အပိုင်း ၃

 

ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း

Psychological First Aid for Children and Adolescents

အပိုင်း(၃)


၃။ မိဘအုပ်ထိန်းသူများနှင့် ဆရာ၊ဆရာမများ အတွက် အကြံပြုချက်များ

စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသော ဆယ်ကျော်သက်များနှင့်ကလေးသူငယ်များကို ၎င်းတို့၏မိသားစုဝင်များ မိတ်ဆွေသူငယ်ချင်းများနှင့် အဆက်အသွယ် မပြတ်စေရပါ။ စာရေးဆက်သွယ်ခြင်း၊ တယ်လီဖုန်းပြောခြင်း၊ ဆိုရှယ်မီဒီယာများမှတဆင့် ဆက်သွယ်ခြင်းတို့ ပြုလုပ်သင့်ပါသည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသောများ ကလေးသူငယ်များကို မလိုအပ်ဘဲ မိသားစုဝင်များနှင့်ခွဲထားခြင်းကို ရှောင်ရှားသင့်ပါသည်။

စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသောများ ကလေးသူငယ်များ၏ အခြေခံလိုအပ်ချက်များကို ဂရုပြုဖြည့်ဆည်းပေးရပါမည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသောများ ကလေးသူငယ်များ၏ အသုံးအဆောင်များနှင့် နေ့စဉ်လုပ်ဆောင်နေကျ နိစ္စဓူဝကိစ္စများကို မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ပေးရပါမည်။ ၎င်းတို့အတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရန်လိုအပ်ပါသည်။

စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသောများ ကလေးသူငယ်များအား ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များနှင့် ဆက်လက်ဖြစ်ပွားနိုင်သည်များကို ၎င်းတို့နားလည်သဘောပေါက်နိုင်သည့် အတိုင်းအတာအထိ ရှင်းလင်းပြောပြရပါမည်။

မိဘအုပ်ထိန်းသူများကိုယ်တိုင်သည်လည်း ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများဖြစ်သည့်အတွက် မိမိတို့သည်လည်း စိတ်ထိခိုက်ပင်ပန်းမှုကို ခံစားနေရနိုင်သည်ကို သတိပြုမိရန်လိုအပ်ပါသည်။ ထို့ကြောင့် အုပ်ထိန်းသူများ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးကို အထူးဂရုပြုရန် လိုအပ်ပါသည်။ 

မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးသူငယ်များ၏ လိုအပ်ချက်များကို လျစ်လျူမရှုမိရန် အရေးကြီးပါသည်။ ကလေးကိုထိရောက်စွာပြုစုစောင့်ရှောက်နိုင်ရန်နှင့် မိမိကိုယ်တိုင်အတွက် လိုအပ်သော အထောက်အပံ့များကို ရှာဖွေတတ်ရန် လိုအပ်ပါသည်။ ဥပမာ-အနီးဆုံးဆေးရုံ၊ဆေးခန်း၊ ရဲစခန်း၊ လူမှုကူညီရေးအသင်း စသည်တို့၏ ဖုန်းနံပါတ်များ၊ လူပုဂ္ဂိုလ်များကို စုံစမ်းမှတ်သားထားရန်။

ကလေးသူငယ်များကို အနိဌာရုံမြင်ကွင်းများနှင့်ဆက်စပ်သည့် မြင်ကွင်း၊အသံ၊အနံ့အသက်၊အခြေအနေများနှင့် တတ်နိုင်သမျှ ဝေးဝေးနေနိုင်ရန် စီစဉ်ပါ။ ကလေးအား အနိဌာရုံမြင်ကွင်းများ၊ သတင်းများကိုမလိုအပ်ဘဲ ထပ်တလဲလဲ မြင်တွေ့ ကြားသိစေမိနေခြင်းကို သတိပြုရှောင်ကြဉ်ပါ။

လုံခြုံစိတ်ချရပြီး အခြားသူများနှင့်အတူ နေထိုင်နိုင်မည့်နေရာကို ရှာဖွေပါ။ မိမိ၏ကလေးကို မိမိတို့သည် အတူတူရှိနေကြသည့်အတွက် ဘေးကင်းစိတ်ချရကြောင်းနှင့် မိမိက ကလေးကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ကာကွယ်မည်ဖြစ်ကြောင်း အသိပေးပြောကြားပါ။ ကလေးအား အနိဌာရုံမြင်ကွင်းများ ၊ ဘေးဒုက္ခကြုံလာရသူများ နှင့်တွေ့ဆုံခြင်း၊စကားပြောဆိုခြင်း၊ ဆိုရှယ်မီဒီယာများကို ကြည့်ရှုခြင်းကို ရှောင်ရှားရပါမည်။ 

ကလေးအား စကားပြောဆိုရာတွင် တည်ငြိမ်အေးဆေးစွာ ပြောဆိုရန်နှင့် ကလေးအားပွေ့ဖက်ထားခြင်း၊ လက်ချင်းဆုပ်ကိုင်ပေးထားခြင်း၊ အတူထိုင်၍ အချိန်ပေးစကားပြောဆိုပေးခြင်း၊ အချိန်ပေးနားထောင်ပေးခြင်း၊ ကလေးစိတ်ဝင်စားသည့် ကစားနည်းကိုအတူကစားပေးခြင်း စသည့်နည်းများဖြင့် စိတ်သက်သာရာရအောင် ကူညီပေးနိုင်ပါသည်။ 

ဘေးအန္တရာယ်နှင့်ကြုံတွေ့ရပြီးနောက် ကလေး၏တုန့်ပြန်မှုများ၊ ကလေး၏ခံစားချက်များကို မိဘအုပ်ထိန်းသူများနှင့် ဆရာ၊ဆရာမများက နားလည်လက်ခံပေးရန် လိုအပ်ပါသည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသောများ ကလေးသူငယ်များကို လိမ်လိမ်မာမာနေရန်၊ ကောင်းမွန်စွာပြုမူပြောဆိုရန်၊ မကြောက်တတ်ရန်၊ သတ္တိရှိရန်၊ ငတုံး၊ငအကဲ့သို့ မပြုမူရန် ဇွတ်အတင်းမတိုက်တွန်းရပါ။ သူတို့၏ငိုကြွေးလိုခြင်း၊ ရင်ဖွင့်ပြောပြလိုခြင်းများကို ခွင့်ပြုပေးရန် လိုအပ်ပါသည်။ သူတို့သိလို၍ မေးမြန်းလာသည့်မေးခွန်းများကို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ ဖြေဆိုပေးရန်လိုအပ်ပါသည်။ သို့သော် ကလေးသူငယ်များသိရန် မလိုအပ်သော အသေးစိတ်အချက်အလက်များကို ထည့်သွင်းပြောဆိုရန် မလိုပါ။ 

စိုးရိမ်စိတ်လွန်ကဲမှုကြောင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပွားနေသောကလေးသူငယ်များကို ၎င်းတို့ခံစားနေရသည့် လက္ခဏာများသည် ဖြစ်လေ့ရှိသော သဘောသာဖြစ်ကြောင်းနှင့် မကြာမီ သက်သာပျောက်ကင်းသွားမှာဖြစ်ကြောင်း နှစ်သိမ့်ပေးရပါမည်။ စိုးရိမ်စိတ်ကြောင့် ခံစားရသောဝေဒနာများကို သက်သာစေရန် အသက်ရှူလေ့ကျင့်ခန်း၊ ကြွက်သားများဖြေလျှော့သည့်လေ့ကျင့်ခန်း၊ ယောဂလေ့ကျင့်ခန်း စသည်များကို မိမိနှင့်ကလေး အတူတကွ လုပ်ခြင်းဖြင့် ကူညီပြသပေးနိုင်ပါသည်။ 

ကလေး၏ပုံမှန်တနေ့တာ လုပ်ငန်းဆောင်တာများ (ဥပမာ-ဘုရားဝတ်ပြုခြင်း၊ တကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ကစားခြင်း၊ အစားစားသောက်ခြင်း၊ အိပ်စက်ခြင်း၊ ပညာသင်ကြားခြင်း)ကို မပျက်ယွင်းဘဲ ဆက်လက်လုပ်ဆောင်နိုင်စေရန် ကူညီပေးရပါမည်။

 မိဘအုပ်ထိန်းသူများကိုယ်တိုင်ပင်လျှင် အခြားမိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အဆက်အသွယ်မပြတ်စေရန် ဂရုပြုရမည်ဖြစ်ပြီး အကူအညီ လိုအပ်ပါက ၎င်းတို့ထံ အကူအညီတောင်းခံသင့်ပါသည်။

စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသော ကလေးသူငယ်များအား ၎င်းတို့ စိတ်ဝင်စားသော ကျောင်းပြင်ပလှုပ်ရှားမှုများဖြစ်သည့် အားကစား၊ ပန်းချီ၊ ဂီတ၊ သစ်ပင်စိုက်ခြင်း၊ လက်မှုလုပ်ငန်း စသည်တို့ကို လုပ်ဆောင်စေခြင်းသည် ၎င်းတို့၏ဝေဒနာကို လျင်မြန်စွာ သက်သာပျောက်ကင်းနိုင်စေပါသည်။


၃။ နိဂုံး 

အချုပ်အားဖြင့်ဆိုရသော် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသောများ ကလေးသူငယ်များကို ၎င်းတို့သည် စိတ်ရောကိုယ်ပါဘေးကင်းလုံခြုံနေပြီး မိဘအုပ်ထိန်းသူများ၊ ဆရာ၊ဆရာမများက စာနာနားလည်စွာ ကူညီစောင့်ရှောက်ပေးနေသည်ဟု ခံစားရမိစေခြင်းသည် ၎င်းတို့၏စိတ်ဒဏ်ရာများကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်မည့် ပထမဆုံးခြေလှမ်းပင်ဖြစ်သည်။ နွေးထွေးလုံခြုံသော လူမှုအသိုက်အဝန်းတွင် တည်ရှိနေသည်၊ အကာအကွယ် အစောင့်အရှောက်ခံယူနေရသည်ဟု ခံစားရစေခြင်းက စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသော ကလေးသူငယ်များကို နောက်ဆက်တွဲ စိတ်ဝေဒနာများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။



Comments

Post a Comment