Poison 4

 

Poison-4 (အရက်ပြန်)



အရက်ပြန်ပုလင်းများတွင် အဆိပ်ဟု ရေးထားသည်ကို လူတိုင်း‌တွေ့ဖူးကြသည် ။ ပိုးသတ်ရန်၊ မီးဖိုမီးခွက်တို့တွင်သုံးစွဲရန်အတွက် အရက်ပျံကိုထုတ်လုပ်ကြသည်။ တကယ်တမ်းတွင် ရိုးရိုးအရက်သည်လည်း ပိုးသတ်နိုင် မီးထွန်းနိုင်ပါသည်။ သို့သော် အရက်သေစာ ရောင်းဝယ်ဖောက်ကားမှု ဥပဒေတွေမှ ကင်းလွတ်‌စေရန်အတွက် အရက်ကိုသောက်၍မရအောင် အနံ့၊အရသာဆိုးပြီး အဆိပ်ဖြစ်စေတတ်သော ဓာတုပစ္စည်းများ ရောစပ်ထားခြင်းဖြစ်သည်။ အများအားဖြင့် အရက်(ethanol) နဲ့ Methanol ကို 9 ဆ 1 ဆ ရောပြီးထုတ်လုပ်ကြသည်။ ထို့ကြောင့် Methylated spirit ဟုခေါ်ကြသည်။ Denatured alcohol ဟုလဲ ခေါ်ကြသည်။ Methanol သည် အသက်သေစေနိုင်သော အဆိပ်ဖြစ်‌သောကြောင့် အချို့နိုင်ငံတွေများတွင် methanol အစား အနံ့ အရသာကိုသာ ဆိုဝါးစေပြီး အသက်အန္တရာယ်မရှိသော ဓာတုပစ္စည်းများဖြင့်သာ ရောစပ်ထုတ်လုပ်ဖို့ ဥပဒေပြဌာန်းထားသည်။ 


Methanol အပြင်းစား 10 cc ခန့်သောက်မိလျှင် နာရီပိုင်းအတွင်း မျက်စိကွယ်‌သည်အထိ ဆိုးကျိုးကို ခံစားရနိုင်ပြီး 30 cc ခန့်ဆိုလျှင်မူ အသက်အန္တရာယ်ရှိလာမည် ဖြစ်သည်။ Methanol သည် သွေးထဲမှတဆင့် ခန္ဓာကိုယ်ထဲကိုပျံ့သွားလျှင် အာရုံကြောများကို ထိခိုက်စေပြီး အရက်မူးသကဲ့သို့ လက္ခဏာများ ‌ခံစားလာရသည်။ မျက်စိအာရုံကြောထိခိုက်ပါက မမြင်ရတော့ခြင်းလည်းဖြစ်လာနိုင်သည်။ ထို့အပြင် Methanol သည် ခန္ဓာကိုယ်ထဲတွင် ဓာတ်ပြောင်းလဲမှုဖြစ်ပြီး Formaldehyde နဲ့ Formic acid ဖြစ်လာသည်။ Formaldehyde ကို သက်မဲ့ခန္ဓာတွေ မပုပ်မသိုးအောင်သုံးသော formalin ဟုလဲ သိကြသည်။ Formaldehyde နှင့် Formic acid တို့သည် cell များ၏ အောက်စီဂျင်သုံးစွဲမှုဖြစ်စဉ်ကို နှောက်ယှက်သည့်အတွက် cell များသည် အောက်စီဂျင်ငတ်ပြီး အသက်သေဆုံးရခြင်းဖြစ်သည်။ Formic acid ကြောင့် ကိုယ်တွင်း အက်စစ်ဓါတ်လွန်ကဲပြီး pH ကျလာခြင်းသည်လည်း ဇီဝဖြစ်စဉ်များကို ကြီးစွာထိခိုက်စေသည်။ 


Methanol သည် အရေပြားမှစိမ့်ဝင်ခြင်းဖြင့်လည်း ရေရှည်တွင် ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြေရှိသဖြင့် Covid ကာလတွင် လက်သန့်ဆေးရည်များကို တွင်ကျယ်စွာအသုံးပြုကြရာတွင် methanol မပါဝင်သော ဆေးရည်ကိုသာ သုံးစွဲသင့်ကြောင်း အကြံပြုကြသည်ကိုလည်း တွေ့ရသည်။ 


အရက်ပျံသောက်မိပါက အရက်ပျံသည် အသားအရေကို လောင်စေတတ်သောသဘာဝရှိသဖြင့် အန်အောင်မပြုလုပ်သင့်ချေ။ အန်ထုတ်ခြင်းဖြင့် အစာမျိုပြွန်နှင့် လည်ချောင်းကို ထပ်မံထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။ 


Methanol အဆိပ်သင့်ပါက အလွယ်ဆုံးနည်းလမ်းမှာ ethanol (အရက်) ကို သောက်စေခြင်းဖြင့် သက်သာစေသည်ဟုဆိုသည်။ Ethanol နှင့် methanol မှာ ကိုယ်တွင်းဓာတုပြောင်းလဲမှုဖြစ်စဉ်သဘာဝ တူညီကြသဖြင့် ကိုယ်တွင်းဇီဝလုပ်ငန်းများကို ethanol ဖြင့် မအားမလပ်အောင် ဖန်တီးပေးလိုက်ခြင်းဖြင့် methanol ကို ကိုင်တွယ်ဆောင်ရွက်မှုနည်းသွားပြီး ဆိုးကျိုးများဖြစ်စေသော Formaldehyde, formic acid ထွက်ပေါ်မှုကို လျော့နည်းသွားစေသည်။ ဆေးရုံဆေးခန်းများတွင်မူ ethanol ထက်ပို၍ထိရောက်သော ဖြေဆေးများ ကုထုံးများဖြင့် ကုသမှုပေးနိုင်သည်။

Comments

Post a Comment