လောကဓံ

 

💪လောကဓံတရားကို သတ္တိရှိရှိ ရင်ဆိုင်ပါ💪

     ▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️


ကြုံလာမည့် အခက်အခဲကို တွေးကြောက် စိုးရိမ်မည့်အစား

ကျော်ဖြတ်ကြည့်မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားရင်ဆိုင်လိုက်ပါ။


လောကကြီးထဲမှာ ဘေးကင်းတဲ့သူ လုံးဝမရှိပါဘူး

အခက်ခဲ မတွေ့တဲ့သူ လုံးဝမရှိပါဘူး

မကျရှုံးဖူးတဲ့သူ လုံးဝမရှိပါဘူး

အမြဲပြည့်စုံနေတဲ့သူ လုံးဝမရှိပါဘူး

လူတိုင်း လူတိုင်းမှာ

ဘေးအန္တရာယ်တွေ အခက်အခဲတွေ

အကျရှုံးတွေ လိုအပ်ချက်တွေ

ကိုယ်စီ ကိုယ်စီ ရှိကြပါတယ်၊

နည်းတာ များတာပဲ ကွာချင် ကွာပါလိမ့်မယ်။


လောကကြီးထဲ လူရယ်လို့ ဖြစ်လာရင်

လောကဓံ ဆိုတာ ရှိနေမှာပဲ

လောကဓံလို့  ဆိုလိုက်တာနဲ့

မကောင်းတာ ကြုံရတိုင်း 

လောကဓံ လို့ ထင်နေကြသူက များတယ်

အဲ့သလို မဟုတ်ပါဘူး၊

ကောင်းတာတွေကလည်း လောကဓမ်ပါပဲ

လောကဓံက မကောင်းတာချည်းပဲ လာတာ မဟုတ်ဘူး၊

ကောင်းတာတွေလည်း လာပါတယ်၊

အကောင်းအဆိုး ၂ခုလုံးကိုသာ

လောကဓံ လို့ဆိုပါတယ်။


ဒုက္ခကြုံရမှ မကောင်းတာဖြစ်ရလို့

လောကဓံကို လောကဒဏ်လို့ 

အတွေးမှားနေကြသူတွေကလည်း တစ်ပုံကြီး။


ဆိုးဒဏ် ကောင်းဒဏ် ခံနိုင်သူကိုပဲ

လောကဓံကို  ကြံကြ့ခံနိုင်သူလို့ ခေါ်လို့ရတာ။


ဒါဆို ဆိုးဒဏ် ကောင်းဒဏ် ဘယ်လိုခံနိုင်သူကို

လောကဓံကို  ကြံကြ့ခံနိုင်သူလို့ ခေါ်လို့ရနိုင်မလည်း?လို့

မေးစရာရှိပါတယ်။


အဲ့သည့် အမေးက်ို မဖြေပြခင်

လောကဓံ ၈ပါးကို ဖော်ပြချင်ပါတယ်။


(၁) လာဘ - လာဘ်လာဘ ရခြင်း၊ 

(၂) ယသ - အခြွေအရံများခြင်း၊ 

(၃) ပသံသာ - ချီးမွမ်းခံရခြင်း၊ 

(၄) သုခ - ချမ်းသာခြင်း

ဆိုတဲ့ အကောင်း လောကဓံတရား (၄) ပါး


(၅) အလာဘ - လာဘ်လာဘ ချို့တဲ့ခြင်း၊ 

(၆) အယသ - အခြွေအရံ ကင်းမဲ့ခြင်း၊

(၇) နိန္ဒ - အကဲ့ရဲ့ ခံရခြင်း၊ 

(၈) ဒုက္ခ - ဆင်းရဲခြင်း  တို့  ဖြစ်ကြပါတယ်။ 

အဆိုး လောကဓံတရား (၄) ပါး 

စုပေါင်း လောကဓမ် ၈ပါးရှိပါတယ်။


ဆိုတော့က လောကဓံကို ကြံကြ့ခံနိုင်သူ ဖြေပေးပါမယ်…

အဲ့သည့် လောကဓံ တွေ ထဲက 

အကောင်းလောကဓံအ နေနဲ့ ကြုံတွေ့ရတဲ့အခါမှာ - 


📙အလုပ်ကောင်း လာဘ်ကောင်းနေချိန်မှာ

ဘဝ မမေ့ဖို့၊ ဘဝင်မမြင့်ဖို့ မာန် မတက်ဖို့

လာကောင်းခြင်းကို ကောင်းကောင်းအသုံးချနိုင်ခြင်းဟာ

“လာဘ လောကဓမ္မ” ကို ကြံ့ကြံ့ခံနိုင်သူလို့ ခေါ်ပါတယ်။


📙အပေါင်းသင်း အသိမိတ်ဆွေ အခြံအရံ ပေါများတဲ့အခါ

မိတ်ကောင်း ဆွေကောင်း(ကလျာဏမိတ္တ)ကို

ရှဖွေပြီး အပေါင်းအသင်းအခြံအရံ

များတာကို အသုံးချပြီး မကောင်းတာတွေကို

မပြုလုပ်ဘူးဆိုလျှင်တော့ “ယသ လောကဓမ္မ”ကို

ကြံ့ကြံ့ခံနိုင်သူလို့ ခေါ်ပါတယ်။


📙ကိုယ်က လူကောင်းသူကောင်းဖြစ်လို့ဖြစ်စေ

ကိုယ်က အရည်အချင်း တစ်ခုခု တော်လို့ဖြစ်စေ

ကိုယ်က ရုပ်ရည်ချောမောလှပလို့ ဖြစ်စေ

စသည်ဖြင့် ကိုယ့်ရဲ့ ကောင်းကွက် တော်ကွက်ကို

လူတွေက ချီးမွှမ်းတဲ့အခါ ဘဝမေ့ ဘဝင်မြင့်တာတွေ

မာနကြီးတာတွေ ချေတာတွေ မလုပ်ဘဲ

လူတွေရဲ့ ချီးကျူးခံရမှုကို မသာယာဘဲ

ပုံမှန်စိတ်ပဲထားပြီး လူတွေအပေါ်ကို 

ကောင်းမွန်စွာ ဆက်ဆံ နေထိုင်တတ်တယ်ဆိုရင်

“ပသံသ လောကဓမ္မ”ကို ကြံ့ကြံ့ခံနိုင်သူလို့ ခေါ်ပါတယ်။


📙မိဘဆွေစဉ်အဆက်ကြောင့် ချမ်းသာတာပဲ ဖြစ်ဖြစ်

ကိုယ်တိုင်ကြိုးစားလို့ ချမ်းသာလာတာပဲ ဖြစ်ဖြစ်

ကိုယ့်ရဲ့ ချမ်းသာခြင်းအပေါ် အကြောင်းပြုပြီး

တစ်ဖက်သားအပေါ် ဆင်းရဲ၊ ချမ်းသာတာကို ကြည့်ပြီး 

မောက်မာတဲ့ ခွဲခြားဆက်ဆံမှုလည်း မလုပ်ဘဲ

ရှိတဲ့ပစ္စည်းဥစ္စာကိုလည်း ကောင်းကောင်းအသုံးချပြီး

ကိုယ့်ရဲ့ ချမ်းသာမှုကို အကျိုးရှိစေမယ်ဆိုရင်

“သုခ လောကဓမ္မ”ကို ကြံ့ကြံ့ခံနိုင်သူလို့ ခေါ်ပါတယ်။


အထက်ပါ ဖော်ပြခဲ့တဲ့ အကောင်းလောကဓံတွေ ကို

ကြံကြံခံနိုင်သလိုပဲ …

📙အလုပ်အဆင်မပြေ လာဘ်မကောင်းတဲ့အခါ

📙အသိ မိတ်ဆွေ မိတ်ကောင်းဆွေကောင်း မရှိတဲ့အခါ

📙ကိုယ့်ချွတ်ယွင်းချက်ကို လူတွေ အထင်သေးကဲ့ရဲ့တဲ့အခါ

📙ကိုယ်က မချမ်းသာလို့ ဆင်းရဲနေတဲ့အခါတွေမှာလည်း

ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှသာလျှင် 

လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့သူလို့ ခေါ်ရမှာပါ။


အဆိုးတွေချည်းကြုံရလို့ လောကဓံလို့ မသတ်မှတ်ပါနဲ့

အကောင်းတွေ ကြုံရတာကလည်း လောကဓမ်ပါပဲ။


အဆိုးလောကဓံတွေ  ကြုံရလို့ 

လူတွေ ပျက်စီးသွားသူ ရှိကြသလိုပဲ 

အကောင်းလောကဓံ ကြုံရလို့ 

ပျက်စီးသူတွေလည်း လောကမှာ ဒုနဲ့ဒေး။


အဆိုးတွေ ကြုံလာလျှင်လည်း ခံနိုင်ရည်ရှိတဲ့သူ

အကောင်းတွေ ကြုံလာလျှင်လည်း ခံနိုင်ရည်ရှိတဲ့သူ

အဲ့လို အဆိုးအကောင်း ၂မျိုးလုံးကို ခံနိုင်ရည်ရှိမှသာ

လောကဓံကို ကြံ့ကြံ့ခံနိုင်သူလို့ ခေါ်လို့ရတာပါ။


လောကဓမ် အားလုံးက ကိုယ်တိုင် ဖန်တီးခဲ့တာဖြစ်လို့

ပြုပြင်ရမည့်သူတွေကလည်း ကိုယ်တိုင်ပဲ ဖြစ်ရပါမယ်။


မျက်မောက်ဘဝမှာ ကိုယ်တိုင်ပြုခဲ့တဲ့ 

ကောင်းခြင်း ဆိုးခြင်းတွေရဲ့ ဇော ခုနစ်ချက်ထဲက

ပထမဇောစိတ်နဲ့ ပြခဲ့တဲ့ ကောင်းခြင်း ဆိုးခြင်းနှင့်

မမြင်နိုင်တဲ့ အတိတ်ဘဝက ကိုယ်ပြုခဲ့တဲ့

ကောင်းခြင်းဆိုးခြင်းတွေကပဲ ကိုယ့်အပေါ် ကို

လောကဓမ္မအဖြစ် ပြန်လည် သက်ရောက်စေခြင်း ဖြစ်ပါတယ်။


ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားစု တစ်ခုကို 

မှားနေကြောင်း ကျွန်တော် ပြန်လည် ဖြေရှင်းချင်သေးတယ်။


အဲ့ဒါ ဘာလည်းဆိုတော့

“လူတွေက ဆင်းရဲတဲ့ ဒဏ်ပဲ ခံနိုင်တာ

ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူးတဲ့”

အဲ့စကားကို ကျွန်တော် လက်မခံနိုင်ပါဘူး။


ဘာလို့လည်း ဆိုတော့… 

“ဆင်းရဲတဲ့ ဒဏ် မခံနိုင်လို့ လောကကို 

အရှုံးပေး ပျက်စီးသွားသူတွေ ရှိကြသလိုပဲ၊

ချမ်းသာတဲ့ဒဏ် မခံနိုင်လို့ လောကကြီးမှာ

ပျက်စီးဆုံးရှုံးသွားကြတဲ့သူတွေက တစ်ပုံကြီးဘဲ”


ဒါကြောင့် …

“လူတွေက ဆင်းရဲတဲ့ ဒဏ်ပဲ ခံနိုင်တာ

ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူးတဲ့” အဲ့စကားရပ်ကို

ကျွန်တော် လက်မခံနိုင်တာပါ။


လောကကြီးထဲမှာ … 

“ဆင်းရဲတဲ့ဒဏ် ခံနိုင်တဲ့သူတွေလည်း ရှိတယ်

ချမ်းသာတဲ့ဒဏ် ခံနိုင်တဲ့သူတွေလည်း ရှိတယ်” လို့ပဲ

ကျွန်တော်ကတော့ ပြောချင်ပါတယ်။


ဒါကြောင့် အကောင်း လောကဓံပဲ ကြုံကြုံ

အဆိုးလောကဓံပဲ  ကြုံကြုံ …

တွေးမကြောက်ပါနဲ့၊

တွေးမပူပါနဲ့၊

စိုးရိမ်မနေပါနဲ့၊

သတ္တိရှိရှိ ရင်ဆိုင် ကျော်ဖြတ်ကြည့်ပါ၊

လာမည့်ဘေး ပြေးတွေ့ ဆိုသလိုပေါ့ 

တချို့ အရာတွေက တကယ်လုပ်ကြည့်မှ 

တကယ်သိရတာမို့လို့ ဘာတွေပဲ ကြုံနေပါစေ

စိတ်ညစ်ပြီး အချိန်ဖြုန်းနေမည့်အစား 

တွေးကြောက်ပြီး အရှုံးပေးမည့်အစား

လက်တွေ့ ကျော်ဖြတ်ကြည့်လိုက်ပါ။


ဘယ်လို လောကဓံပဲ ကြုံပါစေ

အသိ ဆိုတဲ့ ပညာ၊

သတိဆိုတဲ့ ဂရုတစိုက်ရှိမှု၊

အဲ့သည့် နှစ်ခုကို ကိုယ်ကျင့်တရားကောင်းမှုနဲ့ ရောပြီး

ဇွဲစိတ်သန်သန် ဝီရိယ ထားပြီး ကြိုးစား ကျော်ဖြတ်ကြည့်ပါ၊

သင်ဟာ လောကဓမ်ကို ကြံကြံခံနိုင်သူဖြစ်ကြောင်း

သင်ကိုယ်တိုင် စမ်းသပ်ပြီးမှ သိနိုင်ပါလိမ့်မယ်။


အားလုံး လောကဓံကို    ကြံကြံခံနိုင်ကြပါစေ။




✍️လင်းစက်☀️

Comments

Post a Comment