ကျန်းမာ တော်လှန်

 

ကျန်းကျန်းမာမာ တော်လှန်ပါ

(Revolution First Aid)


လက်ရှိကာလ နေရထိုင်ရတာ ငယ်ငယ်တုန်းက ခဏခဏရွတ်ခဲ့ရတဲ့ သြကာသကန်တော့ချိုးကိုတောင် ပြန်သတိရမိပါရဲ့။ လူဖြစ်ဖို့မသင့်လျော်တဲ့အရပ်ဆိုတဲ့ ရပ်ပြစ်(၈)ပါးတို့၊ မင်းဆိုးမင်းယုတ်တို့ ဖောက်ပြန်ချို့ယွင်းမှုဆိုတဲ့ ဝိပတ္တိတရားတို့ ၊ ကျန်းမာရေး ဆွေမျိုး စီးပွား အကျင့်သီလပျက်စီးတဲ့ ဗျသန တရားတို့ဆိုတာများ Dolby ကြော်ငြာထဲကလို “All around…….you” ဆိုပြီး surround sound effect အပြည့်နဲ့ channel မျိုးစုံကြားနေရတာဆိုတော့ ငိုရမလား ရီရမလားအစား တော်လှန်ရမလားဆိုတာကို ရွေးချယ်ခဲ့ကြတာတောင် နှစ်နှစ်ပြည့်တော့မယ်မို့လား။ အားလုံးသိကြတဲ့အတိုင်း လက်နက်ကိုင် တိုက်ပွဲတွေက နေရာမျိုးစုံမှာဖြစ်လာနိုင်သလို စစ်ရေးနဲ့မဆိုင်တဲ့ ပျော်ပွဲရွှင်ပွဲတွေကိုတောင် ရက်ရက်စက်စက် နှိမ်နင်းတဲ့အထိ ယုတ်ကန်းမှုတစ်ဖက်ကမ်းခပ်တဲ့ အကြမ်းဖက် စစ်တပ်ကြောင့် ဝမ်းနည်းခံပြင်းစရာ သတင်းတွေဆိုတာလည်း နေ့စဉ်နဲ့အမျှပါပဲ။ တိုက်ပွဲတွေနဲ့ဝေးလို့ ပျော်မယ်ကြံရင်လည်း မစ္စတာကိုဗစ်က အစွယ်ထုတ်ထုတ်ပြနေပြန်လေတော့ ဟိုဘုန်းကြီးတစ်ပါးစကား ယူသုံးရရင် “ငဗစ်နဲ့ စစ်တပ် ဟန်ချက်ညီနေတာ သိပ်ကိုအားရဖို့ကောင်းတယ် ပရိသတ်” ပေါ့လေ။


ဒီလိုအဖက်ဖက်ကယိုယွင်းနေတဲ့ အခြေအနေကြား ကိုယ့်ကိုယ်ကို တည်ဆောက်ပြုပြင်ရင်း အတတ်နိုင်ဆုံး တော်လှန်ကြရမှာကလည်း ဒီစနစ်ဒီအာဏာရှင်ကို မလိုချင်သူတိုင်းရဲ့ တာဝန်ပဲမို့ မိမိကိုယ်ကို ပျော်ရွှင်ကျန်းမာအောင်ဘယ်လိုနေထိုင်ကြမလဲ၊ ဘယ်လို စနစ်တကျ ပြင်ဆင်ကြမလဲဆိုတာကလည်း တော်လှန်ရေးနီးနီး အရေးကြီးတယ်လိုပြောရင် ရမယ်ထင်ပါရဲ့။ ကလစ်ဖို့ကအစ လက်နက်ကိုင် တော်လှန်တာအဆုံး ကိုယ်တိုင်မှကျန်းမာမနေရင်၊ ကိုယ့်ဘေးကမိသားစု ရဲဘော်ရဲဘက်တွေမှ ကျန်းမာမနေရင် မဖြစ်နိုင်တာမို့ ကိုယ်နဲ့ ကိုယ့်အဝန်းအဝိုင်းလေးထဲကလူတွေကို တော်လှန်ရင်းစောင့်ရှောက်၊ စောင့်ရှောက်ရင်းတော်လှန်ဖို့ တွေးမိသမျှ ကျန်းမာရေးဆိုင်ရာပြင်ဆင်ထားစရာလေးတွေကို အတူတူ ပြင်ဆင်ကြရအောင်ပါ။


၁။ အိမ်သုံးဆေးဝါးတွေ

ဒီခေါင်းစဉ်နဲ့ စရတာ နည်းနည်းတော့ အန္တရာယ်များတယ်ဗျ။ ဆေးဆိုတာက မသိနားမလည်ဘဲ သောက်မိရင် အန္တရာယ်ပြန်ပေးတတ်တာမို့ အရေးပေါ်အိမ်သုံးဆေးဝါးတွေကိုပဲ ပြင်ဆင်ထားဖို့ ဆိုလိုချင်တာပါ။


အကိုက်အခဲပျောက်ဆေး - အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးထဲမှာ အန္တရာယ်အကင်းဆုံး Paracetamol (ပါရာစီတမောလ်) လိုဆေးမျိုးပဲ ဆောင်ပါ။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူမပါဘဲ တခြားဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်သောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများတတ်လို့ ဆရာဝန်မညွှန်းဘဲ တနေ့ ၃ ခါတွေ ၄ ခါတွေ ကိုယ့်သဘောနဲ့ကိုယ် သောက်မယ့်အစား ဖျားမှ၊ ကိုက်ခဲမှ သောက်တာကတော့ ရေရှည်မှာ ပိုအဆင်ပြေပါလိမ့်မယ်။ အရမ်းနာကျင်ကိုက်ခဲတာတွေအတွက် Ibuprofen လိုဆေးမျိုး ဆောင်ထားချင်တယ်ဆိုရင်တော့ အစာအိမ်နာတာသက်သာစေမယ့် ဆေးမျိုးပါ တွဲဆောင်ထားသင့် ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်ရတော့မယ်ဆိုရင် အစာကြိုစားထားဖို့တော့ မမေ့ပါနဲ့နော်။


လိမ်းဆေး - ပြေးရင်းလွှားရင်း မတော်တဆ ဒဏ်ရာရနိုင်တာတွေအတွက် အကိုက်အခဲပျောက်လိမ်းဆေး တွေအပြင် အနာဖြစ်ရင်သန့်စင်ဖို့ အရက်ပြန်၊ ဘီတာဒိုင်းလိုဆေးဘူးငယ်လေးတွေကိုလဲ မမေ့ပါနဲ့။ သွေးထွက်သံယိုဖြစ်တဲ့အခါ မေးခိုင်ကာကွယ်ဆေးထိုးဖို့ အရေးကြီးသလို တခြားမလိုလားအပ်တဲ့ ရောဂါပိုးတွေကြောင့် အနာပိုမဆိုးလာအောင် သန့်ရှင်းရေးသေချာလုပ်ဖို့လိုပါတယ်။ တခြားသန့်ရှင်းရေး လုပ်စရာ ဆေးရည်အလွယ်တကူမရှိရင် ရေသန့်သန့်နဲ့ သေချာဆေးပါ။


ပတ်တီးများ - သွေးထွက်ဒဏ်ရာတွေဟာ အရမ်းမကြီးဘူးဆိုရင် ပတ်တီးလေးခပ်တင်းတင်း ပတ်ထားလိုက်တာနဲ့တင် သွေးတိတ်ပါတယ်။ အပေါ်ကပြောခဲ့သလို သန့်ရှင်းရေးလေး သေချာလုပ်ပြီး ပတ်တီးလေးစည်းထားမယ်ဆိုရင် တော်ရုံသွေးထွက်ဒဏ်ရာလောက်တော့ အိမ်မှာကုလိုက်လို့ရပါတယ်။ မေးခိုင်ကာကွယ်ဆေးထိုးဖို့လွယ်ရင်တော့ သွားထိုးဖို့ မမေ့ပါနဲ့။ ခြေထောက်ခေါက်တာ၊ အကြောလွဲတာလို့ခေါ်တဲ့ ဒဏ်ဖြစ်တာမျိုးတွေကိုလည်း ပတ်တီးခပ်တင်းတင်းလေးစည်းထားပြီး ရေခဲကပ်ပေးလို့ရတာမို့ နေရာစုံအသုံးဝင်ပါတယ်။

သုံးနေကျဆေးများ - ကိုယ်က ရောဂါအခံတစ်ခုခုရှိတဲ့သူမို့ ပုံမှန်သောက်ရတဲ့ဆေးတွေရှိမယ်ဆိုရင် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ဆက်သောက်နိုင်ဖို့ ကြိုတင်ဝယ်ထားသင့်ပါတယ်။


၂။ ဒဏ်ရာတစ်ခုခုရခဲ့ရင်

ပွန်းပဲ့တာ သွေးစို့တာလောက်ဆိုရင်တောင် ပိုးတွေဘာတွေမဝင်အောင် ရေနဲ့ဆေး၊ ဘီတာဒိုင်းလေးထဲ့ ပတ်တီး၊ အနာကတ်ပလာစတာလေးပတ်ရုံပဲ ဆိုပေမဲ့ ဓါးပြတ်တာ၊ ဗုံးဆံအစတွေလာမှန်တာတွေလို သွေးအများကြီးထွက်တဲ့ ကိစ္စတွေမှာဆိုရင်တော့ သွေးတိတ်ဖို့ အရင်လုပ်ရမှာပါ။ ဟုတ်ပြီ.. သွေးတိတ်အောင် ဘယ်လိုလုပ်ကြမလဲ။ ဖိ.. ဖိ.. စည်း ဆိုတာလေးကို မှတ်ထားပေးပါ။

ဖိ - ဖိပါ။ သွေးထွက်နေတဲ့ဒဏ်ရာပေါ်ကို အဝတ်သန့်သန့်နဲ့ အပေါ်တည့်တည့်ကနေ တိုက်ရိုက်ဖိပါ။ အိမ်မှာ ရေပိုက်ပေါက်သွားတယ်လို့ မြင်ယောင်ကြည့်ပါ။ ရေပိုက်ဖာဖို့ ပစ္စည်းသွားယူနေတုန်း အပေါက်ပေါ်ကနေ လက်နဲ့ဖိထားလိုက်သလိုမျိုးပေါ့။ ဟုတ်ပါ့ဗျာ။ ဖိသာဖိထား။

ဖိ - မတိတ်သေးဘူးလား။ ဖိ ထားတဲ့ကြားက သွေးတွေအများကြီးထွက်နေတုန်းလား။ နောက်ထပ် အဝတ်သန့်သန့်တစ်ခုထပ်ယူပြီး အပေါ်က ထပ်ဖိပါ။ သတိထားဖို့က သွေးစိုနေတဲ့အဝတ်ကို ဆွဲခွာပြီး အသစ်ပြန်ကပ်တာမျိုး လုံးဝ လုံးဝ လုံးဝ မလုပ်ပါနဲ့။ အဲဒီလိုလုပ်မိရင် ပိတ်ထားတဲ့အပေါက်ကို ပြန်ဖွင့်သလိုဖြစ်သွားပြီး သွေးပိုထွက်တတ်လို့ နောက်ထပ်အဝတ်တစ်ခုနဲ့ ဖိလက်စနေရာပေါ်ကနေ ထပ်ဖိပါ။ ခဏစောင့်ကြည့်ပါ။ ကျွန်တော်တို့ခန္ဓာကိုယ်ကလည်း သွေးတိတ်အောင် လိုအပ်တဲ့ဓါတ်တွေ ထုတ်ပါလိမ့်မယ်။

စည်း - အိုကေ။ ဖိထားရင်း သွေးကတဖြည်းဖြည်း နည်းလာတယ်။ သိပ်မထွက်တော့ဘူးဆိုရင်တော့ ဖိထားတဲ့လက်အစား ပိုမြဲမဲ့အရာနဲ့ အစားထိုးလို့ရပါပြီ။ (အုတ်ခဲနဲ့ ဖိပစ်လိုက် 😋)။ ဟုတ်ပါ့။ ပတ်တီး၊ ပုဆိုး၊ ထဘီ၊ အထက်ဆင် စည်းလို့ရတဲ့ ဘယ်အဝတ်နဲ့မဆို ခပ်တင်းတင်း ခပ်မြဲမြဲလေးစည်းထားပေးလိုက်ပါ။ စည်းတဲ့နေရာမှာ သတိထားစေချင်တာက တအားတင်းကြပ်ပြီး သွေးမစီးဆင်းနိုင်တဲ့ထိ မစည်းလိုက်ဖို့ပါပဲ။ ဖိထားခဲ့တဲ့ အားလေးအတိုင်း သွေးတိတ်သွားရင် ရပါပြီ။

သွေးတိတ်သွားပြီးရင်တော့ သွေးထွက်တဲ့နေရာကို ရင်ဘတ် (နှလုံး)ထက် ပိုမြင့်တဲ့နေရာမှာ မြှောက်ထားပေးလိုက်တာမျိုးနဲ့ သွေးထပ်မထွက်အောင် တားလို့ရပါတယ်။ ပြီးရင်တော့ လိုအပ်တဲ့ ဆေးကုသမှုအတွက် ဆေးခန်းသွားဖို့ မမေ့ပါနဲ့နော်။


၃။ ခြေ လက် ပြတ်သွားခဲ့ရင်

မဖြစ်ချင်ဆုံးအရာပေမယ့် ဘာမဆိုဖြစ်သွားနိုင်တာမို့ ဖြစ်သွားခဲ့ရင် ဘာလုပ်မလဲ လေ့လာထားကြရအောင်ဗျာ။

ခြေတွေ လက်တွေ လုံးဝပြတ်ထွက်သွားရင် လူနာသေစေတဲ့ အကြီးဆုံးကိစ္စက သွေးထွက်လွန်တာပါ။ သွေးတိတ်အောင်လုပ်ပြီး ဆေးရုံဆေးခန်းခေါ်သွားနိုင်ရင် အသက်ရှင်ဖို့ အခွင့်အလမ်း အများကြီးများတာမို့ သိထားသင့်ပါတယ်။ ဒီနည်းလမ်းကို Tourniquet (သွေးထိန်းကြိုး) လို့ ခေါ်ပါတယ်။ သတိထားရမှာက ခြေပြတ် လက်ပြတ်လို ဖိထားရုံနဲ့ သွေးတိတ်ဖို့မဖြစ်နိုင်တဲ့ ကိစ္စမှာပဲ သုံးသင့်တာမို့ သာမန်သွေးထွက်တာလောက်ကို ဒီနည်းလမ်းသုံးမိရင် အန္တရာယ်အရမ်းကြီးပါတယ်။


၁။ အဝတ်တစ်ခုခုနဲ့ ပြတ်ထွက်ဒဏ်ရာရဲ့အပေါက် လက် (၂) လုံးလောက်ကနေ တအားတင်းအောင် ချည်ပါ။ ဒီနေရာမှာတော့ တင်းနိုင်သမျှ တင်းအောင်သာချည်ပါတော့။ ဒဏ်ရာက လက်ကောက်ဝတ်ကပြတ်တာကို လက်မောင်းရင်းမှာ သွားချည်တာမျိုး မလုပ်ပါနဲ့။ ဆေးရုံဆေးခန်းရောက်ရင် စည်းထားတဲ့အပိုင်းရဲ့အောက်ကို ဖြတ်ပစ်ရဖို့များတာမို့ အပေါ်အရမ်းတက်နေရင် လူနာကို ဒုက္ခပိုပေးရာရောက်ပါတယ်။


၂။ မကျိုးနိုင်တဲ့ သံချောင်း၊ ဆော့ပင်လို အချောင်းတစ်ခုခုကို အထုံးပေါ်မှာ တွဲချည်ပါ။ ပြီးရင် စည်းထားတဲ့အဝတ် အရမ်း အရမ်းတင်းကြပ်ပြီး သွေးတိတ်သွားတဲ့ထိ လိမ်ပါ။ ပြီးရင် လိမ်ထားတာလေး ပြန်မလျော့သွားအောင် နောက်အဝတ်တစ်ခုနဲ့ချည်ပါ။


၃။ အရေးအကြီးဆုံးအပိုင်းပါ။ ထင်သာမြင်သာရှိတဲ့နေရာ (လူနာရဲ့ နဖူး၊ ပတ်တီးဘေး)တွေမှာ ကိုယ် သွေးထိန်းကြိုးစည်းလိုက်တဲ့ အချိန်ကို တိတိကျကျ ရှင်းရှင်းလင်းလင်းရေးပါ။ ဆေးရုံဆေးခန်းရောက်တဲ့အခါ ဆရာဝန်ဆရာမတွေက ဘယ်အချိန်က စည်းထားတာလဲဆိုတာကိုကြည့်ပြီး လိုအပ်တာဆက်လုပ်လို့ ရတဲ့အပြင် ကံကောင်းလို့ ကိုယ်စည်းပြီး သိပ်မကြာခင် ဆေးကုပေးမယ့်သူရောက်လာရင် မလိုအပ်ဘဲ ကျန်တဲ့နေရာတွေ မဖြတ်ရအောင် သူတို့ စီမံလို့ရလို့ပါ။ အချိန်လည်း ရေးပေးလိုက်ပါနော်။ လူနာအတွက် အရမ်း အရမ်း အရေးကြီးပါတယ်။


၄။ နောက်ဆုံးတစ်ခုကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်/ဆရာမ မရှိဘဲ၊ လေ့ကျင့်သင်ကြားပေးထားတဲ့သူမရှိဘဲ သွေးထိန်းကြိုးကို ဖြုတ်လိုက်တပ်လိုက် လျော့လိုက်တင်းလိုက် လုံးဝလုံးဝမလုပ်ပါနဲ့။ လူနာ အသက်အန္တရာယ် ရှိပါတယ်။

ပြီးရင်တော့ သွေးထွက်တာပိုလျော့အောင် ပြတ်သွားတဲ့အပိုင်းကို နှလုံး (ရင်ဘတ်) ထက်မြင့်တဲ့နေရာမှာ မြှောက်ထားပြီး ဆေးရုံဆေးခန်းကို အမြန်ဆုံးပို့လို့ရပါပြီ။ အချိန်မှတ်ပေး/ရေးပေးလိုက်ဖို့ လုံးဝ လုံးဝ မမေ့ပါနဲ့နော်။


၄။ သတိထားပါ

ဟေ့ကောင်.. မရွဲ့နဲ့။ မင်းပြောတော့ ကျန်းမာရေးအတွက် ပြင်ဆင်စရာဆိုပြီး သတိထားပါဆိုတော့ ငါတို့က ထ,ကပြရမှာလားလို့ စိတ်မဆိုးပါနဲ့ဦး 😋။ ကျန်းမာဖို့ အရေးအကြီးဆုံးက ကာကွယ်ဖို့မို့လား။ ကာကွယ်တယ်ဆိုတာ ဖြစ်မှကုသတာထက် အများကြီးအများကြီး ပိုကောင်းတာမို့ ဒီကာလတွင်း ကိုယ်လုပ်သမျှ ကိုင်သမျှ၊ စားသမျှ သွားသမျှ သတိလေးထားဖို့ အကြံပေးတာပါဗျာ။ ဟီးဟီး။

အိုကေ.. ဘာတွေကို သတိထားကြမလဲ။

(က) အစားအစာတွေကို သတိထားပါ။ ကိုယ်က အစပ်စားရင် နေမကောင်းဖြစ်လေ့ရှိသလား။ အဖန်တွေစားရင် အိပ်မရဘဲ အိပ်ရေးပျက်တတ်သလား။ အရက်သောက်ရင် ဆေးလိပ်သောက်ရင် ပိုဆိုးတတ်တဲ့ ရောဂါအခံတွေရှိသလား။ အဲဒိအချက်တွေကို သတိလေးကပ်ပြီး ဆင်ခြင်ပြီး ကျန်းမာအောင်ဂရုစိုက်ပါ။

(ခ) အလေ့အကျင့်တွေကို သတိထားပါ။ ကိုယ်က ညအိပ်တာ စောင်မပါရင် မအီမသာဖြစ်တတ်သလား။ ရေအရမ်းအေးတာချိုးမိရင် ဖျားလေ့ရှိသလား။ အစာတစ်ခုခုစားရင် အငမ်းမရ တအားပြည့်အင့်နေအောင် စားတတ်သလား။ အစားစားချိန်မမှန်တာမျိုး ဖြစ်နေတတ်သလား။  ကိုယ့်ခန္ဓာကိုယ်ရဲ့ အားနည်းချက်တွေကို သတိထားပြီး လိုအပ်တာလေးတွေ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

(ဂ) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုလုပ်ဖို့ သတိထားပါ။ လူက ခန္ဓာကိုယ်က တက်ကြွနေရင် စိတ်ဓါတ်ပိုင်းလဲ အလိုလိုတက်ကြွလာတတ်တာမို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေလုပ်တာက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို သက်သာစေနိုင်တာမို့ ပိုပြီးကျန်မာစေပါတယ်ဗျာ။


အခုပြောပြခဲ့တဲ့ အချက်လေးတွေဟာ လုပ်ရမခက်ပေမဲ့ အရေးအကြောင်းဆို အသက်ကယ်နိုင်တဲ့ ကိစ္စလေးတွေမို့ ဂရုတစိုက်ပြင်ဆင်ရင်း ကျန်းကျန်းမာမာနဲ့ တော်လှန်နိုင်ကြပါစေဗျာ။


LWINT

Comments

Post a Comment