သီချင်းကဗျာ ၅

 

သီချင်းကဗျာ ကဗျာသီချင်း (၅)

"ပြုံးပြလိုက်ပါ အချစ်ရေ"


မြန်မာပြည်ရဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့ ကြိုးပမ်းမှုတွေဟာ ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့တယ်။ အဲဒီကြိုးပမ်းမှုတွေထဲမှာ မှိုင်းရာပြည့် အရေးအခင်းဟာလည်း အထင်ကရတစ်ခု။ ၁၉၇၆ မတ်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ သခင်‌ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည့်‌မွေ့နေ့ ကို အကြောင်းပြုပြီး ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတစ်ရပ်။ ဆလှိုင်းတင်မောင်ဦးအပါအဝင် ကျောင်းသားခေါင်းဆောင် အများအပြား မတရားဖမ်းဆီးခံခဲ့ကြရတယ်။  မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကဗျာဆရာ ဘုန်းနွယ်လင်း(စက်မှုတက္ကသိုလ်) ဟာ နရသိန်နေ့ရက်များကို ဖေါ်ကျူးတဲ့ ကဗျာတစ်ပုဒ်ကို ၁၉၇၆ ခုနှစ်မှာပဲ ရေးဖွဲ့ခဲ့ပါတယ်။ ကဗျာခေါင်းစဉ်က "မတ်လရဲ့ပန်းပွင့်များ"တဲ့။ ကဗျာကို အရင်ဖေါ်ပြလိုက်ပါတယ်။


မတ်လရဲ့ပန်းပွင့်များ

----------------------

ဘုန်းနွယ်လင်း (စက်မှုတက္ကသိုလ်)


တိုင်းပြည်ရဲ့ ဝမ်းဗိုက်ကို 

မီးလောင်တိုက်သွင်းတဲ့အခါ 

ကျွန်တော်ချစ်တဲ့လွယ်အိတ်ကလေးဟာ

အိမ်နံရံထက်မှာ ကျန်ခဲ့ပေါ့။


အလျား လေးလှမ်းခွဲ အနံ လေးလှမ်း 

လုံးတီးဆန် ပဲဟင်းစားရင်း ...

အားလုံးအပေါ် သစ္စာရှိခဲ့တယ်။ 


အကျဉ်းသားအမှတ် ၄၅၅၅ 

ရက်စက်မှုများကျော်လွှား 

နေ့ရက်များစွာ မှတ်ကျောက်တင်ခံခဲ့ပေါ့။


အမှောင်ခေတ်မှာ

ထောင်ဆိုတာ သူရဲကောင်းပြတိုက်ဖြစ်တယ်။


မျက်ရည် မကျပါနဲ့

ပြုံးပြလိုက်ပါအချစ်ရေ

ကြည်လင်တဲ့ကောင်းကင်အောက်

တိမ်ပြာပြာနေ့တစ်နေ့

တို့ ပြန်လည်ဆုံတွေ့ ကြမယ်။


လောလောဆယ်မှာတော့ ... 

အနာဂတ်ဘုရားအတွက် 

ခန္ဓာကိုယ်တံတားထိုး 

ရိုကျိုးပူဇော်ခဲ့ပါပြီ။   ။


ဒီကဗျာဟာ ခေတ်ပြိုင်တွေရဲ့ရင်ကို လှုပ်ခတ်ပဲ့တင်စေခဲ့ပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြပါတယ်။ ပြောင်‌မြောက်လှတဲ့ ကဗျာစာသားဟာ ဂီတသမားတစ်ယောက်ရင်ဘတ်ထဲကို နက်ရှိုင်းစွာတိုးဝင်သွားတဲ့အခါမှာတော့ သီချင်းတစ်ပုဒ်အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ သီချင်းအဖြစ် ပြန်လည်ဖန်တီးသူကတော့ ဂီတလောကသားတွေ လေးစားကြတဲ့ ဘေ့(စ်)ဂစ်တာသမား ဆလိုင်းဇာလျန်း။ သီချင်းနာမည်ကတော့ "ပြုံးပြလိုက်ပါ အချစ်ရေ"။ ဒီသီချင်းကို ကိုဇာလျန်းကိုယ်တိုင် "ပြဒါးတစ်လမ်း သံတစ်လမ်း" စီးရီးမှာ သီဆိုထားတာလည်းရှိသလို အဆိုတော် ရာပြည့် ကလည်း ၁၉၈၆ မှာထွက်ခဲ့တဲ့ သူ့ရဲ့ "တစ်ကောင်တည်းပဲ ဒါပေမဲ့ ခြင်္သေ့" စီးရီးမှာ ထည့်သွင်းသီဆိုခဲ့ပါတယ်။ ဒီသီချင်းဟာ ကဗျာတစ်ပုဒ်လုံးကို အသုံးပြုထားတာမဟုတ်ဘဲ နိမိတ်ပုံအားကောင်းတဲ့ နောက်ဆုံးနှစ်ပိုဒ်ကိုပဲ ယူပြီး ‌ရှေ့မှာ ကိုဇာလျန်းရဲ့ စာသားနှစ်ပိုဒ်ကို ဖြည့်ပြီး ဖန်တီးထားတာပါ။ အသံမထောက်အောင် "နော်" တစ်လုံးထည့်ထားတာနဲ့ အဆုံးသတ်မှာ "ပူဇော်ခဲ့ပါပြီ" ကို "ပူဇော်ခဲ့ရပြီ" လို့ ပြောင်းထားတာကလွဲရင် ကဗျာစာသားအတိုင်း မပြောင်းမလဲ အသုံးပြုထားတာကလည်း ကဗျာချစ်သူတွေအတွက် နှစ်သက်ဖွယ်ဖြစ်စေပါတယ်။ တချို့ကဗျာတွေက စကားလုံးတိုင်းမှာ အသက်ပါ‌နေတာမျိုး မဟုတ်လား။ ကိုဇာလျန်းရဲ့ သီချင်းစာသားကိုလည်း ဖတ်ရှုခံစားကြည့်ပါဦး။


"ပြုံးပြလိုက်ပါ အချစ်ရေ"

ဆို - ရာပြည့်

ရေး - ဘုန်းနွယ်လင်း/ဇာလျန်း

--------------------------------

မင်းကိုသတိရတိုင်း

ပန်းလေးတစ်ပွင့်ပွင့်ခဲ့ရင်

ကမ္ဘာမြေတခွင်လုံး

ပွင့်ပန်းများ ဖုံးလွှမ်းမယ်။


မင်းကိုတွေးမိတိုင်း

ကြယ်လေးတစ်စင်းကျကြွေခဲ့ရင်

စကြာဝဠာတခွင်လုံး

ကြယ်တွေဆိတ်သုဉ်းလို့  အလှတုံးမယ်။ 


မျက်ရည်မကျပါနဲ့

ပြုံးပြလိုက်ပါ အချစ်ရယ် 

ကြည်လင်တဲ့ကောင်းကင်အောက်

သာယာတဲ့နေ့တစ်နေ့

တို့ ပြန်လည်ဆုံစည်းကြမယ်နော် 


လောလောဆယ်မှာတော့ 

အနာဂတ်ရဲ့ ဘုရားအတွက်

ခန္ဓာကိုယ် တံတားထိုး

ရိုကျိုး ပူဇော်ခဲ့ရပြီ။    ။

Comments

  1. ကြည်လင်တဲ့ကောင်းကင်အောက် တိမ်ပြာပြာနေ့တစ်နေ့
    ပြန်လည်ဆုံတွေ့ကြမယ်

    ReplyDelete
  2. 1st mnt မှာ own tunes တွေပါသွားတယ်🙂

    ReplyDelete
  3. လောလောဆယ်မှာတော့

    အနာဂတ်ရဲ့ ဘုရားအတွက်

    ခန္ဓာကိုယ် တံတားထိုး

    ရိုကျိုး ပူဇော်ခဲ့ရပြီ။ ။


    ReplyDelete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. Wheel............dope.🏹🏹🏹

    ReplyDelete
  6. မျက်ရည်မကျပါနဲ့ ပြုံးပြလိုက်ပါ ဒါယိကာမရယ်။😁

    ReplyDelete

Post a Comment