သီချင်းကဗျာ

 

သီချင်းကဗျာ ကဗျာသီချင်း (၃)

"သွေးမုန်တိုင်း"


ရင်းနှီးချစ်ခင်သူတွေက 'ကိုပေါ် 'လို့ခေါ်ကြတယ်။ ၈၈ အရေးတော်ပုံကနေ နွေဦးတော်လှန်ရေးအထိ မဖောက်မပြန်  အာဏာရှင်ကို တော်လှန်ခဲ့တဲ့သူ။ ‌သွေးကြောတွေထဲမှာ တော်လှန်စိတ်သာမက အနုပညာဗီဇပါ အားကောင်းမောင်းသန်လှည့်ပတ်စီးဆင်းနေလေရဲ့။ ကလောင်နာမည်ကတော့ 'မင်းကိုနိုင်'။ နရသိန်မှာ ဂူအောင်းစဉ် သီကုံးသန့်စင်ခဲ့တဲ့ ကဗျာတွေထဲက တစ်ပုဒ်။ "သွေးမုန်တိုင်း"။ ဒီကဗျာဟာ နရသိန်မှသည် ပြင်ပလောကထဲကို မြည်ဟည်းရိုက်ခတ်လာခဲ့ပြီး တော်လှန်ရေး‌လောကအတွက် ခွန်အားတွေဖြစ်စေခဲ့ပါတယ်။ အနုပညာချင်းထုံကူးပြီး 'သွေးမုန်တိုင်း'ကဗျာဟာ 'သွေမုန်တိုင်း'သီချင်းဖြစ်လာခဲ့တယ်။ နကိုရည်မပျက် ဂီတအသက်သွင်းပေးသူကတော့ 'ရဲနည်'။

သီဆိုဟစ်ကျူးခဲ့သူက 'မွန်းအောင်'။ 'ငြိမ်းချမ်းရေးတိုက်ပွဲ' ဆိုတဲ့ ၁၉၉၂ က ထွက်ရှိခဲ့တဲ့ တော်လှန်တေးစုထဲက တစ်ပုဒ်အဖြစ် ဘန်ဂေါက်မှာ အသံသွင်းပြီး မြန်မာပြည်တွင်းကို တိတ်တဆိတ်စိမ့်ဝင်ပျံနှံ့ ရိုက်ခတ်ပဲ့တင် နွေဦး‌အထိ သံစဉ်တွေဟာ အားကောင်းကျယ်လောင်နေဆဲပါ။ မူရင်းကဗျာကို ဖတ်ခွင့်မရပေမယ့် ကဗျာထဲက နိမိတ်ပုံနဲ့ရသတွေကိုတော့ မပျက်မကွက် သယ်ဆောင်လာနိုင်တာ အသေအချာပါပဲ။

သီချင်းစာသားကို ဖတ်ရှုခံစားဖို့ မျှဝေလိုက်ပါတယ်။


'သွေးမုန်တိုင်း'

တေးဆို - မွန်းအောင်

စကားလုံး -မင်းကိုနိုင်         သံစဉ် - ရဲနည် (ဧရာဝတီ)

-------------------------------------

လမ်းမထက်ကျတဲ့သွေးတွေ

ပျောက်ပျက်ကာသွားပြီမထင်နဲ့ဟေ့

ချောင်းထဲမှ မြစ်သို့စီးဝင်

သွေးမြစ်တွေ ရဲရဲနီသတဲ့ ဟေ့


(မြစ်တွေထဲမှပင်လယ်ဆီ သမုဒ္ဒရာတွေရဲရဲနီ)၂


နေပူရှိန်မှာ အခိုးအငွေ့တွေပျံလို့ 

သွေးမိုးတိမ်တွေဖွဲ့

ကောင်းကင်နီရဲ 

သွေးမုန်တိုင်း တိုက်ခတ်ပြီဟေ့


(ဟောင်းနွမ်းတဲ့အဆောက်အဦးတွေ ဖြိုဖျက်ပစ်ဖို့

ဖောက်ပြန်တဲ့လူတန်းစားတွေ တိုက်စားပစ်ဖို့)၂

သွေးမုန်တိုင်း တိုက်ခတ်လေပြီ


ဟေး …. မုန်တိုင်းကိုဂုဏ်ပြုကြ

ဟေး …. မုန်တိုင်းမှာပျော်ပါးကြ

ကမ္ဘာသစ်ကို ဖန်တီးမှာ

အင်အားတွေ ဖြည့်ဆည်းပါ


မုန်တိုင်းစဲရင်တော့

ပန်းချီကားတစ်ချပ်ပမာပေါ့

ကမ္ဘာသစ်ဆောက်တည်ကာ ပျော်ပါးကြမှာပဲ။  ။

Comments

  1. ဟောင်းနွမ်းတဲ့အဆောက်အဦးတွေ ဖြိုဖျက်ပစ်ဖို့

    ဖောက်ပြန်တဲ့လူတန်းစားတွေ တိုက်စားပစ်ဖို့

    ReplyDelete
  2. ဦးဦးက ကိုယ့်အိုင်ဒေါ❤️

    ReplyDelete
  3. မုန်တိုင်းစဲရင်တော့

    ပန်းချီကားတစ်ချပ်ပမာပေါ့

    ကမ္ဘာသစ်ဆောက်တည်ကာ ပျော်ပါးကြမှာပဲ။ 

    ReplyDelete

Post a Comment