Book review

 

ဖတ်ဖြစ်ဖူးခဲ့တဲ့စာအုပ်လေးတစ်အုပ်အကြောင်းပြောပြချင်ပါတယ်။အဲစာအုပ်လေးကတော့စာရေးဆရာ ဆရာသာဓုရဲ့အတာဆိုတဲ့စာအုပ်ကလေးပါ။ 



ဖြစ်ရပ်မှန်လို့အတည်တကျမရေးထားပေမယ့်ဖြစ်ရပ်မှန်လို့ပြောလို့ရတဲ့၊ယူဆလို့ရတဲ့စာအုပ်လို့Review Groupတွေမှာသူများညွှန်းတာတွေ့တာနဲ့ဖတ်ကြည့်ဖြစ်သွားတာပါ။ 



စာအုပ်ရဲ့ခေါင်းစဥ်ဖြစ်တဲ့'အတာ​'ဆိုတဲ့ခေါင်းစဥ်လေးအတိုင်းစာအုပ်ရဲ့အကြောင်းအရာကအတာဆိုသည့်ကောင်လေးတစ်ယောက်ရဲ့အကြောင်းအရာပါ။ဇာတ်ကောင်တွေအနေနဲ့ဆိုရင်အတာရယ်၊အတာရဲ့အမေ(အမေရင်း)ဒေါ်သိန်းမေရယ်၊အတာရဲ့အဖေ(ပထွေး)ဦးထွန်းအောင်ရယ်ပေါ့။သူတို့ကတော့အဓိကဇာတ်ကောင်တွေပါ။ 



အမေရင်းမသိန်းမေကမိထွေးဟုလည်းကောင်း၊ပထွေးကိုထွန်းအောင်ကအဖေရင်းဟုလည်းကောင်းပတ်ဝန်းကျင်ကတစ်ယောက်ကိုဂုဏ်ပြု၊တစ်ယောက်ကိုခပ်ရွဲ့ရွဲ့ဖြင့်ပြောကြလောက်အောင်အတာအပေါ်မသိန်းမေနဲ့ကိုထွန်းအောင်တို့ဆက်ဆံပုံ၊မသိန်းမေစိတ်ကခန့်မှန်းမရပုံ၊ကိုထွန်းအောင်၏ရိုးသားပြီးအနေအေးပုံတို့ကိုရေးဖွဲ့ရင်းဇာတ်အဆုံးထိအတာကိုဆွဲခေါ်သွားခဲ့သည်။



'အတာ'ဆိုတဲ့အဲဒီစာအုပ်ကိုဖတ်ပြီးတော့ရသစုံခံစားရတယ်။မိဘနဲ့သားသမီးကြားကအကြောင်းအရာတွေ၊မေတ္တာတွေသာမကတန်ပြန်မေတ္တာရှိကြောင်းကိုယ်ပိုလက်ခံသွားတယ်။ 



ကလေးတစ်ယောက်ရဲ့အဆုံးအမကိုနာခံမှု၊အမှားလုပ်မိရင်အချိန်မှီပြင်ဆင်ရမည်ဆိုတဲ့အသိ၊သွေးသားတော်စပ်မှုကမေတ္တာတရားမှာအရေးမပါဘူးဆိုတဲ့အကြောင်း(ကိုထွန်းအောင်ရဲ့အတာအပေါ်မှာသားတစ်ယောက်လိုချစ်တဲ့၊မေတ္တာထားတာကိုကြည့်ရင်)၊ရှေးလူကြီးတွေရဲ့အဆုံးအမတွေကိုနားခံရင်အကျိုးများကြောင်းတွေကစာအုပ်ဖတ်ပြီးလေ့လာသိရှိခဲ့ရတဲ့အကြောင်းအရာလေးတွေပါ။ 



စာအုပ်ရဲ့အကြိုက်ဆုံးအပိုင်းကိုပြောပါဆိုရင်အတာရဲ့အမေဒေါ်သိန်းမေနဲ့ပထွေးဦးထွန်းအောင်ကိုအတာပထမဆုံးလစာရလို့ကန်တော့တဲ့အခန်းလေးကိုသဘောကျတယ်။ဘာကြောင့်ဆိုရင်ထိုအခန်းကဒေါ်သိန်းမေရဲ့အမြင်မှန်ရခန်းလို့ပြောလို့ရတဲ့အတွက်။ 



"ငါ့မြေးကိုယ်နဲ့မတန်တာ ဘယ်တော့မှမလုပ်နဲ့။ မင့်အခြေအနေကတစ်ထည်တစ်ကျပ်တန်လုံချည်သာဝတ်နိုင်တဲ့ဘဝဆိုရင်သူများဆီက တစ်ဆယ်တန်ကိုငှားမဝတ်နဲ့၊မကြွားချင်နဲ့ မင့်ကိုမသိတဲ့လူတွေကအထင်ကြီးသွားလို့ မင့်မှာဘာမှတိုးမလာဘူး။ မင့်အဖိုးတန်တာမဝတ်နိုင်တာကို သိပြီသားလူတွေကအထင်သေးသွားရင် အဲဒါမင့်အဖို့ဆုံးရှုံးခြင်းပဲ။ ကိုယ်နဲ့တန်သလိုနေ ကိုယ်နဲ့တန်သလောက်ဝတ်၊ စား။မကြွားချင်နဲ့ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ၊ ကိုယ်နဲ့မတန်သေးတဲ့ ဘယ်လိုကိစ္စမှာပဲဖြစ်ဖြစ် မထင်ပေါ်ချင်နဲ့၊ဘဝင်မမြင့်နဲ့။"

အတာရဲ့အဖိုးကအတာကိုမှာခဲ့တဲ့စကားတွေထဲကတစ်ခွန်းဖြစ်ပြီးကိုယ်သဘောကျတဲ့အတွက်စာအုပ်ထဲကကောက်နုတ်ရေးမှတ်လိုက်ရပါသည်။ 



ဆရာကြီးသာဓုရဲ့အတာဆိုတဲ့စာအုပ်မှာလူတွေရဲ့အကောင်းနဲ့အဆိုးကိုဖတ်ရှုမြင်နိုင်ပြီးဘယ်ကိစ္စမဆိုစဥ်းစားချင့်ချိန်ပြီးမှလုပ်သင့်ကြောင်းသင်ခန်းစာကိုလည်းရရှိမည်ဖြစ်ကြောင်းမှတ်သားရေးမှတ်လိုက်ရပါတယ်။ 



(စာကြွင်း စာဖတ်သူဆိုရင်တောင်ရိုးရိုးအဆင့်သာရှိသေး၍စာအုပ်နဲ့ပက်သက်ပြီးအရေးအသားအလွဲအမှားရှိခဲ့ပါကခွင့်လွှတ်စေလိုကြောင်း)


ချစ်ခြင်းများစွာဖြင့်

Basket ©©




Comments

Post a Comment