သီချင်းကဗျာ ၄

 

သီချင်းကဗျာ ကဗျာသီချင်း (၄)

"တိတ်တခိုး"


ဒီတစ်ခါမှာတော့ မောင်စိန်ဝင်း(ပုတီကုန်း) ရဲ့ ကဗျာကို သီချင်းအဖြစ် ဖန်တီးထားပြီး ခင်မောင်တိုးသီဆိုခဲ့တဲ့ "တိတ်တခိုး" ဆိုတဲ့ သီချင်းကို ရွေးထားပါတယ်။ မြန်မာ့ဂီတလောကမှာ ခင်မောင်တိုး ဆိုရင်မသိသူမရှိသလို မြန်မာ့က‌ဗျာလောကမှာလည်း မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာတွေကို ချန်ထားခဲ့လို့မရပါဘူး။ အထူးသဖြင့် ၂၀ ရာစုနှောင်းပိုင်း ကာလတွေမှာ ကြီးပြင်းလာခဲ့ကြတဲ့မျိုးဆက်တွေအတွက်‌တော့ ရင်ခုန်စွဲမက်ခဲ့ရတဲ့ အနုပညာလက်ရာတွေပဲ ဖြစ်ပါတယ်။ အဆောင်ရှေ့က သီချင်းသံတွေမှာ ခင်မောင်တိုးရဲ့ သီချင်းတွေပါဝင်ခဲ့သလို ပန်းနုရောင်စာအိတ်တွေထဲမှာလည်း မောင်စိန်ဝင်းရဲ့ သိင်္ဂါရကဗျာစာသားတွေဟာ နေရာယူခဲ့ကြပါတယ်။ ရင်ခုန်တတ်စ လူငယ်ဘဝရဲ့ သိင်္ဂါရရင်ခုန်သံတွေကို မောင်စိန်ဝင်းရဲ့ ကဗျာစာသားတွေက လှပစေခဲ့ပါတယ်။ "ခင်သွားရင် ရနံ့ပေး၊ ခင်မွှေးရင် ပျော်ရွှင်လို့၊ ခင် မမြင် ခင် မကြည့်ပေမယ့်၊ ခင်သိရင် စိတ်ကျေနပ်ပါရဲ့" ဆိုတဲ့ ကာရန်မျိုးက မောင်စိန်ဝင်းပဲ တတ်နိုင်တယ်ဆိုရင် လွန်မယ်မထင်။ မြန်မာဆန်သလို ကာရန်နဘေလည်းနိုင်းနင်းလှတဲ့ မောင်စိန်ဝင်းရဲ့ "သောကခြေရာရတနာ" ကဗျာစာအုပ်ဟာ အကြိမ်ကြိမ်ရိုက်နှိပ်ထုတ်ဝေခဲ့ရတဲ့ အရောင်းရဆုံးကဗျာစာအုပ်ဖြစ်ခဲ့ပါတယ်။


မောင်စိန်ဝင်းရဲ့ အချစ်ကဗျာ (၁၂) ပုဒ်ကို ရွေးချယ်ပြီး မဇ္ဈိမလှိုင်းအဖွဲ့သားတွေက သီချင်းအဖြစ် ဖန်တီးတင်ဆက်ခဲ့တဲ့ တေးစီရီးတစ်ခုဟာ ၁၉၉၉ မှာ ပရိတ်သတ်ဆီကို ရောက်ရှိလာခဲ့ပါတယ်။ မောင်စိန်ဝင်း နဲ့ ခင်မောင်တိုး ဆိုတာကလည်း စက်မှုတက္ကသိုလ်ကျာင်းသားဘဝကတည်းက ကျောင်းတက်ဘက်လည်းဖြစ် အနုပညာရောင်းရင်းတွေဖြစ်ခဲ့ကြတဲ့အတွက် ဒီသီချင်းခွေဟာ ငယ်သူငယ်ချင်း‌တွေရဲ့ အနုပညာဆုံမှတ်တစ်ခုလို့ ဆိုရမှာပါ။ Title song ဖြစ်တဲ့ "တိတ်တခိုး" ကိုတော့ နိုင်မင်း က သံစဉ်ထည့်သွင်း ဖန်တီးထားပါတယ်။ သံစဉ်ပြေပြစ်အောင် စာသားအနည်းငယ်ပြောင်းလဲထားပေမယ့် မူရင်းရသနဲ့ အလင်္ကာတွေကို မပျက်မကွက် သယ်ဆောင်လာနိုင်တာကလည်း မဇ္ဈိမလှိုင်းရဲ့ ဂီတမှော်အတတ်ပါပဲ။ မူရင်းကဗျာနဲ့ သီချင်းစာသားကို နှိုင်းယှဉ်ခံစားကြည့်ကြရအောင်လား။


"တိတ်တခိုး"

မောင်စိန်ဝင်း(ပုတီးကုန်း)

------------------------------

ပန်းပွင့်တယ်ဆိုတာ

သဘာဝပါ ခင် ။

အလှကြည့်ခံချင်လို့

ပန်ဆင်ပါစေ ရည်စူးပြီး

ဖူးဖွင့် မဆင် ... ။


ခင်ကြိုက်ရင် အညှာကို ချိုးပြီး

ခင်မြတ်နိုးတော့ ပန်ချင် ပန်ပေါ့

မပန်ချင် ခင် မကြိုက်တော့လည်း

ပစ်လိုက်ပေါ့ . . နော် . . . ခင်

ဆင်ချင်မှ ဆင်ပါတော့ ... ။


ခင်ရယ် . . .

မဆင်လို့ပဲ ပစ်ပစ်

မမြင်လို့ပဲ ဖြစ်ဖြစ်ပေါ့

သစ်ရွက်ကြို သစ်ရွက်ကြားက

ခင်သွားရင် ရနံ့ပေး

ခင်မွှေးရင် ပျော်ရွှင်လို့

ခင် မမြင် ခင် မကြည့်ပေမယ့်

ခင်သိရင် စိတ်ကျေနပ်ပါရဲ့

ရွက်ချပ်စို ကြိုအကြားမှာပဲ

ပွင့်သွားတာပေါ့ ... ။ ။

******

"တိတ်တခိုး"

သံစဉ်-နိုင်မင်း

တေးဆို-ခင်မောင်တိုး

--------------------------

ပန်းပွင့်တယ်ဆိုတာ

သဘာဝပါ ခင်

အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေ

ဒီလို ရည်စူးပြီး ဖူးပွင့်လို့ မဆင်

ခင် ကြိုက်ရင် အညှာကိုချိုး

မြတ်နိုးတော့ ပန်ချင်ပန်

မပန်ချင် ပြစ်လိုက်ပေါ့ ဆင်ချင်မှ ဆင်


မဆင်လို့ဘဲ ပြစ်ပြစ် မမြင်လို့ဘဲ ဖြစ်ဖြစ်

ပင်ယံ ဟို စိမ်းရွက်ကြား မွှေးရနံ့ ဆင်

မကြင်လို့ဘဲ ပြစ်ပြစ် မခင်လို့ဘဲ ဖြစ်ဖြစ်

ခင် သိရင် ဒို့ ကျေနပ်လို့

ပင်ထက်မှာ ပွင့်သွားဖို့ အစဉ်


ပန်းပွင့်တယ်ဆိုတာ

သဘာဝပါ ခင်

အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေ

ဒီလို ရည်စူးပြီး ဖူးပွင့်လို့ မဆင်


ခင် ကြိုက်ရင် အညှာကိုချိုး

မြတ်နိုးတော့ ပန်ချင်ပန်

မပန်ချင် ပြစ်လိုက်ပေါ့ ဆင်ချင်မှ ဆင်

မဆင်လို့ဘဲ ပြစ်ပြစ် မမြင်လို့ဘဲ ဖြစ်ဖြစ်

ပင်ယံ ဟို စိမ်းရွက်ကြား မွှေးရနံ့ ဆင်

မကြင်လို့ဘဲ ပြစ်ပြစ် မခင်လို့ဘဲ ဖြစ်ဖြစ်

ခင် သိရင် တို့ ကျေနပ်လို့

ပင်ထက်မှာ ပွင့်သွားဖို့ အစဉ်......

Comments

  1. ပန်းပွင့်တယ်ဆိုတာ

    သဘာဝပါ ခင် ။

    အလှကြည့်ခံချင်လို့

    ပန်ဆင်ပါစေ ရည်စူးပြီး

    ဖူးဖွင့် မဆင် ... ။

    ReplyDelete
  2. Sweet dream all clickers
    🌸🌸🌸

    ReplyDelete
  3. ပန်းပွင့်တယ်ဆိုတာ

    သဘာဝပါ ခင်

    အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေ

    ဒီလို ရည်စူးပြီး ဖူးပွင့်လို့ မဆင်

    ခင် ကြိုက်ရင် အညှာကိုချိုး

    မြတ်နိုးတော့ ပန်ချင်ပန်

    မပန်ချင် ပြစ်လိုက်ပေါ့ ဆင်ချင်မှ ဆင်..
    🍀🍀

    ReplyDelete
  4. Wheel............dope.🏹🏹🏹

    ReplyDelete
  5. ပန်းပွင့်တယ်ဆိုတာ

    သဘာဝပါ ခင် ။

    ReplyDelete
  6. ခုမှသိတယ်
    အဲဒါကြောင့် စကားလုံးတွေလှပြီး နုရွနေတာ⁠♡⁠♡

    ReplyDelete

Post a Comment