Poison 5

 

Poison-5

Malathion (မာလာသီယွန်)





စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများအနက် မာလာသီယွန် သည် အသုံးများသောပိုးသတ်ဆေးဖြစ်သည်။ ခေတ်ဟောင်းကြော်ငြာများကို ကြည့်ဖူးသူတို့ဆိုလျှင် "ပိုးကောင် ပိုးကောင် အားလုံးစားတဲ့ ပိုးကောင် 

မိုးဒီတို့ဟာ အရွက်အသီးအရိုးများဖျက်တဲ့ပိုး"

ဆို‌သော သီချင်းကိုဆိုပြီး ထက်ထက်မိုးဦးပါဝင်သရုပ်ဆောင်သော ပိုးသတ်ဆေးကြော်ငြာမှာ ရွှေဆိုက်ပါ၊ ရွှေမာလာ စသည်တို့ကို ကြားဖူးကြပါလိမ့်မည်။ ယခုလက်ရှိတွင်လည်း မာလာ (သို့မဟုတ်) သီယွန် ပါသော နာမည် များဖြင့် ဈေးကွက်တွင် ရောင်းချနေကြသည်။ လူအများကြားဖူးနိုင်သည့် မာလာသီယွန် ကို ခေါင်းစဉ်တပ်လိုက်ရသော်လည်း အကယ်စင်စစ်မှာမူ Organophosphates အကြောင်းတင်ပြလိုခြင်း ဖြစ်ပါသည်။ မာလာသီယွန်သည် Organophosphates အုပ်စုဝင် အမျိုးအစားဖြစ်သည်။ Phosphorus ပါဝင်သော ဇီဝဒြပ်ပေါင်း ဟု ဆိုရမည်ဖြစ်သည်။Organophosphates များသည် စွမ်းအားပြင်းထန်သော ပိုးသတ်ဆေးအမျိုးအစားဖြစ်သည်။ ၎င်းတို့သည် ပိုးမွှားများသာမက လူများ၊ တိရစ္ဆာန်များကိုပါ သေစေနိုင်သည်။ 


မာလာသီယွန်အပါအဝင် Organophosphates များသည် ခန္ဓာကိုယ်ထဲရှိ အာရုံကြောဆိုင်ရာ ဇီဝဖြစ်စဉ်ကို ပျက်ယွင်းစေသည့် ဒြပ်ပေါင်းများဖြစ်သည်။ ခန္ဓာကိုယ်တွင်ရှိသော  အစာအိမ်၊အူလမ်းကြောင်း၊ ဂလင်းများ၊ ကြွက်သားများ စသည်တို့ကို ထောက်ပံ့ပေးသည့် အာရုံကြောဆိုင်ရာလှုံ့ဆော်မှုတွင် Acetylcholine ဆိုသည့် ဇီဝဒြပ်ပေါင်းသည် အဓိက လှုံ့ဆော်ရေးဒြပ်ပေါင်းဖြစ်သည်။ ၎င်းအပြင် ဦးနှောက်၏လုပ်ငန်းဆောင်တာများအတွက်လည်း အရေးပါသည့် လှုံ့ဆော်ရေးဒြပ်ပေါင်းဖြစ်သည်။ ပို၍ရှင်းအောင်ဆိုရသော် Acetylcholine သည် သတ္တဝါတစ်ကောင်၏ နေ့စဉ်ရှင်သန်မှုဇီဝလုပ်ငန်းများဖြစ်သော အစာခြေခြင်း၊အညစ်အ‌ကြေးစွန့်ခြင်း၊ မျိုးပွားမှုဆိုင်ရာဖြစ်စဉ်များ စသည်တို့ကို ပံ့ပိုးပေးသည့် အာရုံကြောဆိုင်ရာလုပ်ငန်းများကို လှုံ့ဆော်ပေးသော ဓာတ်တစ်မျိုးဖြစ်သည်။ 


ပုံမှန်ဇီဝဖြစ်စဉ်တွင် Acetylcholine သည်သက်တမ်းတခဏအတွင်း ပြိုကွဲပျက်စီးသွားလေ့ရှိပြီး အသစ်အသစ်သော မော်လီကျူးများနှင့် ပြန်လည်ဖြည့်တင်းပေးကာ ဖြစ်ပျက်သံသရာလည်နေသည့် ပစ္စည်းဖြစ်သည်။ Organophosphates သည် ၎င်းဖြစ်ပျက်သံသရာကို နှောက်ယှက်ပြီး Acetylcholine ပြိုကွဲမှုကို ဟန့်တားထားနိုင်သည့် သတ္တိရှိသည်။ အကျိုးဆက်အနေဖြင့် ခန္ဓာကိုယ်ထဲတွင် Acetylcholine များစုဝေးလွန်ကဲလာပြီး အာရုံကြောလှုံ့ဆော်မှုအလွန်အကျွံဖြစ်လာကာ အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်သည်။ 


Organophosphates အဆိပ်သင့်ခြင်း၏ သိသာသောလက္ခဏာအချို့မှာ

- တံတွေး၊ မျက်ရည် စသည်တို့ လွန်ကဲစွာထွက်လာခြင်း

- ဝမ်းလျောခြင်း၊ ဆီးထွက်ခြင်း

- ပျို့ခြင်း၊အန်ခြင်း

- ချွေးထွက်ခြင်း

- အသက်ရှူရခက်လာခြင်း

- ခေါင်းမူး၊ ခေါင်းကိုက်ခြင်း

- တက်ခြင်း

- မျက်စိသူငယ်အိမ်ပေါက် အလွန်အမင်းကျဉ်းသွားခြင်း

စသည်တို့ဖြစ်သည်။ ၎င်းတို့အနက် အပ်နဖားအရွယ်ခန့်အထိ သူငယ်အိမ်ပေါက်ကျဉ်းသွားခြင်းမှာ ထူးခြားသိသာသော လက္ခဏာတစ်ရပ်ဖြစ်သည်။ သို့သော် ဤတစ်ချက်တည်းဖြင့် အဆိပ်သင့်ခြင်းဟု ဆုံးဖြတ်၍မရပေ။ သူငယ်အိမ်ကျဉ်းစေသော အခြားအကြောင်းများလည်း ရှိသေးသောကြောင့် လူနာ၏ ဖြစ်စဉ်ကို စုံစမ်းကာ ဆက်စပ်ဆုံးဖြတ်ရမည်ဖြစ်သည်။ 


Organophosphates အဆိပ်သင့်ပါက ဆေးရုံဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြီး ဖြေဆေးဖြင့်ကုသမှုကို စနစ်တကျ ခံယူရမည်ဖြစ်သည်။ Atropine ကိုဖြေဆေးအဖြစ် အသုံးများကြသည်။ 


Organophosphates သည် ပါးစပ်မှ တမင်တကာသောက်သုံးကာ သေကြောင်းကြံစည်မှုမျိုးမဟုတ်စေကာမူ လုပ်ငန်းသဘာဝအရ စိုက်ခင်းလယ်ခင်းတွင် ဆေးဖျန်းစဉ် အငွေ့အမှုန်များရှူမိခြင်း၊ အရေပြားမှစိမ့်ဝင်ခြင်း စသည်တို့ကြောင့်လည်း တစိမ့်စိမ့် ကိုယ်တွင်းသို့ ဝင်ရောက်နေ တတ်သည်။ ဤသို့ ရေရှည်ထိတွေ့မှုသည် လတ်တလောအားဖြင့်အသက်အန္တရယ်မရှိသော်လည်း ကြိမ်ဖန်များစွာထိတွေ့မိခြင်းသည် အာရုံကြောဆိုင်ရာ ထိခိုက်မှုများနှင့် ကင်ဆာရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ရာ စိုက်ပျိုးရေးလုပ်သားများနှင့် စိုက်ပျိုးရေးဆေးစက်ရုံလုပ်သားများအနေဖြင့် စနစ်တကျ ကာကွယ်ကိုင်တွယ်ရန် အရေးကြီး‌ပေသည်။

Comments

  1. Thanks for your kindness sharing.😘

    ReplyDelete
  2. ကျနော်လည်းသိုင်းခရူးပါဘဲ😁❤

    ReplyDelete
  3. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment