အမေ သားထက် ပိုပျော်ပါတယ်
"အမေသားထက်ပိုပျော်ပါတယ်"
"အမေသားသူငယ်ချင်းတွေက ဖုန်းတွေကိုယ်စီနဲ့ဗျာ" ။
ကျွန်တော့် ဘ၀ကို အားမလိုအားမရ လေသံနဲ့စိတ်ပျက်ပျက်ပြောလိုက်တယ်။ ကျွန်တော်ကအဲ့တုန်းက ကလေးဆိုတော့ မိသားစု အဆင်ပြေတာတွေ မပြေတာတွေဘယ်သိမတုန်း။
အဖေဖြစ်သူနောက်အိမ်ထောင်ပြုပြီးထဲက ကျွန်တော်ကို အမေက စက်ချုပ်ပြီး ရှာကျွေးခဲ့တယ်။ အိမ်မှာကလည်း အမေသက်သက်သာသာ ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တာဆို့ အဘွားအမွေပေးခဲ့တဲ့ ဒီအထည်ချူပ်တဲ့စက် အဟောင်းလေး တစ်လုံးပဲရှိတယ်။
ဘေးနားပတ်ဝန်းကျင်က အထည်တွေကို ဟိုချူပ်ဒီချူပ်ရယ် နဲ့ အမေ့ရဲ့တနေ့တာကိုကျော်ဖြတ်တယ်။
အထိုင်တွေများပြီး မျက်စိမူန် လာတော့ အမေ က မျက်မှန်အထူကြီးကို အမြဲတပ်ထားလေရဲ့၊ အခုလည်းအမေစက်ချူပ်တဲ့နားမှာ ကျွန်တော် ပူဆာနေပြန်ပြီ။
"သားရယ် သားမှာ ဖုန်းရှိတာပဲမဟုတ်ဘူးလား အမေအသံပျော့ပျော့နဲ့ ပြန်ပြောတယ်"။
ကျွန်တော် က လိုချင်စိတ်က အားကြီးနေပြီလေ၊ အဲ့တုန်းက အရှိကိုအရှိတိုင်းလက်မခံနိုင်တာလည်းပါတာပေါ့။ဘာမှမဟုတ်တဲ့ သူငယ်ချင်းတွေကို အလေးထားမိလေတော့၊
"အမေကလည်းဗျာ၊ အခုခေတ်ကိုလည်းကြည့်ဦး အမေတနေ့တနေ့ အိမ်ထဲက မထွက်ပဲ ရမ်းသန်းပြီးပြောနေတယ် ။
အခုဆို အကုန်လုံးက ဖုန်း ကို touch screen ကိုင်တာ၊သားသူငယ်ချင်း တွေ ဆို အဲ့လိုဟာကြီးပဲ"။
ကျွန်တော်ရဲ့ လိုချင်စိတ်တွေက အမေ့ မျက်ဝန်းကို စိုစွတ်စေတာလည်း ကျွန်တော် မသိခဲ့ပါဘူး၊ လိုချင်တာ တစ်ခုထဲနဲ့ ဖြစ်ချင်တာပဲ ကြည့်ခဲ့တဲ့ ကျွန်တော် မျက်လုံးတွေကတော့ ဒေါသအရိပ်ယောင်တွေ အပြည့်ပေါ့။
အမေကပြန်ပြောတယ်
"အမေအပြင်မထွက်တာက ဒီအထည်တွေကြောင့်ရယ် ပါ သားရယ် အမေ့ကို မနှိမ်ပါနဲ့ အမေနင့်ကို မွေးထားတာပါ "။အမေက အမေဆိုတဲ့ ဂုဏ်နဲ့အသံမာအောင်ကြိုးစားပြီးပြောတယ်။
မကောင်းတဲ့ ကျွန်တော်က
"အင်းလေ အဲ့တာကြောင့် အမေ့က မွေးထားလို့ အမေ့ကို ပူဆာတာ အမေ့မှာတာဝန်ရှိတယ် အမေ လူတန်းစေ့မထားနိုင်ရင် ဘာလို့ ကျွန်တော့်ကို မွေးနေသေးလဲ ဗျာ"။
ကျွန်တော့် စကားတွေ အင်မတန် ဆိုးရွားနေပြီ၊ လောဘ စိတ်က ကျွန်တော့်ကို ဖုံးလွှမ်းပစ်ထားလိုက်ပြီ၊
အမေကျွေးလို့ ဒီအရွယ်ရောက်လာတဲ့
ခန္တာကိုယ်နဲ့ အမေ့မှာ တာဝန်ရှိတယ်ဆိုပြီး အော်ပြောနေပြီ ၊အမေ ရှာကျွေးတဲ့ ထမင်းကို စားပြီး လူတန်းစေ့မထားဘူးဆိုပြီး ပြောနေပြီ၊ တနေ့လုံးတညလုံး စက်ချူပ်နေတဲ့ အမေ့ကို ခေတ်မမှီဘူးဆိုပြီး အော်ဟစ်နေခဲ့ပြီ ၊
အမေက "အေးပါ သားလိုချင်တယ်ဆိုရင်လဲ အမေ့ဖြစ်အောင်စီစဉ်ပေးမှာပါ"။
အမေ့အရှိက်ကို ထိ သွားခဲ့ပြီ လေ၊ ကျွန်တော့်စကားသေနတ်က အမေ့ရင်ဝကို တည့်တည့် ပစ်ထည့်လိုက်ပါပြီ။
ကျွန်တော်ကိုယ်ကျွန်တော်အဲ့တုန်းကမသိမသာ ဂုဏ်ယူလိုက်သေးတယ်။
"တယ် တော်တဲ့ ငါပါလား၊ … ၊တယ်ပြောတတ်တဲ့ ငါပါလား"။
ကျွန်တော့် ရင်ထဲက ပူလောင်နေတဲ့ အလုံးကြီးကျသွားခဲ့ပြီ၊ကျွန်တော့် စိတ်ထဲမှာ ဟိုကောင်တွေ ကိုဘယ်လိုကြွားမယ် ဘယ်လို ဂိမ်းဆော့မယ် ဆိုတာတွေ အဆက်မပြတ်တွေးမိနေခဲ့ပြီ။
ကျွန်တော့် ရင်ထဲက အလုံးက အမေ့ရင်ထဲရောက်သွားတယ်ဆိုတာ ကျွန်တော် လုံး၀မရိတ်မိခဲ့ဘူး။
အမေငိုင်ကျသွားတယ်ဆိုတာလည်း ကျွန်တော် မသိခဲ့ဘူး။
ညနေ ထမင်းဝိုင်းကိုရောက်တော့ ကျွန်တော် ပျော်လွန်းလို့ ထမင်းနှစ်ပန်းကန်လောက် စားလိုက်တယ်၊ အမေ့ကတော့ ထမင်းနည်းနည်းစားပြီး ပျော်ချင် ယောင် ဆောင်နေခဲ့တယ်လေ။
အမှန်တော့ကျွန်တော်ပျော်သလောက် အမေ စိတ်ဆင်းရဲနေခဲ့တာ၊အမေ တွေးပူနေခဲ့ တာပါ၊အဲ့ညကတော့ ကျွန်တော့်အိမ်မက်ထဲမှာ ဖုန်းအသစ်လေးကိုင်ခဲ့ပါတယ်၊ အမေကတော့ ဟိုဘက်လှည့်ဒီဘက်လှည့်နဲပေါ့ ။
နောက်နေ့မနက်ကျောင်းကဆင်းတော့ အမေက အားမရှိတဲ့အပြုံးလေးနဲ့ ကျွန်တော့်ကိုလှမ်းပြုံးပြတယ်။
ကျွန်တော်ကတော့ အမေ့အပြုံးကိုသိပ်မမြင်မိဘူး ။
ကျွန်တော်တို့သားအမိနှစ်ယောက် ဖုန်းဆိုင်ကိုတန်းသွားလိုက်တယ်၊ ကျွန်တော့် သူငယ်ချင်းတွေ ကိုင်တဲ့ ဖုန်းမျိုး ကျွန်တော် တုံ့ဆိုင်းမနေပဲ ချက်ချင်းဝယ်လိုက်တယ် ၊အမေကတော့ ဘေးကနေ တိတ်တိတ်လေးကြည့်ပြီး ပိုက်ဆံထုတ်ပေးတယ်။
ကျွန်တော် ဖုန်းအရမ်းကိုင်ချင်စိတ်ကြောင့် ဆိုင်ရှေ့မှာတင် ကျွန်တော် ထိုင်ပြီး ကြည့်နေမိလိုက်တယ်၊အမေကတော့ ဘေးကနေ
"ငါ့သားလေးကို လူတန်းစေ့ထားနိုင်ပြီ"…ဆိုတဲ့ အတွေးတွေနဲ့ ကျွန်တော့်ကို ပြုံးပြီး ကြည့်နေလေရဲ့ ၊
နောက်တော့ ကျွန်တော်တို့ သားအမိ အိမ်ပြန်လာကြတယ် အိမ်ရောက်တော့ တစ်ခုခု ပြောင်းလဲနေသလို ကျွန်တော် ခံစားရလိုက်တယ်။
ကျွန်တော် သေချာကြည့်တော့မှ အမေ့အထည်ချူပ်တဲ့ စက် မရှိတော့ဘူး၊ ကျွန်တော် ခဏတော့ပြာယာခေတ်သွားတယ်။ အမေကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်တော့်ကိုပြုံးပြီးကြည့်တယ်၊
ဒီစက်က အဖွားရဲ့တစ်ခုထဲအမွေ နောက်ပြီး ကျွန်တော် တို့ သားအမိကို အဖေမရှိတော့ထဲက အခုထိ ရှာကျွေးလာတဲ့ တစ်ခုထဲ သောအရာလေ၊
"အမေ စက်ကော" လို့ကျွန်တော်ကမေးတော့ အမေက "ဒီအိမ်မှာ ကျဉ်းနေလို့ အိမ်ကျယ်အောင်
ဘေးကအိမ်ကို အမေပေးထားတယ် သားရဲ့ အမေချုပ်မယ်ဆိုရင် ဘေးအိမ်မှာ သွားချုပ်ရုံပဲတဲ့"
ကျွန်တော် သိပ်နားမလည်ပါဘူး။ဒါပေမဲ့သိပ်လည်း ဂရု မစိုက်ပါဘူးလေ။လက် ထဲက ဖုန်းအသစ်ကိုပဲ ထိုင်ကလိနေလိုက်တယ်။
နောက်တော့မှ ကျွန်တော်သိရတာက …အမှန်တော့ ရောင်းလိုက်တာပါ ၊ရောင်းပြီး ရတဲ့ငွေနဲ့ ကျွန်တော့်ကိုဖုန်းဝယ်ပေးတယ်၊ အဲ့ရောင်းလိုက်တဲ့အိမ်မှာတော့ အမေကအလုပ်သမား အဖြစ် သွားလုပ်တာပေါ့ ၊သူတို့ကတော့အထည် တထည်ချုပ်ရင် ဘယ်လောက်ဆိုပြီး တောင်းတယ် ၊အမေကလည်းပေးရတာပေါ့၊ နောက်တော့ ဒီတစ်ခုနဲ့ ကျွန်တော့်ကျောင်းစရိတ် တွက်ချေမကိုက်မှန်း အမေသိလာတော့ အဝတ်လျော်တာတွေ ၊ မီးပူတိုက် တွေပါ ပါလာတော့တာပဲ။
ကျွန်တော်ကတော့ တစ်နှစ်ကိုတစ်တန်းအအောင်ပေးတဲ့ ပညာရေးစနစ်မှာ စာကြိုးစားသူကြီး အယောင်ဆောင်လို့ပေါ့ဗျာ။
ကျွန်တော်အသက်အရွယ်ကြီးလာသလို အမေလည်းတော်တော် အိုလာခဲ့ပြီ၊နောက်ပိုင်းစာအုပ်တွေဖတ်လို့ အသိတရားတွေ ရလာတော့ ဒီအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း ငါတော်တော် မိုက်ပါလားဆိုပြီး တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်ချင်နေမိတယ်။
ဒါကြောင့်ပဲ အိုနေတဲ့ အမေရှိတဲ့ အိမ်ကို အပြေးပြန်လာခဲ့တယ်၊ အမေရဲ့လက်ဖဝါးနွေးနွေးလေးကို ဆုပ်ကိုင်ပြီး ကျွန်တော်က ဒီအကြောင်းတွေကို တခုချင်း အမေ့ကို ပြန်ပြောခဲ့တယ်၊အမေကတော့ ခေါင်းလေးငုံပြီး နားထောင်နေရှာတယ်။
"အမေရယ် သားအဲ့တုန်းက တော်တော် မိုက်ခဲ့တာပါ တော်တော်ကြီးကို မကောင်းခဲ့တာပါ၊ သားကြောင့် အမေတော်တော် ပင်ပန်းခဲ့ရမှာပဲနော်၊
အမေရယ် သားမသိတတ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်အမေရယ် သားကိုခွင့်လွှတ်ပါနော်။"
ဆိုပြီး ကျွန်တော် အမေ့ကို ပြောတော့ အမေက ပြုံးပြီး ကျွန်တော့်ကို တခွန်းပဲ ပြန်ပြောလိုက်ပါတယ်။
"အဲ့တုန်းက သား ဖုန်းအသစ် ရလို့ သား ပျော်တဲ့ အပျော်ထက် အမေက ပိုပျော်ပါတယ်သားရယ်"တဲ့ ………။
ကျွန်တော်မျက်ရည်တွေအဆက်မပြတ်ကျလာခဲ့တယ်၊
အမေက တော့ ကျွန်တော့် မျက်ရည်တွေ ကို မမြင်နိုင်တော့ပါဘူး၊ အမေအလုပ်ဒဏ်တွေကြောင့် အမေ့မျက်စိက ကွယ်နေခဲ့ပြီလေ။………………။
#နောင်ချိုသွေး
#သက်ဆိုင်ရာပုံပိုင်ရှင်အား credit ပေးပါသည်။
#ယခုစာမူသည်စာရေးသူအတွေးနှင့်သာပုံဖော်ထားသောကြောင့် ယခုစာမူတွင်ထည့်သုံးထားသည့်ပုံနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။
Done.
ReplyDeletedone
ReplyDeleteDONE.
ReplyDeleteDone 💪
ReplyDelete❤️💜
ReplyDeleteအမေ့ရဲ့ဒုက္ခအိုးလေး
ReplyDeleteDone
ReplyDeleteClick
ReplyDelete