွေဟာ ကဗျာရေးဖွဲ့ပုံ ကာရန်ယူပုံတွေနဲ့ မတူကြပါဘူး။ ဒါပေမယ့် တချို့ကဗျာတွေဟာ ဂီတသမားရဲ့ အာရုံကို ဖမ်းစားညှို့ငင်လိုက်တဲ့အခါမှာတော့ 

သီချင်းအဖြစ် ကို ကူးပြောင်းလာပါတော့တယ်။ 


ပန်းချီဆရာလည်းဖြစ် ကဗျာဆရာလည်းဖြစ်တဲ့ မောင်ဒီရဲ့ ကဗျာတစ်ပုဒ်ဟာလည်း မစ္ဈိမလှိုင်းအဖွဲ့သား‌တွေရဲ့ ဂီတမှော်အတတ်နဲ့ သီချင်းဘဝကို ကူးပြောင်းလာခဲ့ဖူးပါတယ်။ အဲဒီသီချင်းကတော့ ကိုရဲလွင်က သံစဉ်ထည့်ပြီး ခင်မောင်တိုး သီဆိုခဲ့တဲ့ 'သိန်းငှက်တို့ရဲ့ သဘာဝ' ပါပဲ။ 1993 ခုနှစ်မှာထွက်ခဲ့တဲ့ ပန်တော်ဦး တေးစီးရီးထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ စာသား၊ ဆိုဟန်နဲ့ နောက်ခံတီးခတ်မှုတွေဟာ လိုက်ဖက်လွန်းလှတဲ့ ဖန်တီးမှုလို့ ဆိုချင်ပါတယ်။


ဘဝဟာအကြောက်တရားနဲ့ ရှင်သန်ဖို့ မွေးဖွားလာတာမဟုတ်ဘူး။ လွတ်လပ်စွာပျံသန်းမကြည့်လိုက်ဘူးဆိုရင် ကောင်းကင်ကြီးဟာ နှမျောစရာကောင်းလွန်းလှပါတယ်။ လွတ်လပ်မှုကိုခံစားကြည့်ဖို့ ရဲရင့်ဖို့တော့လိုတာပေါ့လေ။ 

စာသားတွေကို ဖတ်ရှုခံစားကြည့်လိုက်ပါဦး။  


သိန်းငှက်တို့ရဲ့သဘာဝ

-------------------------      


တေးဆို- ခင်မောင်တိုး

သံစဥ်-ကိုရဲလွင်

စာသား-မောင်ဒီ


သိန်းငှက်ပျိုတို့ရဲ့ ဘဝအစဆိုတာ

ဟိုး...... သစ်ပင်အိုကြီးများရဲ့ 

ထိပ်ဖျားလောက်နေ.. 

အောက်ကို ခုန်ချလိုက်တာဘဲ..


အဲဒီအခါမှာ.. ငှက်ငယ်ဟာ 

ကြောက်လန့်တကြားနဲ့ 

တအားအော်ဟစ်ရင်း 

အတောင်များကို ဖြန့်ကားလိုက်ရာ


အာကာသထဲမှာ

သူ့ရဲ့အသည်းနှလုံးဟာ 

ဖြုန်းဆို....ပြောင်းသွားခဲ့တယ်လို့...

တို့အဖိုးက 

ကွမ်းတရိုးဝါးရင်းနဲ့ 

ပြောပြခဲ့ဖူးတယ်


သီချင်းကိုနားဆင်ခံစားဖို့

https://youtu.be/sbwYOI_g4SI

Comments

Post a Comment