MBTI

 

                        ကိုရီးယား သရုပ်ဆောင်တွေကို အမေးအဖြေလုပ်သည့်ဗီဒီယိုများတွင် " MBTI က ဘာပါလဲ " ဟု တွေ့လိုက်ပါသည်။ အဲဒီကစ၍ သိချင်စိတ် ဖြစ်သွားရာ MBTI အကြောင်း ရှာဖွေတွေ့မိသမျှကို ပြန်လည် မျှဝေချင်ပါသည်။



            MBTI သည် Myers-Briggs Type Indicator ရဲ့ အတိုကောက်စာလုံးလေး ဖြစ်ပါသည်။ MBTI က ကိုယ့်ရဲ့ အကျင့်စရိုက် ၊ စိတ်နေစိတ်ထား ၊ အတွေးအခေါ်တွေက ဘယ်လိုဘက်မှာ ပိုပြီး အားသာတယ်၊ ဘယ်လိုအရာတွေကို ပိုပြီး နှစ်သက်တယ် စသည့်အချက်များကို အနီးစပ်ဆုံး ခန့်မှန်း တွက်ချက်ပေးခြင်း ဖြစ်ပါသည်။ မည်သို့ ခန့်မှန်းတွက်ချက်သနည်း ဆိုလျှင် မေးခွန်းတွေကို မေးခြင်းဖြင့် တွက်ချက်ပါသည်။ မေးခွန်းများကို ဖတ်ပြီး မိမိ၏ စိတ်ထဲမှ အဖြေများကို ဖြေပေးရမည် ဖြစ်ပါသည်။ မိမိတို့၏ အဖြေများမှ တစ်ဆင့် MBTI အရ Type 16 မျိုးကို အဖြေထုတ်ပေးပါသည်။

သင်က ဘယ်လိုအားသန်မှုတွေရှိတယ် ၊ ဘယ်လို စိတ်သဘောမျိုးဘက်ကို အားသာပြီး အလုပ်လုပ်ရာတွင် ဘယ်လို အပိုင်းမှာ အားသန်ပါတယ် ဆိုတာတွေကို သိရှိနိုင်အောင် စီမံပေးခြင်းဖြစ်ပါသည်။


           ဤ MBTI test ကို Isabel Myers နှင့် သူ၏ မိခင် Katherine Briggs တို့က တီထွင်ခဲ့ကြပါသည်။ သူတို့သည်လည်း ရှေ့က ဖော်ထုတ်ခဲ့ဖူးသော လူသားတို့၏ အကျင့်စရိုက် ၊ စိတ်နေစိတ်ထား ၊ ခံစားမှုတွေကို အခြေခံပြီး ပိုမိုတိကျစွာ ‌ခန့်မှန်းနိုင်ရန် သုတေသနများ ပြု၍ တီထွင်ခဲ့ကြပါသည်။ သို့သော် ဤကဲ့သို့ စစ်ဆေးပေးသော အခြား test များလည်း ရှိပါသည်။ MBTI သည် ၎င်းတို့အထဲမှ  တစ်မျိုး အပါအဝင် ဖြစ်ပါသည်။ အခြားသော test များနှင့် မတူသည်မှာ MBTI သည် test ဟုဆိုသော်လည်း အမှတ်ပေးခြင်းမဟုတ် ၊ အဖြေ အမှား အမှန် ဟုလည်းမရှိ ၊ မည့်သည့် type ကိုမှ စံအဖြစ် မထားရှိဘဲ Tpye တစ်ခုချင်းစီ၏   စွမ်းရည် ၊ အားသန်မှု ၊ နှစ်သက်မှု ၊ စိတ်နေသဘောထားတို့ကိုသာ အဓိကထား ဖော်ပြပေးခြင်း ဖြစ်ပါသည်။ 


              လူသားများ မိမိအကြောင်းကို မိမိတို့ ပိုမို သိရှိပြီး မိမိ၏ ဝါသနာ ၊ မိမိနဲ့ လိုက်ဖက်သော အလုပ်အကိုင်တွေကို ရှာဖွေတွေ့ရှိပြီး ပျော်ရွှင်သော ဘဝကို ရရှိစေဖို့ ရည်ရွယ်ချက်လည်း  ပါဝင်ပါသည်။


             အနီးစပ်ဆုံး ဆိုသည့်အတိုင်း အတိအကျတော့ မမှန်နိုင်ဟု တွေးထားသင့်ပါသည်။ လူသားတို့၏ စိတ်သည် တဒင်္ဂအတွင်း၌ပင် အမျိုးမျိုး ပြောင်းလဲနိုင်သည့်အတွက် အနီးစပ်ဆုံးဟုသာ တွေးသင့်သည်ဟု ထင်မိပါသည်။စာရေးသူလည်း စစ်ကြည့်ပါသည်။ စစ်ဆေးကြည့်ပြီး ရရှိလာတဲ့ type က စာရေးသူကို ကိုယ့်ကိုကိုယ်ပိုပြီး နားလည်သွားစေမှု ပေးခဲ့ပါသည်။ အကုန်လုံးကို နားမလည်ပေမယ့် " ဪ  ဟုတ်သားပဲ ငါက အဲလို ဖြစ်လေ့ဖြစ်ထရှိတယ်" ဆိုပြီး ကိုယ့်ကိုယ်ကို သိရှိသွားတဲ့ အချက်ကလေး ရှိခဲ့ပါသည်။ စာဖတ်သူတို့လည်း ထိုသို့ အချက်က‌လေး တစ်ချက်လောက် တွေ့ရှိနိုင်မည် ထင်ပါသည်။ မိမိကိုယ်ကို သိရှိနားလည်ခြင်းသည် ဘဝကို ရှင်သန်နေထိုင်ရာတွင် လိုအပ်ချက်တစ်ခုဟု တွေးမိပါသည်။ ဤ test လေးကို စစ်ကြည့်လို့ ရရှိသော အ‌ဖြေသည် မိမိနှင့် အကုန် မကိုက်ညီနိုင်မှု ရှိသော်လည်း မိမိနှင့်ကိုက်ညီသော တစ်ချက်တစ်လေ တွေ့ရှိပြီး 

ကိုယ့်ရဲ့ အပြုအမူ စိတ်ထား‌ကို နားလည်သွားခဲ့မယ်ဆိုရင်ကို တန်ဖိုးရှိမည်ဟု ထင်မိပါသည်။


             MBTI ,  Tpye 16 မျိုးကို တိုင်းတာမှု အမျိုးအစား 4 မျိုး အပေါ် မူတည်ပြီး ခွဲခြားထားခြင်းဖြစ်ပါသည်။ ၎င်း မူလ 4 မျိုးသည်


1) Extraversion (E)  -   Introversion (I)


2) Sensing  (S)        -   Intuition (N)


3) Thinking (T)        -   Feeling (F)


4) Judging  (J)        -   Perceiving (P)


သင်၏ မေးခွန်းအဖြေများကို ဆန်းစစ်၍ Extraversion , Sensing , Thinking ,  Judging စသော  type ရှိသူဖြစ်ပါက ESTJ Type  (The Director type) ဟု အဖြေထုတ်ပေးမည် ဖြစ်ပါသည်။ ဤနည်းဖြင့်





         ISTJ -The Inspector

         ISTP - The Crafter

         ISFJ - The Protector

         ISFP - The Artist

         INFJ - The Advocate

         INFP - The Mediator

         INTJ - The Architect

         INTP - The Thinker

         ESTP - The Persuader  

         ESTJ - The Director

         ESFP - The Performer

         ESFJ - The Caregiver

         ENFP - The Champion

         ENFJ - The Giver

         ENTP - The Debater

         ENTJ - The Commander


ဟူ၍ type 16 မျိုး ရရှိလာပါသည်။


တိုင်းတာမှု‌ 4 မျိုးသည် မည်သည့်နယ်ပယ် အခြေအနေကို တိုင်းတာခြင်း ဖြစ်‌ကြောင်းနှင့် Type 16 မျိုး အကြောင်း ယေဘုယျတို့ကို ဆက်လက်ဝေမျှပါဦးမည်။                                                                                                                                                                                                 

                                                                                  မေသက်တံ့


Type စစ်ကြည့်ရန်👇


https://www.16personalities.com/free-personality-test

Comments

Post a Comment