အပိုင်း၁

 

ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း

Psychological First Aid for Children and Adolescents

အပိုင်း (၁)


၁။ နိဒါန်း

ဘေးအန္တရာယ်ကျရောက်စဉ်ကာလအတွင်း ကလေးများနှင့် ဆယ်ကျော်သက် လူငယ်လူရွယ်များသည် လူကြီးများနည်းတူ စိတ်ဆင်းရဲ ပူပန်သောကရောက်ကြရတတ်ပါသည်။ အခက်အခဲနှင့်ရင်ဆိုင်နေရသော ကလေးသူငယ်များကို ၎င်းတို့နှင့် အနီးကပ်ပြုစုစောင့်ရှောက်ပေးနေသော မိသားစုဝင်များ၊ ဆရာ၊ဆရာမများမှ စိတ်ပိုင်းဆိုင်ရာ အကူအညီများပံ့ပိုးပေးနိုင်ပါရန် ဤအကြောင်းအရာကို တင်ပြရခြင်းဖြစ်ပါသည်။


စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (Psychological First Aid)

စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း ဆိုသည်မှာ အခက်အခဲနှင့်ကြုံကြိုက်ကြရသော ကလေးသူငယ်၊လူရွယ်လူကြီးအားလုံးအတွက် ကနဦးအားပေးကူညီစောင့်ရှောက်ပေးခြင်း ဖြစ်ပါသည်။ ကိုယ်ခန္ဓာတွင် ထိခိုက်ဒါဏ်ရာရပါက ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုကုသပေးကြသကဲ့သို့  လတ်တလော စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကြဉ် ခံစားနေရသူများကိုလည်း စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် စောင့်ရှောက်ပြုစုပေးနိုင်ပါသည်။

ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စသောသဘာ၀ဘေးအန္တရာယ်များ၊ စစ်ပွဲများဖြစ်ပွားခြင်း၊ မီးလောင်ခြင်း၊ ပိုင်ဆိုင်မှုများဆုံးရှုံးခြင်း၊ ချစ်ခင်ရသူများနှင့် သေကွဲ ရှင်ကွဲ ကွဲကွာရခြင်း စသော လူကြောင့်ဖြစ်သော ဘေးဒုက္ခများနှင့် ရင်ဆိုင်ကြရာတွင် ကလေးသူငယ်များသည် ထိခိုက်လွယ်သောသူများဖြစ်ကြသဖြင့် အထူးဂရုစိုက် စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။ ကလေးသူငယ်များအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ဖန်တီးပေးကာ ၎င်းတို့၏လိုအပ်ချက်များကို ဂရုပြုစောင့်ရှောက်ပေးခြင်းသည် ၎င်းတို့ကြုံတွေ့ခံစားနေရသော စိတ်ထိခိုက်ပင်ပန်းမှုကို လျော့ပါးသက်သာစေပြီး နောက်ဆက်တွဲစိတ်ပိုင်းဆိုင်ရာပြဿနာများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း သည် မည်သူမဆို  လက်တွေ့ကျကျ လွယ်ကူရိုးရှင်းစွာ ဆောင်ရွက်နိုင်သော ကိစ္စဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း ကို ဆောင်ရွက်ရန် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းဖြစ်ရန် မလိုပါ။ သို့သော် အပြုစုခံ ကလေးသူငယ်၏ စိတ်ဆန္ဒ၊ ခံစားချက်၊ လိုအပ်ချက်များ၊ အခွင့်အရေးများကို စွက်ဖက်ခြင်း၊ လွှမ်းမိုးချုပ်ခြယ်ခြင်း မလုပ်မိစေရန် အရေးကြီးပါသည်။ 

စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း တွင် အစားအစာ၊ သောက်သုံးရေ၊ နေစရာနေရာ၊ ဆေးဝါးကုသမှု အစရှိသည့် အရေးပေါ်လိုအပ်ချက်များရရှိရန် ကူညီပေးခြင်း၊ ဘေးအန္တရာယ်ကြုံတွေ့နေရ၍ တုန်လှုပ်ခြောက်ခြားနေသူများကို စိတ်တည်ငြိမ်မှုရရှိစေရန် နှစ်သိမ့်အားပေးခြင်း၊ ၎င်းတို့လိုအပ်သော ပံ့ပိုးကူညီမှုများ ထောက်ပံ့ပေးနိုင်မည့် အဆက်အသွယ်များ၊ သတင်းအချက်အလက်များကို  ရှာဖွေစုဆောင်းပေးခြင်းနှင့် ထပ်မံကြုံတွေ့လာရနိုင်သော ဘေးအန္တရာယ်များမှ တားဆီးကာကွယ်ပေးခြင်းတို့ ပါဝင်ပါသည်။

ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ရာတွင် ၎င်းတို့၏အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုများအပေါ် အခြေခံ၍ ၎င်းတို့၏ခံစားချက်များ၊ တုန့်ပြန်မှုများကို နားလည်လက်ခံပေးရန် အရေးကြီးပါသည်။ ကလေးများသည် လူကြီးတစ်ယောက်နည်းတူ ထိခိုက်ခံစားကြရသော်လည်း လူကြီးတစ်ယောက်ကဲ့သို့ တုန့်ပြန်ပြုမူနိုင်မည် မဟုတ်သည်ကိုလည်း သတိပြုကြစေလိုပါသည်။

ယေဘုယျအားဖြင့် ကလေးသူငယ်များသည် ဘေးအန္တရာယ်နှင့်ကြုံတွေ့ရပါက အောက်ပါအပြုအမူများ ဖြစ်ပွားတတ်ပါသည်။ 

(၁) စိုးရိမ်ကြောက်လန့်သည့် လက္ခဏာများ (မျက်နှာသွင်ပြင်တွင် ကြောက်ရွံ့သည့်အမူအရာပေါ်ခြင်း၊ ခြေဖျားလက်ဖျား အေးစက်တုန်ယင်ခြင်း၊ ရင်တုန်ခြင်း၊ ဇောချွေးပြန်ခြင်း စသဖြင့်)

(၂) ၎င်းတို့ချစ်ခင်အားကိုးရသူများ ထိခိုက်နာကြဉ်မည်ကို စိုးရိမ်ခြင်း 

(၃) ၎င်းတို့ ချစ်ခင်တွယ်တာသူများနှင့် ခွဲခွာ၊ ကွဲကွာရမည်ကို တွေးတောပူပန်ခြင်း 

(၄) ၎င်းတို့နေထိုင်ကြီးပြင်းရာ ပတ်ဝန်းကျင် အသိုက်အမြုံ ပျက်စီးသည်ကို (သို့မဟုတ်) ဖျက်ဆီးခံရသည်ကို မြင်တွေ့ခံစားရခြင်းကြောင့် အံ့ဩတုန်လှုပ်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်း စသည့်ခံစားချက်များဖြစ်ပေါ်ခြင်း 

(၅) မိသားစုဝင်များနှင့် တကွဲတပြားဖြစ်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော တုန့်ပြန်မှုများ (ဥပမာ-စိတ်လုံခြုံမှုပျောက်ဆုံးခြင်း၊ အားငယ်ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ အိပ်မပျော်ခြင်း၊ အစားအသောက်ကျွေးရခက်ခြင်း၊ ငိုကြွေးခြင်း၊ အုပ်ထိန်းသူအားအချိန်ပြည့်တွယ်ကပ်နေလိုခြင်း၊ မပျော်ရွှင်နိုင်ခြင်း) 

(၆) အလွန်ငယ်ရွယ်သော ကလေးများတွင် ငိုကြွေးခြင်း၊ ဂျီကျခြင်းတို့ ဖြစ်တတ်ပြီး ဆယ်ကျော်သက်များတွင် မှိုင်တွေခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ကလန်ကဆန် လုပ်ခြင်းများဖြစ်ပေါ်တတ်သည်။ 

(၇) အိပ်ချိန်လျော့ခြင်း၊ အိပ်မပျော်ခြင်းနှင့် အိပ်မက်ဆိုးမက်ခြင်း၊ မကြာခဏလန့်နိုးခြင်းများ ဖြစ်တတ်သည်။ 

အသက် ခြောက်နှစ်နှင့် ခြောက်နှစ်အောက်ကလေးများတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရပါက 

(၁)၎င်း၏အဓိကပြုစုစောင့်ရှောက်သူ အမေ၊အဖေ၊အဖိုးအဖွား၊ကလေးထိန်း နာနီ ( primary caregiver such as mother/father, grandmother, nanny)ကို အလွန်အမင်းတွယ်ကပ်နေခြင်း၊

(၂)ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်များ နှောင့်နှေးယုတ်လျော့သွားခြင်း (ဥပမာ-စကားစပြောတတ်နေသောကလေးသည် စကားမပြောတတ်သေးသောကလေးကဲ့သို့ ပြောဆိုပြုမူခြင်း၊ လမ်းလျှောက်တတ်နေပြီးသောကလေးသည် လေးဘက်တွားသာ သွားတော့ခြင်း၊ ဆီး၊ဝမ်းထိန်းသည့်အမူအကျင့်ရပြီးနေသောကလေးသည် ဆီး၊ဝမ်းမထိန်းနိုင်တော့ခြင်း စသဖြင့်)၊ 

(၃)လှုပ်ရှားမှုနည်းပါးသွားခြင်း(ယခင်က သွက်လက်ချက်ချာသောကလေးသည် ဘေးအန္တရာယ်ကြုံတွေ့ပြီးသည့်နောက်ပိုင်း တွေဝေငေးမောနေခြင်း၊ ငြိမ်သက်တိတ်ဆိတ်သွားခြင်း) သို့မဟုတ် ပုံမှန်ထက် ယောက်ယက်ခတ်လှုပ်ရှားနေခြင်း၊ 

(၄)မကစားတော့ခြင်း သို့မဟုတ် ကစားနည်းဖြင့်ကစားခြင်းမျိုးမဟုတ်ဘဲ ကစားရာတွင်အဓိပ္ပါယ်မဲ့ထပ်ခါတလဲလဲလုပ်ဆောင်ခြင်း (repetitive play)၊ 

(၅)စကားနည်းသွားခြင်း၊

(၆) ဆိုးရွားသောအဖြစ်အပျက်များ ထပ်မံဖြစ်ပွားတော့မည်ဟု တွေးတောပူပန်ကာ တုန်လှုပ်ခြောက်ခြားခြင်း၊

(၇) အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ အစားပျက်ခြင်း၊

(၈) အလွယ်တကူစိတ်ရှုပ်ထွေးတတ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်းနှင့် စိတ်တိုခြင်းများ တွေ့ရလေ့ရှိသည်။ 

(၉)တချို့သောကလေးများတွင် ၎င်းတို့ အသက်အရွယ်နှင့်မမျှသော မိသားစုတာဝန်ကိုပုခုံးပြောင်းထမ်းဆောင်ရသည့်အတွက် ပုံမှန်ထက် ခက်ခဲပင်ပန်းကြရသည်ကိုလည်း တွေ့ရသည်။ အသက်အရွယ်နှင့်မမျှသော စောစီးစွာ ရင့်ကျက်သွားကြတတ်သည်ကို လည်း တွေ့ရတတ်သည်။


အသက် ခုနစ်နှစ်မှ တစ်ဆယ့်နှစ်နှစ် အရွယ် ကလေးများတွင် အထက်ဖော်ပြပါ လက္ခဏာများအပြင် 

အာရုံစူးစိုက်မှုနှင့် သင်ယူမှတ်သားနိုင်စွမ်းကျဆင်းခြင်း၊ 

လူမှုပတ်ဝန်းကျင်မှရှောင်ခွာနေလိုခြင်း၊ 

ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ဆိုးကို ထပ်ခါတလဲလဲပြောဆိုခြင်း၊ 

စိုးရိမ်ကြောက်ရွံ့ခြင်း၊ 

ကျောင်းမသွားလိုခြင်း(ကျောင်းတက်ရန် ငြင်းဆိုခြင်း)၊ 

မူးဝေခြင်း၊ဗိုက်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ခြေလက်ထုံကျဉ်ကိုက်ခဲခြင်း စသည့် ခန္ဓာကိုယ် ရောဂါမဟုတ်သော လက္ခဏာများ မကြာခဏဖြစ်ပွားခြင်း၊ 

မိမိကိုယ်မိမိ အပြစ်ရှိသည်ဟု ခံစားနေရခြင်း နှင့် 

အခြားသူများအပေါ် စိုးရိမ်ပူပန်ခြင်း များဖြစ်ပေါ်တတ်သည်ကို တွေ့ရလေ့ရှိပါသည်။


ဆယ်ကျော်သက်ရွယ်များ ဘေးအန္တရာယ်နှင့်ကြုံတွေ့ရသောအခါ 

အလွန်အမင်း ဝမ်းနည်းကြေကွဲခြင်း၊ 

မိမိကိုယ်မိမိ အပြစ်ရှိသူဟု ခံစားရခြင်း၊ 

အခြားသူများကို အကူအညီမပေးနိုင်သည့်အတွက် ရှက်ရွံ့အားငယ်ခြင်း၊ 

မိမိကိုယ်မိမိ လောကတွင်ကံအဆိုးဆုံးဟုခံစားနေခြင်း၊ 

ပတ်ဝန်းကျင်ရှိ သူများနှင့် ဆက်ဆံရေးအဆင်မပြေခြင်း၊ 

မျှော်လင့်ချက်မဲ့ခြင်းနှင့်အနာဂတ်ပျောက်ဆုံးနေသကဲ့သို့ ခံစားရခြင်း၊

 မိဘအုပ်ထိန်းသူများ၏ဆိုဆုံးမမှုကို မနာခံဘဲ ဆန့်ကျင်ခြင်း၊ 

အန္တရာယ်များသောအပြုမူများ/ မိမိကိုယ်မိမိ ဖျက်ဆီးရာရောက်သည့်အပြုအမူများ (ဥပမာ အရက်နှင့်မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၊ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ သေကြောင်းကြံစည်ခြင်း စသဖြင့်)ကို တွေ့ရလေ့ရှိပါသည်။


Comments

Post a Comment