အပိုင်း ၂

 

ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း

Psychological First Aid for Children and Adolescents

အပိုင်း (၂)


၂။ လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ (Action Principles)

(က) ရှာဖွေပါ (Look)

(၁) ဘေးဒုက္ခကြုံတွေ့နေရသူအများကြားတွင် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုအကူအညီ လိုအပ်နေသူကို ရှာဖွေပါ။ ရုပ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းကို တပြိုင်နက်တည်း လိုအပ်နေနိုင်သည်ကိုလည်း သတိပြုမိရန် လိုအပ်ပါသည်။ 

(၂) ဘေးကင်းလုံခြုံသည့်နေရာကို ရှာဖွေပါ။ ဘေးအန္တရာယ်ကြုံတွေ့နေရသူကို ဘေးကင်းလုံခြုံသည့် နေရာသို့ အမြန်ဆုံးပို့ဆောင်ရန် လိုအပ်ပါသည်။၎င်း၏ သတင်းအချက်အလက်များ လုံခြုံစေရန်လည်း အထူးသတိပြုရန် လိုအပ်ပါသည်။

(၃) အကူအညီလိုအပ်နေသူ၏ အဓိကလိုအပ်ချက်(ဥပမာ အစားအစာ၊ အဝတ်အထည်၊ နေရာထိုင်ခင်းနှင့် ဆေးဝါးကုသမှု)ကို ရှာဖွေပါ။ အကူအညီပေးသူများက စီစဉ်ဆောင်ရွက်ပေးနိုင်သော ကိစ္စရပ်များအနက် ကလေးသူငယ်များ၏လိုအပ်ချက်ကို ဦးစားပေးစဉ်းစားရပါမည်။ ဥပမာ- အကူအညီပေးမည့်သူများက အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးကုသမှုကို စီစဉ်ထားသော်လည်း ကာယကံရှင်ကလေးသူငယ်က မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းနေထိုင်ရန် တောင်းဆိုပါက ၎င်း၏တောင်းဆိုချက်ကို ဦးစွာဆောင်ရွက်ပေးရန် ကြိုးစားရပါမည်။ 

၎င်းအပြင် ကလေးသူငယ်ကို စောင့်ရှောက်ပေးနေသူ မိဘအုပ်ထိန်းသူများခံစားနေရသော ပြင်းထန်သည့် စိတ်ဖိစီးမှုများကိုလည်း ရှာဖွေ ကြည့်မြင်တတ်ရန် လိုအပ်ပါသည်။


(ခ) နားထောင်ပါ (Listen)

စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသည့် ကလေးသူငယ်များနှင့် တွေ့ဆုံ စကားပြောရာတွင် နည်းမှန်လမ်းမှန်နှင့် ချဉ်းကပ် ရန် အရေးကြီးပါသည်။ ၎င်းတို့နှင့် တွေ့ဆုံစကားပြောခြင်း၊ ၎င်းတို့၏ခံစားချက်များကို နားထောင်ပေးခြင်းအားဖြင့် ၎င်းတို့ကို စိတ်တည်ငြိမ်မှု၊ စိတ်သက်သာမှု ရစေရန် ကူညီရာရောက်ပါသည်။ ၎င်းတို့က ပြောပြလာသည့် စိတ်ခံစားချက်များ၊ လိုလားမှုများ၊ လိုအပ်ချက်ချက်များကို ဂရုတစိုက်နားထောင်ခြင်းအားဖြင့် သိနိုင်ပါသည်။ ကလေးသူငယ်များသည် ၎င်းတို့ကြုံတွေ့ခံစားရသည်များ၊ လိုအပ်ချက်များကို သူစိမ်းတစ်ဦးနှင့် ကနဦးတွေ့ဆုံမှုတွင် လွယ်ကူစွာပြောထွက်နိုင်ရန် မလွယ်ကူပါ။ ထိုကဲ့သို့အခြေအနေတွင် အကူအညီပေးသူများအနေဖြင့် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနားထောင်ပေးရပါမည်။ မိမိကပြောခြင်းထက် အကူအညီလိုအပ်နေသော ကလေးသူငယ်က ပြောသည်ကို ကိုယ်ချင်းစာစိတ်နှင့် စာနာနားထောင်ပေးရန် အထူးအရေးကြီးပါသည်။ နားထောင်ရာတွင် အကူအညီပေးသူအနေဖြင့် မှတ်ချက်ချခြင်း၊ အပြစ်တင်ခြင်း၊ ဝေဖန်ပြောဆိုခြင်းများကို ရှောင်ကျဉ်ရန် အထူးအရေးကြီးပါသည်။ 

(ဂ) ချိတ်ဆက်ပါ (Link)

ကလေးသူငယ်များသည် ၎င်းတို့၏လိုအပ်ချက်များ၊ လိုလားမှုများ၊ ကြုံတွေ့ခံစားနေသည်များကို ၎င်းတို့ကိုယ်တိုင် သိရှိနားလည်နိုင်ရန် အကူအညီလိုအပ်ပါသည်။ စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုသူများသည် ဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရသော ကလေးသူငယ်များအား ၎င်းတို့၏အခက်အခဲ၊လိုအပ်ချက်၊လိုလားချက်များကို ၎င်းတို့ကိုယ်တိုင် နားလည်သဘောပေါက်စေရန် ကူညီပေးရပါမည်။ 

၎င်းတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အရင်းအမြစ်များ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များထံ ချိတ်ဆက်ပေးရပါမည်။ ဥပမာ အနီးဆုံးဆေးကုသမှုပေးနိုင်သည့်နေရာသို့ လွှဲပို့ခြင်း၊ ဥပဒေရေးရာ ဆောင်ရွက်ပေးနိုင်မည့်သူနှင့်ချိတ်ဆက်ခြင်း၊ ကွဲကွာနေသော မိသားစုဝင်များကို ကူညီရှာဖွေပေးနိုင်သည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ စသဖြင့်_

ချိတ်ဆက်ဆောင်ရွက်ရာတွင် အကူအညီပေးသူများအနေဖြင့် မိမိတို့ပေးသော သတင်းအချက်အလက်များသည် တိကျမှန်ကန်ရန် လိုအပ်ပြီး အပြောင်းအလဲများကို အချိန်နှင့်တပြေးညီပြောင်းလဲ ပြင်ဆင်ထားရန်လိုအပ်ပါသည်။

Comments

Post a Comment