ခင်မောင်တိုး

 

(ခင်မောင်တိုး ကွယ်လွန်ခြင်း ၁၀နှစ်ပြည့်အမှတ်တရ)



ကိုခင်မောင်တိုး၏သစ္စာတစ်ပုဒ်

---------------------------------

သားထွေး


၁၉၇၄-၇၅ ခန့်ကထင်သည်။

ကျွန်တော့်အစ်ကို ကိုချစ်ကို၏ သူငယ်ချင်းများကိုတွေ့လိုက်ရသည်။

ဆံပင်ရှည်ရှည်။တစ်ယောက်က နှုတ်ခမ်းမွေးနှင့်ဆံရှည်နောက်မှသိလိုက်ရတာ ကိုရဲလွင် နှင့် ကိုခင်မောင်တိုး။


ဤကမ္ဘာမြေပေါ်ဝယ် လူမှန်ရင် အချစ်နှင့် ဘယ်မှာလာကင်းမလဲကွယ် ကျေးဇူးတင်တယ်ကမ္ဘာကြီးရယ်


ဒီသီချင်းတွေနှင့်ဂစ်တာတီးသင်ခဲ့ရတယ်။

သားထွေး အဲဒါ ကိုတိုးပေါ့ လို့ ချစ်ကိုကမိတ်ဆက်ပေးလိုက်တယ်။ဒီလိုနဲ့ ၇- ၈ တန်းမှာဂစ်တာတီးသီချင်းဆိုရင်း ကိုတိုးသီချင်းတွေပဲ ဆိုဖြစ်နေတယ်။

ကိုတိုးကကျွန်တော်ကိုလွှမ်းမိုးခဲ့တယ်။

ကိုတိုးရဲ့ လက်မနဲ့လက်ညှိုးသုံးပြီး တီးခတ်တဲ့ပုံကို

ကျွန်တော်တို့လိုက်တီးခဲ့ကြတယ်။

အဉ္ဇလီအတွက်ဂီတဉ္ဇလီထွက်တော့ ကျွန်တော်လည်းဂစ်တာတော်တော်တီးတတ်နေပြီ။


ကိုတိုးနဲ့စကားတွေဘာတွေ ဝင်ပြောခွင့်ရလာတယ်။

သီချင်းတစ်ပုဒ်နားထောင်ရင် ကော့ဒ်တွေကို တစ်ခါ

တည်းသိနိုင်တဲ့ နားရဲ့လေ့ကျင့်မှုတွေ လေ့လာသင်ယူရမည့်သီချင်းခွေတွေ ကျွန်တော်သိလာရတယ်။

အဲဒါ ကိုတိုးကျေးဇူးကြောင့်ပေါ့။ဒီနေရာမှာ ကျွန်တော့်အကြောင်းပြောပြရဦးမယ်။

ပညာရေးဘက်ကို သိပ်စိတ်မဝင်စားတော့ဘူး။

ဂစ်တာတီးလိုက်။ ဘောလုံးကန်လိုက်နဲ့ ၉ တန်းမှာ

တစ်ဝါဆိုတယ်။

၁၀ တန်းမှာ ၃ ဝါဆိုတယ်။ တစ်နေ့တော့ ကိုတိုးက

အဆောင်မှာ သီချင်းဆိုဖို့သွားတဲ့ ညအဖော်အဖြစ်

လိုက်ခဲ့ဖို့ခေါ်တယ်။


တက္ကသိုလ်ကျောင်းသားတွေရဲ့ အလွမ်းပြေ။ အပန်းပြေတဲ့ဒီအချိန်လေးကိုအားကျမိတယ်။

တက္ကသိုလ်တက်ချင်စိတ်တွေပြင်းထန်လာပြီး ၁၀ တန်းပြန်ဖြေတော့အောင်ခဲ့တယ်။

ဒါလည်းကိုတိုးကျေးဇူးပါ။


ဝိုင်းရဲ့ဆည်းဆာ ...... ကိုတိုး လင်း မှာသီချင်းသွင်း

တော့ပထမဆုံးအတွေ့အကြုံတစ်ခုက Recording

မှာ သီချင်းတစ်ပုဒ်ဘယ်လိုဖန်တီးရလဲဆိုတာသိလာ

တယ်။

ကိုယ်တိုင်ကလည်း Recording လုပ်ချင်လာတယ်။

မဟာဆန်သူ ဒီအခွေသွင်းတဲ့ အချိန်ကျတော့ ကျွန်တော်သီချင်းရေးတတ်နေပြီ။ပြီးတော့ ဂီတလောကထဲမှာကျင်လည်နေခဲ့ပြီ။

စံနစ်တကျ ဖန်တီးထားတတ်တဲ့ ဂီတဟာ ထိပ်ဆုံး

ရောက်ခဲ့ပြီပေါ့။ ဂုဏ်ယူပါတယ်ကိုတိုး။


ကိုတိုးအကြောင်းပြောရင် သိပ်များသွားလိမ့်မယ်။

အမှတ်တရအဖြစ်ဆုံးလေး ပြောပြမယ်။

94 Live Show ပွဲပေါ့။

သီချင်းတိုက်ရက်ကလည်းများ စီုးရိမ်စိတ်တွေနဲ့ ကိုတိုးမျက်နှာဟာ တည်ငြိမ်ပေမဲ့ မတည်ငြိမ်ဘူး။

တကယ့်ပွဲနေ့ကျမှ လက်မှတ်ကုန်တဲ့အပြင် ပဒုမ္မာကွင်းအပြည့် မြေနီကုန်းတစ်ဝိုက်မှာ ကိုတိုးကြီး ကိုတိုးကြီး အော်သံတွေကြားမှာပဲ တစ်ဖွဲ့လုံးပျော်သွားကြတယ်။

ရှိုးပြီးသွားတော့ ကိုတိုးကြီးက ငါရင်ခုန်လို့ဒီနေ့ဆေး

လိပ်သောက်မယ်။ဆိုပြီး ကျွန်တော့်စီးကရက်ကိုယူ

လိုက်တယ် ။ 

နှုတ်ခမ်းနားရောက်မှ အလကားနောက်တာဆိုပြီး

ပြန်ပေးတယ်။

ဒါဟာ သစ္စာ ကိုပြလိုက်တာလို့ သိလိုက်တယ်။

၁၉၉၂ ဝါဆိုလပြည့်နေ့ကတည်းက သက်သက်လွတ်စားပြီး ဆေးလိပ်ဖြတ်ခဲ့တာ နောက်ဆုံးအချိန်ထိပြန်မသောက်တော့ဘူး။

ကျွန်တော်ဆက်ရေးလို့မရတော့ဘူးကိုတိုးရေ.....


အို....အဉ္ဇလီရယ် မင်းမရှိတဲ့နောက်

ရေအိုင်တွေလည်း ခန်းခြောက်လို့  ...

မေတ္တာပန်းကြွေ နွမ်းတဲ့အခိုက်.....

သစ္စာစကားကို ကြားလိုက်တယ်.....


   အစဉ်လေးစားလျက်...

                                   သားထွေး

                              ၃၀-၈-၂၀၁၃

ခင်မောင်တိုးအမှတ်တရစာစုများမှ

KTO


Photo- မူရင်းတင်သူများ

Comments

Post a Comment