အရှုပ်ထဲမှာ ရှင်းအောင်နေ

 

အရှုပ်ထဲမှာ ရှင်းအောင်နေ (Stampede Management)


ဒီအချိန်ဟာ ပျော်ပွဲရွှင်ပွဲတွေ၊ လူစုလူဝေးတွေအကြောင်း ပြောရမယ့်အချိန်မဟုတ်ပေမယ့်လည်း ပြီးခဲ့တဲ့ရက်ကမှ ကိုရီးယားမှာဖြစ်သွားတဲ့ ဝမ်းနည်းစရာကိစ္စကြောင့်ရယ်၊ ကျွန်တော်တို့နိုင်ငံထဲမှာလည်း သီတင်းကျွတ်အလွန် တန်ဆောင်တိုင်ကာလဟာ လူစုလူဝေးအများဆုံးကာလထဲမှာပါတာကြောင့်ရယ် လူစုလူဝေးဖြစ်တဲ့ အချိန်တွေမှာ အန္တရာယ်ကင်းအောင် ဘယ်လိုစီစဉ်ကြမလဲဆိုတာလေးကို နည်းနည်းလောက် မျှဝေပေးချင်ပါတယ်။


အာဏာသိမ်းစကာလတုန်းက ဆန္ဒပြပွဲတွေမှာလည်း လူတွေ သောင်းနဲ့သိန်းနဲ့ချီစုဝေးခဲ့တာ ဘာမှမဖြစ်ပါဘူးကွာ၊ တိုက်ဆိုင်လို့ပါလို့ မထင်ပါနဲ့။ တကယ်တော့ လူစုလူဝေးဖြစ်ရာနေရာတိုင်းမှာ Stampede လို့ခေါ်တဲ့ လူအုပ်နဲ့ပိတာ၊ ညပ်တာဟာ အရမ်းအဖြစ်များတဲ့ကိစ္စပါ။ နာမည်ကြီး စတိတ်ရှိုးပွဲတွေ၊ ဘာသာရေးပွဲတွေ၊ ရာသီချိန်ပွဲတွေတိုင်းမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုစခန်းတွေ ထားပေးရတာက သက်သေပါပဲ။ ဆန္ဒပြပွဲတွေမှာ ဖြစ်တာကိုသိပ်မကြားမိတာက ပါဝင်တဲ့လူတွေဟာ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ စုဝေးကြတာမို့ရယ်၊ တကယ်အရှိန်ကောင်းလာရင် ဖြိုခွဲခံရလို့ရယ်နဲ့ လူအုပ်ပိတာညပ်တာအထိ မရောက်လိုက်လို့ပါ။ ဆန္ဒပြပွဲတွေ အင်အားသုံးဖြိုခွဲခံရတဲ့အခါ ပြေးမိပြေးရာ ပြေးကြတွန်းကြရင်း လူအုပ်ပိလို့ အသက်ဆုံးရှုံးရတာတွေလည်း အများကြီးပါ။  ဘာကြောင့်ပဲ လူစုသည်ဖြစ်စေ လူစုလူဝေးဖြစ်တဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်မို့ ကိုယ်တိုင်အန္တရာယ်ကင်းဖို့ရော၊ ပါဝင်သူတွေအားလုံး အန္တရာယ်ကင်းကြဖို့ရော ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ထားသင့်ပါတယ်။


ဟုတ်ပြီ။ အဲဒါဆို လူစုလူဝေးဖြစ်တဲ့အခါ ဘယ်လိုအန္တရာယ်တွေရှိမလဲ အရင်ကြည့်လိုက်ရအောင်။


လူစုတဲ့နေရာဟာ (၂) မျိုးဖြစ်နိုင်ပါတယ်။ ခန်းမကျယ်တွေမှာစုတာနဲ့ ဟင်းလင်းပြင်မှာစုတာပါ။ ခန်းမကျယ်တွေမှာဆိုရင် လျှပ်စစ်ရှောခ့်ကြောင့် မီးလောင်ရင်း ပိတ်မိတာ၊ ဓါတ်ငွေ့သုံးတဲ့နေရာတွေမှာဆို ဓါတ်ငွေ့ပိုက်ပေါက်တာတွေအပြင် လူစုလူဝေးကိုအသုံးချပြီး ပစ်မှတ်ထား တိုက်ခိုက်ခံရတာမျိုးတွေ အဖြစ်များပြီး ဟင်းလင်းပြင်မှာ လူစုရင်တော့ နေရာမလုံလောက်တဲ့အခါ၊ နေရာရွှေ့ရတဲ့အခါတွေမှာ တိုးရင်းကြိတ်ရင်း လူမွန်းတာ၊ ညပ်တာတွေ၊ ထင်မှတ်မထားတဲ့ အန္တရာယ်ကြုံလာတဲ့အခါ (ဥပမာ မုန်တိုင်းကျတာ၊ အထိကရုဏ်းဖြစ်တာတွေ) ပြေးမိပြေးရာပြေးရင်း ညပ်နေပိနေတဲ့လူတွေကို သတိမထားမိ တော့ဘဲ နင်းမိတာမျိုးတွေ အဖြစ်များပါတယ်။ ဒါ့အပြင် လူစုလူဝေးဖြစ်တာနဲ့ ကူးစက်ရောဂါတွေဖြစ်တဲ့ တီဘီလို ကိုဗစ်လိုရောဂါတွေလည်း ကူးစက်ဖို့ အခွင့်အလမ်းပိုများနိုင်ပါသေးတယ်။


အိုကေ။ အဲဒါဆို ဒီလိုအန္တရာယ်တွေကိုရှောင်ဖို့ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီက ဘယ်လိုပြင်ဆင်သွားလို့ရမလဲ ကြည့်လိုက်ရအောင်။


၁။ ဝင်ပေါက်ထွက်ပေါက်တွေမှတ်ထားပါ

ဒီအချက်ဟာ အခန်းတွေထဲ ခန်းမတွေထဲမှာ လူစုမှတင်မဟုတ်ဘဲ ဟင်းလင်းပြင်မှာ လူစုကြတဲ့ အခါအတွက်လည်း အသုံးဝင်တဲ့အချက်ပါ။ ကိုယ်ရောက်နေတဲ့နေရာကနေ အနီးဆုံးဘယ်နားကို ထွက်လို့ရမလဲ၊ ကိုယ့်ဘေးမှာ ဘယ်သူတွေရှိလဲဆိုတာကိုကြည့်ပြီး တစ်ခုခုဖြစ်ခဲ့ရင် ဘယ်နေရာက အန္တရာယ်အကင်းဆုံးဖြစ်မလဲဆိုတာ ကြိုရှာထားပါ။ သေချာတယ်ဆိုရင် ဘေးကလူတွေကိုပဲ ကြားအောင် အော်ပြောပေးပါ။ ဥပမာ ဘယ်ဘက်ဘေးက တံခါးပေါက်ဆီကိုသွားပါ။ အဲဒါ အရေးပေါ်ထွက်ပေါက်ပါ ဆိုတာမျိုး၊ ရှေ့နည်းနည်းဆက်သွားရင် လမ်းအကျယ်ရှိတယ် ညာဘက်ကိုချိုးလို့ရတယ်နော် ဆိုတာမျိုးနဲ့ ကြောက်စိတ်ဝင်ပြီး အသိစိတ်လွတ်နေသူတွေကို သတိပေးရင်း အန္တရာယ်ကင်းရာအရပ်ကို ထွက်လို့ရပါတယ်။


၂။ အရေးပေါ်ကျန်းမာရေးစခန်းတွေရဲ့ နေရာ

လူတိုးတဲ့အခါ ကြပ်ညပ်ပြီး အားနည်းနေတဲ့သူတွေ အသက်ရှူမဝဖြစ်ရင်း မူးမေ့လဲတယ်ဆိုတာလဲ ပွဲတိုင်းမှာဖြစ်တဲ့ကိစ္စပါ။ အဲသည်လို ဖြစ်တတ်လို့ပဲ ဘယ်လိုပွဲပဲစီစဉ်သည်ဖြစ်စေ (ဆန္ဒပြချိန်တွေမှာတောင်) အရေးပေါ်ကျန်းမာရေးစခန်းငယ်လေးတွေ ထားထားပေးတတ်ပါတယ်။ အဲ့သည်လိုကျန်းမာရေး စခန်းငယ်လေးတွေ ဘယ်နားမှာရှိမလဲဆိုတာ သိအောင်လုပ်ထားပြီး တစ်ခုခုဖြစ်တာနဲ့ ဘယ်နေရာမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူလို့ရပါတယ်ဆိုတာကိုလည်း ဘေးကလူတွေသိအောင် အော်ပြောပေးလို့ ရပါတယ်။


၃။ ပတ်ဝန်းကျင်အနေအထားနဲ့ ဖြစ်နိုင်တဲ့အန္တရာယ်တွေ

လူစုနေတဲ့နေရာဟာ ပြိုကျနိုင်တဲ့ ဆိုင်းဘုတ်တွေ သစ်ပင်တွေနဲ့နီးနေသလား။ လှေကားအတက်တွေ ကုန်းအတက်နေရာတွေလားဆိုတာကိုလည်း သတိထားပါ။ တစ်ခုခုပြိုကျတဲ့အခါ ကြပ်ညပ်နေတာကြောင့် ရှောင်လို့မရဘဲ ပိမိတတ်သလို လှေကားတွေ၊တောင်ကုန်းအတက်နေရာတွေမှာ လဲကျရင်း လူပြိုကျသလိုဖြစ်ပြီး အဖွဲ့လိုက်ဒဏ်ရာရတတ်တာမို့ ပတ်ဝန်းကျင်အန္တရာယ်တွေကို ကိုယ်တိုင် သတိထားရမယ့်အပြင် ဘေးလူတွေကိုပါ သိအောင်ပြောပေးနေဖို့အရေးကြီးပါတယ်။ ကုန်းအတက်လိုနေရာတွေမှာဆို ဖြည်းဖြည်းတက်ဖို့ အော်ဟစ်သတိပေးရသလို၊ ဆိုင်းဘုတ်တွေ မှတ်တိုင်တွေလို ပြိုကျနိုင်တာတွေရှိရင်လည်း ပြိုတတ်တယ်နော်၊ မတွန်းပါနဲ့ဆိုတာကို တရစပ်သတိပေးနေပါ။

၄။ တစ်ယောက်ယောက်လဲကျသွားခဲ့ရင်

ရောဂါအခံမရှိဘဲ ရုတ်တရက်လဲကျတယ်ဆိုတာ သွေးလှည့်ပတ်မှုအားနည်းလို့ရယ်၊ အသက်ရှူမဝလို့ရယ် ကြောင့် ဖြစ်တာများပါတယ်။ ဒါပေမဲ့ လူသောင်းနဲ့ချီ ကြပ်ညပ်နေတဲ့နေရာမှာ လဲကျသွားတဲ့အခါ ဆက်ဖြစ်လာနိုင်တဲ့အန္တရာယ်က (၂) ခုရှိပါတယ်။

(က) လဲကျသွားသူကို သတိမထားမိဘဲ နင်းမိတာ တွန်းမိတာ။

ဒီလိုကိစ္စမှာတော့ လဲကျသွားတာကို သတိထားမိတာနဲ့ ဘေးပတ်ဝန်းကျင်ကလူတွေသိအောင် အော်ပြောပါ။ လူတစ်ယောက်မူးလဲနေပါတယ်။ မတွန်းပါနဲ့ ခဏရပ်ပေးပါ စသည်ဖြင့် လူတွေကို အဆင့်ဆင့်အော်ခိုင်းပါ။ အဲဒါဆိုရင် အရေးပေါ်ကယ်ဆယ်ရေးလုပ်အားပေးတွေလည်း သတိထားမိသွားမှာဖြစ်သလို ဘာကြောင့်မှန်းမသိဘဲ လူတွေကြောက်လန့်သွားမှာကိုလည်း တားဆီးပြီးသား ဖြစ်သွားပါလိမ့်မယ်။

လဲကျသွားတဲ့လူကို ဇွတ်ဆွဲမထူပါနဲ့။ ဘေးကလူတွေကို နည်းနည်းချဲခိုင်းပြီး လေဝင်လေထွက်ကောင်းအောင် ယပ်ခပ်ပေးတာမျိုးလုပ်ပေးရင်း လှဲထားလိုက်ပါ။ ခြေထောက်ကို ရင်ဘတ်ထက်ပိုမြင့်အောင် ခဏမြှင့်ထားပေးရင်း ကျန်းမာရေးစောင့်ရှောက်မှုပေးမဲ့သူတွေလာမယ့်အချိန်ထိ စောင့်ပေးလိုက်မယ်ဆိုရင် အားလုံး အန္တရာယ်ကင်းပါပြီ။

(ခ) လဲကျသွားတာကို သတိထားမိပြီး ကြောက်အားလန့်အားနဲ့ ပိုတွန်းကြရင်း အသက်ရှူမဝတဲ့သူ မွန်းတဲ့လူပိုများလာ ပိုလဲကျ၊ ပိုကြောက်ရင်း ပိုတွန်းနဲ့ လူရာနဲ့ချီပြီး ဒဏ်ရာရ အသက်ဆုံးရှုံးရ ဖြစ်ရတာမျိုးပါ။

ဒီလိုကိစ္စမျိုးမဖြစ်ဖို့ကတော့ တစ်ယောက်ယောက်လဲကျသွားတာနဲ့ ဘေးလူတွေကို သတိလည်းထားမိအောင် အကြောက်လည်းမလွန်အောင်ပြောဖို့ အရမ်းအရမ်းကို အရေးကြီးပါတယ်။ ရွေ့လျားနေတဲ့ လမ်းလျှောက်နေတဲ့ လူအုပ်ကြီးဆိုရင် ခဏရပ်ဖို့ အဆင့်ဆင့်အော်ပြောပေးပါ။ လှုပ်ရှားနေတဲ့သူတွေ ရပ်သွားပြီးဆိုရင် မွန်းတာတိုးတာတွေလဲ အထိုက်အလျောက်လျော့သွားမှာမို့ မလိုအပ်တဲ့ နောက်ဆက်တွဲတွေကို ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။


၅။ ပွဲစီစဥ်သူတွေအနေနဲ့

ဒါကတော့ ပွဲတစ်ခုစီစဉ်ပြီဆိုတာနဲ့ ဖြစ်နိုင်ချေတွေကို ကြိုတွက်ပြီး ပြင်ဆင်ရမှာမျိုးပါ။ ဟင်းလင်းပြင်မှာလုပ်မယ့်ပွဲလား၊ ခန်းမထဲမှာလား။ မီးလောင်ရင် ဘယ်နားကိုပြေးခိုင်းမှာလဲ ၊ ပေါက်ကွဲမှုတစ်ခုခုဖြစ်ရင် ဘယ်လိုရှောင်တိမ်းခိုင်းမှာလဲဆိုတာတွေကို အသေးစိတ် ပြင်ဆင်ရမှာပါ။

ဒါ့အပြင် လူစုလူဝေးဖြစ်တိုင်း မူးလဲတဲ့သူ တစ်ယောက်နှစ်ယောက်တော့ အမြဲရှိတာမို့ တစ်ယောက်ကစ တစ်ရာနှစ်ရာဖြစ်မသွားဖို့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်မီပေးနိုင်ဖို့လဲ စီစဉ်ရပါမယ်။

ဥပမာ လူတွေသွားလာမဲ့ လမ်းတစ်လျှောက် မီတာ (၁၀၀-၂၀၀) တိုင်းလောက်မှာ တစ်ခုခုဖြစ်ရင် အော်ဟစ်သတိပေးဖို့၊ လိုအပ်ရင်ကယ်ထုတ်ဖို့ rescue team အဖွဲ့ဝင်တွေ စီစဉ်ပေးထားတာမျိုး၊ ပွဲကိုလာမဲ့သူတွေကိုလည်း တစ်ခုခုဖြစ်ရင် ဘယ်နေရာကိုသွားရမယ်ဆိုတာသိအောင် သေချာရှင်းပြထား တာမျိုး လုပ်ကိုလုပ်ထားရမှာဖြစ်ပါတယ်။


ဘယ်လိုပဲ ပြင်ဆင်ထားသည်ဖြစ်စေ လူစုလူဝေးထဲမှာ အရေးပေါ်ကိစ္စဖြစ်တဲ့အခါ ထိန်းသိမ်းရ အလွန်ခက်ခဲတာမို့ သတိကြီးကြီးထားကြဖို့တော့ ထပ်ပြီးသတိပေးခင်ပါတယ်ဗျာ။


အားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပျော်ရွှင်နိုင်ကြပါစေ။


LWINT

Comments

  1. Wheel............dope.🏹🏹🏹

    ReplyDelete
  2. အရင်ကတည်းက လူစုလူဝေးဆို လမ်းလျှောက်သင်္ကြန်နဲ့ ကျောက်တော်ကြီး ဘုရားပွဲလောက်ပဲ
    အခုဆို ဘယ်မှ မသွားတော့ပါဘူး

    ReplyDelete
  3. ကျေးဇူးပါ 💙

    ReplyDelete
  4. ရှင်းသလားလို့ မမေးနဲ့

    ReplyDelete

Post a Comment